ကြာသပတေး၊ အောက်တိုဘာလ ၃၁ရက်၊ ၂၀၂၄

ဘူးသီးတောင်မြို့အဝင် စစ်ကောင်စီတပ်ရင်း ၂ ခုအား AA ထပ်မံသိမ်းပိုက်လိုက်ပြီဟု ဒေသခံများပြောဆို


  • ရေးသူ: Web Master
  • | ရက်စွဲ: ၁၂ မေ ၂၀၂၄
  • | ကြည့်ရှုသူ: 2.2k

နောင်မင်းသူ၊ နိရဉ္စရာ၊ မေ ၁၂ ရက်/၂၀၂၄

ရခိုင်ပြည်နယ်၊ဘူးသီးတောင်မြို့အဝင် စစ်ကောင်စီတပ်ရင်း ၂ ခု အား မေလ ၁၂ ရက်နေ့၌ အာရက္ခတပ်တော် (AA) မှ ထိုးစစ်ဆင် တိုက်ခိုက်သိမ်းပိုက်လိုက်ပြီဟု ဘူးသီးတောင် ဒေသခံတစ်ဦးက ပြောကြားသည်။

၎င်းတပ်ရင်းနှစ်ခုမှာ ဘူးသီးတောင်မြို့အဝင် ငကျိန်တောက်ကျေးရွာကျော်လမ်းတွင် အခြေစိုက်ထားသည့် ခြေမြန်တပ်ရင်း ခမရ ၃၄၅ နှင့် ၃၅၂ တပ်ရင်းများဖြစ်ကြသည်။

၎င်းက  "သိရတာက ဘူးသီးတောင်မြို့အဝင် ငကျိန်တောက်ကျေးရွာကျော်လမ်း က ခြေမြန်တပ်ရင်း ခမရ (၃၄၅) နဲ့  (၃၅၂) တပ်ရင်းတွေကို ဒီနေ့မှာ အေအေတပ်တော်ဖက်က ထိုးစစ်ဆင် တိုက်ခိုက် သိမ်းပိုက်လိုက်ပြီဖြစ်တယ်လို့ သိရတယ်။ ခမရ ၃၄၅ ကသေချာတယ်။ နောက်တပ်ရင်းတစ်ခုက  ၃၅၂ တပ်ရင်းလို့ သိရတယ်။ အဲဒီတပ်ရင်းက နံပတ် တူ/ မတူ စိစစ်နေပါတယ်"လို့ ပြောကြားသည်။

စစ်ကောင်စီက အဆိုပါ တိုက်ပွဲများအတွင်း ဂျက်လေယာဥ် ၂ စီးဖြင့် နှစ်ကြိမ် နေ့ လယ် ၃ နာရီ ၌ တစ်ကြိမ် ၄ နာရီ၌ တစ်ကြိမ် ဗုံးလာကြဲချခဲ့ကြောင်း မျက်မြင်ဒေသခံတွေကပြောဆိုသည်။

“  ဒီနေ့ မနက် ၁၀ နာရီ နဲ့  ၁၂ နာရီမှာ  စစ်ရဟတ်ယာဉ် ၂ စီးနဲ့  စစ်တပ်က အရာရှိကြီးတွေကို  ကယ်ထုတ်သွားတယ်လို့လည်း ကြားရတယ်။  ဂျက်တိုက်လေယာဉ် ၂ စီးနဲ့လည်း စစ်ကူတိုက်ခိုက်ခဲ့တာ ရှိတယ်။  ဂျက်ဖိုက်တာ ၂ စီးနဲ့ နှစ်ကြိမ်ဗုံးလာချတာ။ မောင်တောဖက်ကတောင်ကြားနေရတယ်။ အဲဒီနောက်ပိုင်း တပ်ရင်း နှစ်ခုကို အေအေက သိမ်းပိုက်လိုက်တယ်လို့ သိရပါတယ်"ဟု ပြောကြားသည်။

၎င်းတပ်ရင်းနှစ်ခုအား သိမ်းပိုက်လိုက်ခြင်းနှင့် ပတ်သက်ပြီး အာရက္ခတပ်တော်ဖက်မှ တစ်စုံတစ်ရာ တရား၀င် သတင်းထုတ်ပြန်ခြင်း မရှိ​သေး၍ နိရဉ္စရာသတင်းဌာန အနေဖြင့် သီးခြား အတည်ပြုနိုင်ခြင်းတော့ မရှိသေးပါ။

ဘူးသီးတောင်တိုက်ပွဲနှင့် ပတ်သက်ပြီး လေယာဉ်များဖြင့် ဗုံးကြဲသံများ၊ ရဟတ်ယာဉ်များပျံသန်းသည့် အသံများကို မောင်တောမြို့နယ်ကပင် ကြားရသည်ဟု ဆိုသည်။

ဘူးသီးတောင်မြို့အဝင် ငကျိန်တောက်ကျော်လမ်းတစ်လျှောက်တွင် လက်ကျန်ခြေမြန်တပ်ရင်း (ခမရ) ၃၄၅၊ ၃၅၂၊ ၃၅၃၊ ၅၃၅ နှင့် ခြေလျင် တပ်ရင်း(ခလရ) ၂၃၃၊ ၂၃၄၊ ၂၆၃ အမြောက်တပ်ရင်း (အမတ) ၃၇၈ တို့ တည်ရှိပြီး ထိုအထဲမှ တပ်ရင်း  ၃၄၅နှင့် ၃၅၂ တပ်ရင်းတို့ကို ထပ်မံပြီး အာရက္ခတပ်တော် (AA) က ထပ်မံ ထိုးစစ်ဆင်တိုက်ခိုက် သိမ်းပိုက်လိုက်ခြင်းဖြစ်သည်။

အာရက္ခတပ်တော်(AA)သည်  ဘူးသီးတောင်မြို့ အရှေ့ဖက် ချောင်းတစ်ဖက်ကမ်းရှိ စစ်ဆင်ရေး ကွပ်ကဲမှုဌာနချုပ်စကခ(၁၅)နှင့် လက်အောက်ခံတပ်ရင်း ခမရ ၅၅၁၊ ၅၅၂၊ ၅၆၄၊  ၅၆၅ တို့အား မေလ ၃ ရက်နေ့တွင် အပြီးသတ်သိမ်းပိုက်ထားပြီဖြစ်ကာ ဘူးသီးတောင်မြို့အရှေ့ဘက်တစ်ခြမ်းလုံးကို စိုးမိုးထိန်းချုပ်ထားပြီဟု သိရသည်။

ကျန်ရှိနေသေးသည့် တပ်ရင်းများကိုလည်း ဆက်လက်ထိုးစစ်ဆင် တိုက်ခိုက်နေကြောင်း သိရသည်။(ဓာတ်ပုံ- ပုံဟောင်းသာ)

ဆက်စပ် သတင်းများ