တနင်္လာ၊ ဇွန်လ ၂၄ရက်၊ ၂၀၂၄

ဘူးသီးတောင် စစ်ကောင်စီဗျူဟာနှင့် အမြောက်တပ်ရင်းအပါအဝင် တပ်ရင်း ၉ ခုအား AA သိမ်းပိုက်လိုက်ပြီဟု သတင်းထွက်ပေါ်လာ


  • ရေးသူ: Web Master
  • | ရက်စွဲ: ၁၄ မေ ၂၀၂၄
  • | ကြည့်ရှုသူ: 5k

(ထွက်ပြေးသည့် စစ်ကောင်စီတပ်များအား ဆက်လက်ရှင်းလင်းနေ)

နောင်မင်းသူ၊ နိရဉ္စရာ၊ မေ ၁၄ ရက်/၂၀၂၄

ရခိုင်ပြည် ဘူးသီးတောင်မြို့အဝင်ရှိ စစ်ကောင်စီဗျူဟာတပ်ရင်းနှင့် အမြောက်တပ်ရင်း အပါအဝင် တပ်ရင်း ၉ ခုအား အာရက္ခတပ်တော် (AA) သိမ်ပိုက်လိုက်ပြီဟု ဒေသခံများက ပြောသည်။

၎င်းတပ်ရင်းများမှ  ထွက်ပြေးကြသည့် စစ်ကောင်စီတပ်ဖွဲ့များအား AA က လိုက်လံချေမှုန်း တိုက်ခိုက်နေရာ တိုက်ပွဲများ အပြင်းအထန် ဖြစ်ပွားလျှက်ရှိနေကြောင်း သတင်းရင်းမြစ်များ အရသိရသည်။

"ဒီနေ့ မနက်မှာ ဘူးသီးတောင်ဖက်က ဗျူဟာနဲ့ အမြောက်တပ်ရင်းတွေကိုပါ အေအေဖက်က သိမ်းလိုက်ပြီလို့ သိရတယ်။ လက်ကျန်စစ်ကောင်စီတပ်တွေ မောင်တောဖက် ငကျည်တောက် ကျော်လမ်းဖက်ကို ထွက်ပြေးကြတယ်။ အေအေဖက်က နှစ်ဖက်ညှပ်ပြီး ရှင်းလင်းနေတယ်။ စစ်ကောင်စီဖက်က Y-12 အပြင် ဂျက်တိုက်လေယာဥ်တွေနဲ့လာပြီး ဗုံးချနေတယ်"ဟု ြောကြားသည်။

ဘူးသီးတောင်မြို့အဝင် ရှိ စစ်ကောင်စီခြေမြန်တပ်ရင်းများဖြစ်တဲ့ (ခမရ) ၃၄၅၊ ၃၅၂၊ ၃၅၃၊ ၅၃၅ နှင့် တို့အား မေလ ၁၂ ရက် နေ့ နှင့် မေလ ၁၃ ရက်နေ့ ၌ AA မှသိမ်းပိုက်ထားခဲ့ပြီးဖြစ်သည်။

မေလ ၁၄ ရက်ယနေ့ မနက်အာရုံ ၁ နာရီမှစပြီးဘူးသီးတောင်ရှိ စစ်ကာင်စီ လက်ကျန်တပ်ရင်း တပ်ဖွဲများဖြစ်သည့် ခလရ  ၂၃၃၊ ၂၃၄၊ ၂၆၃ တို့အပြင် အမြောက်တပ်ရင်း (အမတ) ၃၇၈ နှင့် ဗျူဟာတပ်များအား AA ဖက်မှ ထိုးစစ်ဆင်တိုက်ခိုက် သိမ်းပိုက်ခဲ့သည်ဟု ပြောဆိုသည်။

"မနေ့က တစ်ရက်လုံး ဂျက်တိုက်လေယာဥ် နဲ့ Y-12 ကနေ ဗုံးချနေတာ။ ညသန်ခေါင်ကျော်မှာလည်း ဂျက်နဲ့ လာပြီး ဗုံးချတယ်။ ဒီနေ့မနက် ၅ နာကစပြီး တိုက်ပွဲဖြစ်နေတာ အခု နေလယ် ၁ နာရီကျော်အထိ ဖြစ်နေကြတယ်။ နောက်ထပ်လည်း တိုက်ပွဲတွေ ဆက်ဖြစ်ကြမယ့်အနေအထားရှိနေတယ်"ဟု ပြောဆိုသည်။

ဒေသခံများက ဘူးသီးတောင်ဗျူဟာနှင့် တပ်ရင်းအများအပြားကို အေအေက သိမ်းပိုက်လိုက်ပြီဟု ပြောဆိုသော်လည်း အဆိုပါ တိုက်ပွဲသတင်းများနှင့် ပတ်သက်ပြီး တပ်တော်ဘက်က တစ်စုံတစ်ရာ ထုတ်ပြန်မှု မရှိသေးသဖြင့် သီးခြား အတည်ပြုနိုင်ခြင်းတော့ မရှိသေးပါ။

အာရက္ခတပ်တော်မှ ဘူးသီးတောင် ဗျူဟာအပါအဝင် တပ်ရင်းများအားအပြင်းအထန် ထိုးစစ်ဆင် တိုက်ခိုက်နေသည်မှာ ၃ ရက်ရှိနေပြီဖြစ်သည်။

ဆက်စပ် သတင်းများ