ကံ့ကော်နီနီ ၊နိရဉ္စရာ၊ မေ ၁၄ / ၂၀၂၄
ရခိုင်ပြည်၊ကျောက်ဖြူမြို့နယ်၊ နှမ်းဖဲတောင်ကျေးရွာကိုစစ်ကောင်စီတပ်က လက်နက်ကြီးပစ်ခတ်မောင်းထုတ်၍ ရွာလုံးကျွတ်ထွက်ပြေးနေရစဥ်ရွာသားများပိုင်ဆိုင်သည့် ကျွဲနွားတိရစ္ဆာန်များ၊ဆန်အပါအဝင်စားနပ်ရိက္ခာများနှင့်အိမ်အသုံးအဆောင်ပစ္စည်းများကို စစ်တပ်က ယူနေကြောင်း သတင်းရရှိသည်။
နှမ်းဖဲတောင်ကျေးရွာဘက်ကိုမေလ ၂ ရက်က စစ်ကောင်စီတပ်က လက်နက်ကြီးများပစ်ခတ်ခဲ့ရာလက်နက်ကြီးကျည်များရွာစပ်တွင်ကျရောက်ပေါက်ကွဲ၍ရွာလုံးကျွတ်အရေးပေါ်ထွက်ပြေးခဲ့ကြ၇သည်။
မေလ ၃ ရက်တွင်စစ်ကောင်စီတပ်က နှင်းဖဲတောင်ဘုရားတောင်ကုန်းတွင်ဝင်ရောက်တပ်စွဲပြီးရွာသားများပိုင်ဆိုင်သည့် ကျွဲ၊ နွား၊ ဝက်နှင့်ဆန်စားနပ်ရိက္ခာများ၊အဝတ်အထည်များကအစ ယူငင်ခဲ့ကြခြင်းဖြစ်ကြောင်း ကျောက်ဖြူမြို့နယ်မှသတင်းရင်းမြစ်တစ်ဦးကပြောသည်။
" နှမ်းဖဲတောင်ရွာနားကိုလက်နက်ကြီးကျည်တွေကျကွဲတယ်။လက်နက်ကြီးအန္တရာယ်ကြောင့် ရွာသားတွေကအရေးပေါ်ထွက်ပြေးတိမ်းရှောင်ခဲ့ရတယ်။ ရွာသားတွေထွက်သွားတာနဲ့စစ်တပ်ကရွာထဲဝင်လာတယ်။ဘုရားတောင်မှာတပ်စွဲတယ်။ တစ်ရက်နှစ်ရက်အတွင်းမှာပဲ ရွာသားတွေပိုင်တဲ့ပစ္စည်းတွေကိုယူတယ်လို့သိ၇တယ်"ဟု သူကပြောသည်။
စစ်ကောင်စီတပ်သည်နှမ်းဖဲတောင်ရွာမှ ပစ္စည်းများကိုသယ်ယူရာတွင် ကားများဖြင့်သယ်ယူခဲ့သလိုကျောက်တလုံးဒုက္ခသည်စခန်းမှ စစ်သင်တန်းပေးထားသည့်မွတ်ဆလင်များကို ပစ္စည်းသယ်ယူရာတွင်ခိုင်းစေခဲ့ကြောင်းကျောက်ဖြူမြို့နယ်ဒေသခံအမျိုးသမီးတစ်ဦးကပြောသည်။
မေလ ၄ ရက်နေ့တွင်မွတ်ဆလင်ဒုက္ခသည်စခန်းမှ ဒုက္ခသည်များကို နှမ်းဖဲတောင်ရွာထဲဝင်ခိုင်းပြီးကားများပေါ်သို့ ပစ္စည်းများသယ်ယူခိုင်းခဲ့ကြောင်း၊ စစ်ကောင်စီတပ်ဖွဲ့ဝင်များမူကားပေါ်ကစောင့်ကြပ်ကာခိုင်းစေခဲ့ကြောင်း သူမကပြောသည်။
" စစ်တပ်ကသူတို့စိတ်ကြိုက်မွှေနှောက်ယူပြီးတော့ကျောက်တလုံးစခန်းကလူတွေကို ရွာထဲလွှတ်ပြီး ကားပေါ်ကိုပစ္စည်းတွေသယ်ခိုင်းတယ်။သူတို့က(စစ်ကောင်စီအဖွဲ့ဝင်များ)ကားပေါ်ကခိုင်းနေတာလို့ ပြောကြတယ်။" ဟုပြောသည်။
အဆိုပါပစ္စည်းများကိုခလ၇ ၃၄ တပ်ရင်းထဲသို့သယ်ဆောင်ခြင်းဖြစ်ကြောင်း ၄င်းကပြောသည်။
နှမ်းဖဲတောင်ကျေးရွာနှင့်နီးစပ်သည့်ဒေသခံတစ်ဦးကလည်း "နှမ်းဖဲတောင်မှာလက်နက်ကြီးကြောင့်ရွာသားတွေထွက်ပြေးခဲ့ကြရတယ်။ကျန်ခဲ့တဲ့ရွာသားပိုင်ပစ္စည်းတွေကိုယူကြတယ်လို့လည်းပြောသံကြား၇တယ်" ဟု ပြောသည်။
နှမ်းဖဲတောင်ကျေးရွာသည်ကန္ဒီးကျေးရွာအုပ်စုထဲပါဝင်ပြီး အိမ်ထောင်စု ၂၀၀ နီးပါးရှိကြောင်း သိရသည်။ လက်ရှိမေလဒုတိယပတ်အထိ စစ်တပ်ကတပ်စွဲနေထိုင်ဆဲဖြစ်၍ ကျေးရွာသားများမှာရွာမပြန်နိုင်ဘဲရှိနေကြောင်း သိ၇သည်။