နိရဉ္စရာ၊မေ ၁၄/ ၂၀၂၄
အာရက္ခတပ်တော်( AA) ကရခိုင်ပြည်အတွင်း မှီတင်းနေထိုင်ကြသည့် ဒေသခံပြည်သူများအကြားသဟဇာတဖြစ်မှုနှင့် အတူယဉ်တွဲနေထိုင်ရေးအတွက် နားလည်မှုတည်ဆောက်နေချိန်တွင် မွတ်ဆလင် တချို့က စစ်ကောင်စီနှင့် ပူးပေါင်းကာအကြမ်းဖက်လုပ်ငန်းများအား ဆောင်ရွက်နေကြောင်း သတင်းရရှိသည်။
မေလ၉ ရက်တွင် စစ်ကောင်စီက စစ်သင်တန်းပေး လက်နက်တပ်ဆင်ပေးထားသော မွတ်ဆလင် လက်နက်ကိုင်များက မောင်တောမြို့အနီးရှိ ရွှေရင်အေး(ရခိုင်)ကျေးရွာမှ နေအိမ် ၅၀ ကျော်ကိုမီးရှို့ဖျက်ဆီး ခဲ့သည်ဟု သိရသည်။ (ရုပ်သံရှုပါ)
ရွှေရင်အေးကျေးရွာမှလူနေအိမ်များကိုမီးရှို့သည့်ဖြစ်ရပ်ကိုလည်း ရုပ်သံရိုက်ကူးထားကာအဆိုပါ ရုပ်သံကို ၎င်းတို့ကိုယ်တိုင်ထုတ်လွှင့်ရာတွင် ရခိုင်ရွာအားမီးရှို့နေခြင်းဖြစ်ကြောင်း ဂုဏ်ယူဝင့်ကြွားစွာ ပြောဆိုထားသည်ကိုလည်းတွေ့၇သည်။
ယင်းအပြင်ဘူးသီးတောင် နှင့် မောင်တောမြို့ပေါ်ရှိ မွတ်ဆလင်မဟုတ်သော ဒေသခံများ၏နေအိမ်များအား ဖျက်ဆီးကာ ပစ္စည်းများကိုယူဆောင်သည်သာမက နေအိမ်များကို ဖျက်ဆီးသည့် လုပ်ရပ်များကိုလည်း စစ်တပ်ဩဇာခံ မွတ်ဆလင်လက်နက်ကိုင်များက ဆက်တိုက် ကျူးလွန်နေသည်ဟုအမည်မဖော်လိုသည့် မောင်တော မြို့ခံတစ်ဦးက ပြောသည်။
"မောင်တောမှာမြို့ပေါ်တိုက်ပွဲထက် လူမျိုးရေးပြဿနာကို ကြောက်လို့ပြေးရတာက များပါတယ်။ အခုဆိုရင် မောင်တောနယ်မှာ မီးရှို့တာတွေလည်းရှိတယ်။ မြို့ပေါ်တွေမှာလည်း အိမ်တွေကိုဖျက်၊ ပစ္စည်းတွေကိုအတင်းအဓမ္မယူဆောင်တာတွေ တောက်လျှောက်ရှိတယ်။ဘူးသီးတောင်မှာကတော့ အားလုံးသိတဲ့အတိုင်း တစ်မြို့လုံးမီးရှို့ခံထား၇ပါတယ်"ဟု ပြောသည်။
ဘူးသီးတောင်မြို့ပေါ်တွင်လည်းအိမ်ပေါင်း ၅၀၀၀ ခန့် မီးရှို့ခံထားရကြောင်း ဦးခိုင်သုခကနိရဉ္စရာကို ပြောဆိုထားသည်။
ယခုကဲ့သို့ဘူးသီးတောင်၊ မောင်တောဒေသများတွင် စစ်ကောင်စီကရခိုင် နှင့် တခြား လူမျိုးစုဝင်များ၏နေအိမ်များကို မီးရှို့ပြီး မွတ်ဆလင်များအား ကျောထောက်နောက်ခံပေးကာလက်နက်တပ်ဆင်ပေးခြင်း၊ စစ်သင်တန်းပေးခြင်းများ လုပ်ဆောင်နေသော်လည်း နှစ်ဖက် အသိုင်းအဝိုင်းကြားပဋိပက္ခမဖြစ်ပွားစေရေး ဒေသခံပြည်သူများကိုဒေါသစိတ်ဖြင့် မတုံ့ပြန်ကြရန် အေအေက သတိပေးတားမြစ်မှုများရှိသည်ဟုလည်းဒေသခံများက ပြောသည်။
NUG ၏လူ့အခွင့်အရေးဆိုင်ရာဝန်ကြီးဌာနဒုဝန်ကြီး ဦးအောင်ကျော်မိုးက စစ်ကောင်စီနှင့်ပူးပေါင်းနေသော အာဆာအဖွဲ့အပါအဝင် မောင်တော ရွှေရင်အေးရွာကိုဝင်ရောက် မီးရှို့ခဲ့သည့် စစ်သင်တန်းဆင်း၊ စစ်ဝတ်စုံဝတ် မွတ်ဆလင်များ၏လုပ်ရပ်ကိုလည်း ပြင်းပြင်းထန်ထန် ရှုတ်ချသည်ဟု သူ၏ Facebook စာမျက်နှာတွင်ရေးသားပြောဆိုထားသည်။
သို့သော်စစ်ကောင်စီ၏ လက်ပါးစေ၊ လက်ကိုင်တုတ်များ နှင့် သာမန်အရပ်သားပြည်သူများကိုခွဲခြားသိမြင်ရန်လိုအပ်ပြီး ရခိုင်ပြည်သူများအနေနှင့်စစ်တပ်၏လှည့်ကွက်အပေါ် အသိနှင့် သတိကပ် ဆင်ခြင်ရန်လိုအပ်ကြောင်း သူကဆိုသည်။
စစ်ကောင်စီသည် စစ်ရေးအရ ရှုံးနိမ့်နေသည့်အတွက်ရခိုင်ပြည်ကိုလက်မလွှတ်ရရေး ပြဿနာများကိုဖန်တီးနေသော်လည်း အေအေက မြေပြင်တွင် လူမျိုးစုများအကြား ပြဿနာမဖြစ်စေရေးသတိထား ကိုင်တွယ်နေသည့်အပြင် ပြည်သူများအနေနှင့်လည်း စစ်ကောင်စီ၏ လုပ်ရပ်များကို သဘောပေါက် နားလည်နေပြီဖြစ်၍စစ်ကောင်စီမျှော်မှန်းသလို ပဋိပက္ခ မဖြစ်လာနိုင်ကြောင်းရခိုင်နိုင်ငံရေး လေ့လာ သုံးသပ်သူ ဦးဖေသန်းက ပြောသည်။
"နိုင်ငံရေးကိုအောက်လုံးထိုးပြီး လူမျိုးနှစ်မျိုးကြား ပဋိပက္ခဖြစ်အောင်ဖန်တီးတယ်။နောက်ပြီး ULA/AAဆီမှာ စစ်ရေးအရရှုံးနိမ့်နေတာကိုပြန်ပြီး အနိုင်ရနိုင်ဖို့အတွက် လူမျိုးစုနှစ်စုဟာအချင်းချင်း ရန်တိုက်မယ်၊ပြဿနာဖြစ်လာမယ်ဆိုရင် နိုင်ငံတကာက အေအေကိုအပြစ်တင်လာမယ်၊ အဲ့ဒီလို နိုင်ငံရေးအရ ရောကျအောင် တဖက်ကလည်း လူမျိုးစုနှစ်စုကြား ပြဿနာဖြစ်ပြီး ရှေ့ကို မရောက်နိုင်အောင် စစ်ရေးအားဖြင့် ကျဆင်းသွားအောင်ဆိုတဲ့ ရည်ရွယ်ချက်တွေနဲ့ လူမျိုးစု နှစ်စုအကြား ရန်မဖြစ်ရင်ဖြစ်အောင် ဖြိုခွဲနေတာဖြစ်တယ်"ဟု ဆိုသည်။
စစ်ရှုံးနေသည့်စစ်ကောင်စီသည်မွတ်ဆလင်စစ်သွေးကြွတချို့ကို လက်နက်တပ်ဆင်ပေးကာဒေသတွင်းမတည်ငြိမ်မှုများ၊ အကြမ်းဖက်မှုများဖန်တီးကာ လူမျိုးရေး၊ဘာသာရေး အဓိကရုဏ်းဖြစ်အောင် ပုံစံ အမျိုးမျိုးဖြင့် ဖန်တီးနေသည်ဟုအာရက္ခတပ်တော်(AA) ပြောခွင့်၇သူ ဦးခိုင်သုခကပြောဆိုထားသည်။
စစ်ကောင်စီ၏ ပြောခွင့်ရသူ ဗိုလ်ချုပ်ဇော်မင်းထွန်းက အဆိုပါလက်နက်တပ်ဆင်သည့် ကိစ္စနှင့်ပတ်သက်၍ မဟုတ်မှန်ကြောင်းငြင်းဆိုထားသော်လည်း လက်ရှိတွင် လက်နက်တပ်ဆင်ထားသည့်မွတ်ဆလင်လက်နက်ကိုင်များ၏ ရုပ်သံဖိုင်များ၊ဓာတ်ပုံများ အွင်လိုင်းတွင် အဆက်မပြတ် ထွက်ပေါ်လာခဲ့သည်။