Preview

ဘူးသီးတောင်မှ မောင်တောသို့ တပ်ဆုတ်လာသည့် စစ်ကောင်စီတပ်ဖွဲ့များကို AA က နှစ်ဖက်ညှပ် တိုက်ခိုက်နေ၍ တိုက်ပွဲပြင်းထန်စွာဖြစ်ပွားနေ

မေ ၁၄/ ၂၀၂၄ | ကြည့်ရှုသူ :5400
ရခိုင် သတင်း

နောင်မင်းသူ၊နိရဉ္စရာ၊ မေ ၁၄ ရက်/၂၀၂၄

ရခိုင်ပြည် အနောက်ဘက်နယ်စပ် ဘူးသီးတောင်မြို့မှ မောင်တောမြို့နယ်ဘက်သို့တပ်ဆုတ်လာသည့် စစ်ကောင်စီတပ်ဖွဲ့ဝင်များနှင့် အာရက္ခတပ်တော် (AA) တို့အကြား  မောင်တော-ဘူးသီးတောင် ငကျည်တောက်ကျော်လမ်း၌ယနေ့ နံနက် ၅ နာရီမှ စတင်ပြီး တိုက်ပွဲ အပြင်းအထန်ဖြစ်ပွားနေသည်ဟုသတင်းရရှိသည်။

" ဘူးသီးတောင်ဖက်ကလက်ကျန်တပ်ရင်းတပ်ဖွဲ့တွေ ကို အေအေကအလုံးအရင်းနဲ့ တိုက်ခိုက်နေတယ်။ အခု တပ်ရင်း၄ ခုအထိ ကျသွားပြီ။နောက်ကျန်နေတဲ့ တပ်ရင်းတွေကိုထိုးစစ်ဆင်တိုက်ခိုက်လာတော့ စစ်သားတွေက ငကျည်တောက်ကျော်လမ်းကမောင်တောဖက်ကို နောက်ဆုတ် ထွက်ပြေးလာကြတာ ရှိတယ်။ အဲဒီစစ်ကောင်စီတပ်တွေကိုအေအေက မောင်တောဘက်ကရော ဘူးသီးတောင်ဖက်ကပါနှစ်ဖက်ပိတ်ပြီး ရှင်းလင်းနေတယ်လို့သိရတယ်။ ဒါကြောင့်တိုက်ပွဲက အရမ်းပြင်းထန်နေပါတယ်" ဟု ပြောဆိုသည်။

ယနေ့ မေလ ၁၄ ရက် မနက် ၅ နာရီမှစပြီး လက်နက်ကြီး လက်နက်ငယ်ပစ်သံများကို အဆက်မပြတ် ကျယ်လောင်စွာကြားနေရသည်ဟုမောင်တော ဒေသခံများကနိရဉ္စရာသတင်းဌာနသို့ ပြောသည်။

"ဒီနေ့မနက် ၅ နာရီကတည်းက တိုက်ပွဲဖြစ်နေကြတာ။  လက်နက်ကြီး လက်နက်ငယ်နဲ့ စက်သေနတ်သံတွေကို ငကျည်တောက်ဘက်က  ဆူညံစွာကြားနေ၇တယ်။ Y-12 ဆက်တိုက် ဗုံးကြဲချနေတယ်။ မောင်တော နခခ(၂)ကလည်း လက်ကြီးပစ်ကူပေးနေတယ်။ အေအေဖက်ကလည်း ကျီးကန်းပြင်ဘက်ကနေ  လက်နက်ကြီးတွေနဲ့ ပစ်ပြီးတိုက်နေတယ်။ ဒေသတစ်ခုလုံး သေနတ်သံတွေနဲ့ ဆူညံနေတယ်"ဟု ပြောကြားသည်။

ဘူးသီးတောင်မြို့ အဝင်၀ရှိ စစ်ကောင်စီ တပ်ရင်းတပ်ဖွဲ့များဖြစ်ကြသည့်  ခြေမြန်တပ်ရင်း (ခမ၇)၃၄၅၊ ၃၅၂၊ ၃၅၃၊ ၅၃၅ နှင့် တို့အား မေလ ၁၂ ရက် နေ့ နှင့် မေလ ၁၃ ရက်နေ့ ၌ AAမှသိမ်းပိုက်ထားပြီးဖြစ် သည်။

လက်ကျန်တပ်ရင်းတပ်ဖွဲများဖြစ်ကြတဲ့ခြေလျင်တပ်ရင်း(ခလ၇) ၂၃၃၊ ၂၃၄၊ ၂၆၃ တို့အပြင် အမြောက်တပ်ရင်း (အမတ) ၃၇၈ နှင့်ဗျူဟာတပ်များအားအေအေမှဆက်လက် ထိုးစစ်ဆင် တိုက်ခိုက်နေရာ စစ်ကောင်စီတပ်သာများမှာမောင်တောဘက်သို့ ထွက်ပြေးနေကြသည်ဟု သိ၇သည်။

“ မောင်တောနယ်မှာရော၊ဘူးသီတောင်ဘက်မှာရော ထောင်နဲ့ ချီပြီး အာရက္ခတပ်တော်က နေရာယူထားတာ။ ဘူးသီးတောင်-မောင်တောကားလမ်းကိုလည်း အေအေက ထိန်းချုပ်ထားတယ်။ အေအေက ဝိုင်းထားတော့ ဘူးသီးတောင်ကစစ်တပ်တွေအတွက် ထွက်ပေါက်ဆိုလို့ မောင်တောဖက် တစ်ပေါက်ဘဲကျန်တယ်။ ဒါကြောင့် ဒီမောင်တောဘက်ကိုတောင်ကျော်လမ်းကနေ သူတို့ တပ်ဆုတ်တာ။ ဒါကို တပ်တော်က နှစ်ဖက်ညှပ်ပြီး တိုက်ခိုက်နေကြတာ” ဟုအနီးကပ် စစ်ရေးအခြေအနေကို စောင့်ကြည့်နေသူ မောင်ဒေသခံတစ်ဦးက  ပြောဆိုသည်။

ဘူးသီးတောင်မြို့ပေါ်ရှိ စစ်ကောင်စီတပ်ရင်းများအားလုံးသည်များမကြာမီ အာရက္ခတပ်တော် လက်အောက်သို့ ကျရောက်သွားနိုင်ပြီး ဘူးသီးတောင်မြို့နယ်မှ အကြီးဆုံး စစ်ဆင်ရေး ကွပ်ကဲမှု ဌာနချုပ် စကခ(၁၅)ကိုအေအေ သိမ်းပိုက်လိုက်ပြီးကတည်းက စစ်သားများမှာ အကြီးအကျယ် စိတ်ဓာတ်ကျနေကြသည်ဟု ၎င်းကပြောဆိုသည်။

စကခ (၁၅) လက်အောက်ခံ ခြေမြန်တပ်ရင်း (၅၅၂) စခန်းအား ပြီးခဲ့သည့် မတ်လ(၂၅) ရက်တွင် အေအေက  အပြီးသတ် သိမ်းပိုက်လိုက်ပြီး ခမ၇ (၅၆၄)တပ်ရင်းဌာနချုပ်အား လည်းဧပြီလ (၅) ရက်နေ့  နံနက် (၈) နာရီအချိန်တွင် အာရက္ခတပ်တော်မှ အပြီးသတ်သိမ်းပိုက်ရရှိခဲ့သည်။

ထို့အတူဘူးသီးတောင်အခြေစိုက်စစ်ဆင်ရေးကွပ်ကဲမှုးဌာနချုပ်စကခ(၁၅) နှင့်ခမ၇ ၅၅၁၊ ၅၆၅ တို့အား အာရက္ခတပ်တော်(AA)မှပြီခဲ့သည့် မေလ ၃ ရက်နေ့တွင် အပြီးသတ်သိမ်းပိုက်လိုက်ပြီးနောက် ကျန်ရှိနေသေးသည့် ဘူးသီးတောင်မြို့အဝင်ရှိစစ်ကောင်စီဗျူဟာနှင့်  တပ်ရင်းတပ်ဖွဲ့ များအားအပြီးသတ်သိမ်းပိုက်နိုင်ရန် အေအေမှထိုးစစ်ဆင်တိုက်ခိုက်နေခြင်းဖြစ်သည်။

#တိုက်ပွဲ
မင်္ဂလာပါ လူကြီးမင်းတို့ခင်ဗျာ။ ကျနော်တို့မီဒီယာဆက်လက်ရပ်တည်ရှင်သန်ရေးအတွက် လူကြီးမင်းတို့ရဲ့ပူးပေါင်းဆောင်ရွက်မှုနဲ့ ကူညီမှုတွေကို အထူးလိုအပ်နေပါတယ်။
နိရဉ္ဇရာလှူရန်

ဆက်စပ် အကြောင်းအရာများ

တစ်နေ့တာ၏ အရေးကြီးဆုံး ပြည်တွင်းပြည်ပ သတင်းများနှင့် အဖြစ်အပျက်များကို လစဥ် လူကြီးမင်း၏ အီးမေလ်းထဲသို့ ရယူနိုင်ပါသည်

နောက်ဆုံးရသတင်းများ

တစ်နေ့တာ၏ အရေးကြီးဆုံး ပြည်တွင်းပြည်ပ သတင်းများနှင့် အဖြစ်အပျက်များကို လစဥ် လူကြီးမင်း၏ အီးမေလ်းထဲသို့ ရယူနိုင်ပါသည်
© 2024 Narinjara News. All rights reserved.