စနေ၊ ဇူလိုင်လ ၂၇ရက်၊ ၂၀၂၄

ဘူးသီးတောင် အခြေစိုက်တပ်ရင်းများ ထပ်မံသိမ်းပိုက်ခံနေရ၍ စစ်ကောင်စီကလေယာဥ်များဖြင့် ညအချိန်ထိ အကြီးအကျယ်ဗုံးကြဲတိုက်ခိုက်နေ


  • ရေးသူ: Web Master
  • | ရက်စွဲ: ၁၂ မေ ၂၀၂၄
  • | ကြည့်ရှုသူ: 2.3k

(ညတိုက်ပွဲ အပြင်းအထန်ဆက်လက်ဖြစ်ပွားနေ)

နောင်မင်းသူ၊ နိရဉ္စရာ၊ မေ ၁၂ ရက်/၂၀၂၄

ရခိုင်ပြည်နယ်၊ဘူးသီးတောင်မြို့အဝင် နှင့် ငကျိန်တောက်ကျော်လမ်း အခြေစိုက် တပ်ရင်း ၂ ခု အား မေလ ၁၂ ရက်နေ့၌ အာရက္ခတပ်တော် (AA) မှ ထိုးစစ်ဆင် တိုက်ခိုက် သိမ်းပိုက်လိုက်ပြီး​နောက် စစ်ကောင်စီက ဂျက်တိုက်လေယာဥ်များဖြင့် ဆက်တိုက် ဗုံးကြဲတိုက်လိုက်လျှက်ရှိသည်ဟု သိရသည်။

"ဒီနေ့မှာ ဂျက်တိုက်လေယာဥ် ၂ စီး နဲ့ လာပြီး ဗုံးကြဲတာ ၄ ကြိမ် ၅ ကြိမ်လောက်ရှိနေပြီ။ ညအချိန်လည်း လာပြီး ဗုံးလာကြဲနိုင်တယ်။ သိရတာက ဘူးသီးတောင်ဗျူဟာလမ်းက စစ်ကောင်စီ တပ်ရင်း ၂ ခုကို အေအေ ကသိမ်းတယ်လို့သိရတယ်။ အခုလို ဂျက်တိုက်လေယာဥ်နဲ့ အကြိမ်ကြိမ် ဗုံးလာကြဲနေပုံကို ထောက်ရင် တပ်ရင်းတပ်ဖွဲ့ ၂ ခုမက အေအေလက်ထဲ ကျသွားပြီ ထင်ပါတယ်။ ဒီနေ့ လေကြောင်းတိုက်ခိုက်မှုက တော်တော်လေးပြင်းထန်နေတယ်" ဟု ပြောကြားသည်။

ယနေ့တွင် အာရက္ခတပ်တော်မှ ဘူးသီးတောင်မြို့အဝင် ငကျိန်တောက်ကျေးရွာကျော်လမ်းတွင် အခြေစိုက်ထားသည့် ခြေမြန်တပ်ရင်း ခမရ ၃၄၅ နှင့် ၃၅၂ တပ်ရင်းများအား သိမ်းပိုက်လိုက်ပြီဟု သတင်းများ ထွက်ပေါ်နေသည်။

ဘူးသီးတောင်မြို့အဝင်တွင် ကျန်ရှိနေသည့် ခမရ  ၃၄၅၊  ၃၅၃၊ ၅၃၅ နှင့် ခလရ  ၂၃၃၊ ၂၃၄၊ ၂၆၃ တို့အပြင် အမြောက် တပ်ရင်း (အမတ) ၃၇၈ တို့ကိုလည်း AA က ထိုးစစ်ဆင် တိုက်ခိုက်လျက် ရှိနေသည်ဟု သိရသည်။

ထိုအတူ ဘူးသီးတောင်အခြေစိုက်စစ်ဆင်ရေးကွပ်ကဲမှုးဌာနချုပ် စကခ(၁၅) နင့် ခမရ ၅၅၁၊ ၅၅၂၊ ၅၆၄ နှင့်  ၅၆၅ တပ်ရင်း တို့အား အာရက္ခတပ်တော်(AA)မှ သိမ်းပိုက်လိုက်​ပြီးပြီးနောက် ဘူးသီးတောင်မြို့ အဝင်ရှိ စစ်ကောင်စီဗျူဟာနှင့် တပ်ရင်းတပ်ဖွဲ့များအား အပြီးသတ် သိမ်းပိုက်နိုင်ရန်  ဆက်လက် ထိုးစစ်ဆင်တိုက်ခိုက်နေကြောင်း သိရသည်။

နောက်ဆုံးရရှိသော သတင်းများအရ အေအေက တခြား ကျန်တပ်ရင်းများ ပြင်းပြင်းထန်ထန် ထိုးစစ်ဆင်တိုက်ခိုက်နေသဖြင့် တိုက်ပွဲမှာ ညအချိန်ထိ အပြင်းအထန်ဖြစ်ပွားလျှက်ရှိနေကြောင်း သိရသည်။

စစ်ကောင်စီဘက်ကလည်း  ယနေ့ ည ၉ နာရီ ၃၀ မိနစ်ခန့်တွင် ဂျက်ဖိုက်တာဖြင့် လာရောက် ဗုံးကြဲတိုက်ခိုက်ခဲ့သည်ဟု ဒေသခံများက သတင်းပေးပို့လာသည်။

ဆက်စပ် သတင်းများ