အင်္ဂါ၊ ဇူလိုင်လ ၂ရက်၊ ၂၀၂၄

အမ်းမြို့နယ်၊ လုံးရွာအနီးတွင် အာရက္ခတပ်တော်နှင့် စစ်ကောင်စီတပ်တို့ တိုက်ပွဲဖြစ်


  • ရေးသူ: Web Master
  • | ရက်စွဲ: ၁၁ မေ ၂၀၂၄
  • | ကြည့်ရှုသူ: 1.9k

(အာရက္ခတပ်တော်မှ အနောက်ပိုင်းတိုင်းစစ်ဌာနချုပ်သို့ လက်နက်ကြီးကျည်ဖြင့်  ပြန်လည်ပစ်ခတ်)

သဥ္ဇာနွယ်

နိရဥ္စရာ၊ မေ ၁၁/ ၂၀၂၄

ရခိုင်ပြည်၊အမ်းမြို့နယ်၊ လုံးရွာအနီးတွင် အာရက္ခတပ်တော်နှင့်စစ်ကောင်စီတပ်တို့ တိုက်ပွဲဖြစ်ပွားခဲ့ကြောင်း သတင်းရရှိသည်။

အမ်းမြို့နယ်၊ လုံးကျေးရွာတွင် တပ်စွဲနေထိုင်ကြသည့် တပ်ပေါင်းစုတပ်များနှင့် အာရက္ခတပ်တော်(AA)တို့  ယမန်နေ့ ညနေ ၄ နာရီခန့်က ထိတွေ့တိုက်ပွဲဖြစ်ပွါးခဲ့ကြောင်း အမ်းဒေသခံတစ်ဦးက နိရဥ္စရာ သတင်းဌာနသို့ ပြောသည်။

“ လုံးရွာမှာက ခမရ (၃၇၁)တို့၊ ခမရ (၃၇၂)တို့၊ ထောက်ပို့တပ်တို့ ခမရ (၃၇၃)တို့ အဲ့လိုတပ်ပေါင်းစုပြီးနေကြတာပါ။ သူတို့က ရွာသားတွေကို နှင်ထုတ်ပြီး တပ်စွဲထားတာ ကြာပြီ။ အဲ့ဒီစစ်ကောင်စီတပ်တွေနဲ့ အာရက္ခတပ်တော်တို့ ညနေ၄နာရီကနေ ၅ နာရီခွဲလောက်အထိဖြစ်ခဲ့တယ်။ အဲ့ဒီရွာက ထွက်လာတဲ့စစ်ကြောင်းနဲ့ ထိတွေ့တိုက်ပွဲဖြစ်ခဲ့တဲ့သဘောပါ။ အထိအခိုက်တော့ မသိရသေးဘူး” ဟုပြောသည်။

အာရက္ခတပ်တော်ဖက်မှလည်း စစ်ကောင်စီ၏အနောက်ပိုင်းတိုင်းစစ်ဌာနချုပ်သို့ လက်နက်ကြီးကျည်များဖြင့် ပစ်ခတ်ခဲ့ပြီးစစ်ဌာနချုပ်၏အနောက်ဖက်တောများတွင် ကျရောက်ပေါက်ကွဲခဲ့သည်ဟု အမ်းမြို့မှ အမျိုးသားတစ်ဦးက နိရဥ္စရာ သတင်းဌာန ကိုပြောသည်။

“ မနေ့ကတိုက်ပွဲဖြစ်တုန်းကတော့ အနောက်ပိုင်းတိုင်းစစ်ဌာနချုပ်ကို လက်နက်ကြီးကျည်နဲ့ပြန်ပစ်ခဲ့တယ်။ ဌာနချုပ်ထဲကိုတော့ လက်နက်ကျည် ကျမသွားဘူး။ တောထဲဘက်ကို ကျည်နှစ်လုံးသုံးလုံးကျသွားတယ်” ဟုပြောသည်။

ယမန်နေ့ မေလ ၁၀ ရက်နေ့ကလည်း အမ်းမြို့သို့ စစ်ကူအင်အားပို့ဆောင်ရန်လာသော စစ်ကောင်စီ  စစ်နေဗီတစ်စီးနှင့် ဇက်ရေယာဉ် နှစ်စီးသည် အာရက္ခတပ်တော် (AA) မှ ပိတ်ဆို့ထားသဖြင့် ကမ်းမကပ်နိုင်ဘဲ လှည့်ပြန်သွားခဲ့ကြသည် သိရသည်။

အမ်းမြို့တွင် ယခုရက်ပိုင်းအတွင်း ဒရုန်းဖြင့်ကင်းလှည့်ခြင်းများရှိပြီး၊ ယနေ့ မေလ ၁၁ ၇က်နေ့ နံနက်ပိုင်းက မကွေးတိုင်းဒေသကြီး ပဒါန်းမြို့မှ အမ်းမြို့သို့ စစ်ကောင်စီ၏ လူစီးကား(အံ့စာတုံး)(၇)စီးနှင့် ၁၂ဘီး ကုန်ကား (၃)စီးသည် အမ်းရိုးမပေါ်ရှိ ဂုတ်ကြီးအနီးသို့ရောက်ရှိနေပြီး ကားပေါ်တွင် မည်သည့် ပစ္စည်းပါရှိသည်ကို မသိရသေးကြောင်း အမ်းဒေသခံများကပြောသည်။

အမ်းမြို့နယ်တွင်  မတ်လ၂၄ ရက်ကတည်းက အာရက္ခတပ်တော်နှင့် စစ်ကောင်စီတို့ တစ်ကျော့ပြန်တိုက်ပွဲ စတင်ခဲ့ပြီး တိုက်ပွဲမှာ တစ်လကျော်ကြာမြင့်ပြီဖြစ်ကာ စစ်‌ကောင်စီဖက်မှ လက်နက်အင်အားဖြည့်တင်းခြင်း၊ စစ်အင်အားဖြည့်တင်းခြင်းများ ပိုမိုပြုလုပ်လာသဖြင့် တိုက်ပွဲမှာ အရှိန်ပြင်းထန်လာနိုင်သည်ဟု နိုင်ငံရေးလေ့လာသူများက ခန့်မှန်းကြသည်။


ဆက်စပ် သတင်းများ