Preview

ပုဏ္ဏားကျွန်းမြို့နယ် သောက်သုံးရေ မသန့်ရှင်းရာမှ စစ်ဘေးရှောင်စခန်းများတွင် အရေပြားရောဂါနှင့် ဝမ်းပျက်ဝမ်းလျှောရောဂါများဖြစ်ပွားနေ

မေ ၁၅/ ၂၀၂၄ | ကြည့်ရှုသူ :1743
ရခိုင် သတင်း

စောရှင်မေ၊နိရဉ္စရာ၊မေ ၁၄/၂၀၂၄

ရခိုင်ပြည်၊ ပုဏ္ဏားကျွန်းမြို့နယ်ရှိစစ်ဘေးရှောင်စခန်းများတွင် ရေရှားပါးသည့်အပြင် သောက်သုံးရေများမှာလည်းမသန့်ရှင်းသည့်အတွက် ကလေးသူငယ်များနှင့် သက်ကြီးပိုင်း အရွယ်စစ်ဘေးရှောင်များမှာအရေပြားရောဂါများနှင့် ဝမ်းပျက်ဝမ်းလျှောရောဂါများဖြစ်ပွားနေကြသည်ဟု သိ၇သည်။

စစ်ဘေးရှောင်များမှာသောက်သုံးရေ မသန့်ရှင်းသည့်အပြင်ရေရှားပါးမှုနှင့် ကြုံနေ၇သည်မှာ ပြီးခဲ့သည့်မတ်လကတည်းပင်ဖြစ်ပြီး အချိန်အားဖြင့် ၂ လခန့်ကြာမြင့်နေပြီဟုစစ်ဘေးရှောင်များက ပြောသည်။

သောက်သုံးရေမသန့်ရှင်းမှုကြောင့် သက်ကြီးရွယ်အိုနှင့်ကလေးငယ်များအသက်အရွယ်မရွေး အရေပြားရောဂါနှင့် ဝမ်းပျက် ဝမ်းလျှောရောဂါများဖြစ်ပွားနေကြသည်ပန်းနီလာစခန်းမှ ဒေါ်မငယ်က နိရဉ္စရာသတင်းဌာနကို ပြောသည်။

" ကျွန်မမြေးလေးကတစ်ကိုယ်လုံးလိုလို ယားနာတွေဖြစ်နေတာပါ။ အခုဆိုရင် အရေပြားပေါ်မှာပြည်တည်နေတာ တွေရောပေါ့။ အရင်ကဒီလိုတစ်ခါမှမဖြစ်ဖူးပါဘူး။ ညဆိုလည်း ဆေးလိမ်းပြီး သိပ်ထားလိုက်တယ်။ညဥ့်သန်ခေါင်ယံအချိန်တွေမှာအနာတွေက ယားတယ်နဲ့တူပါတယ်။ကုတ်ခြစ်ပြီး အော်ငိုလို့နိုးလာတယ်။ ကလေး တစ်နှစ်နဲ့တစ်လပဲရှိသေးတော့ စကားမပြောတတ်တော့ပိုဆိုးတာပေါ့ " ဟုပြောသည်။



ပန်းနီလာစစ်ဘေးရှောင်စခန်းတွင်သောက်သုံးရေမသန့်ရှင်းမှုကြောင့် ဝမ်းရောဂါဖြစ်သူ လူဦးရေ ၂၀ ခန့်ရှိပြီး၊အရေပြားရောဂါဖြစ်ပွားသူ လူဦးရေ ၂၀ ခန့်ရှိသည်ဟုလည်းစစ်ဘေးရှောင်စခန်းတာဝန်ခံ မဦးငြိမ်းနွယ်က နိရဉ္စရာကိုပြောသည်။

" ဒီလိုရောဂါတွေဖြစ်တာကအဓိကရေရှားပါးလို့ပေါ့နော်။ ရေကန်တွေမှာလည်း ရေခမ်းလာတော့ရေကမသန့်တော့ဘူး။ ပိုးလောက်လန်းတွေပါတယ်။ ရေတွေကလည်း ရွှံ့နှစ်ရောင်တွေလိုအနှောက်ရေတွေ၊ ရေညစ်တွေနဲ့ အစိမ်းရောင်တွေဖြစ်နေပြီ။ အဲ့ဒီရေတွေနဲ့ရေချိုးရတယ်။ထမင်းချက်စားတယ်။ သောက်ရေအတွက်ဆို ကျိုချက်ပြီးလည်းသောက်ရပါတယ်။ရေကျိုချက်ပြီးထားပေမဲ့လည်း ကလေးတွေက အပြင်ကနေပူကြီးထဲဆော့ပြီးဝင်လာရင်ကျိုထားတဲ့ရေမှန်း မကျိုထားတဲ့ရေမှန်းသေချာမသိဘူး။ မြင်တာခပ်သောက်ကြတာလည်းရှိတယ်။ ဒါကြောင့်လည်းဒီလိုဝမ်းရောဂါတွေဖြစ်ကြတာပေါ့ " ဟုပြောသည်။

အဆိုပါစစ်ဘေးရှောင်စခန်းကို ပုဏ္ဏားကျွန်းမြို့ပေါ်မှရွာဟောင်း၊ မြို့သစ်နှင့် စံပြရပ်ကွက်တို့မှ နေထိုင်ကြပြီး၊ပြီးခဲ့သည့် ၂၀၂၃ ခုနှစ် နိုဝင်ဘာလတွင်တည်ထားခဲ့ကာ အိမ်ထောင်စု ၈၅စုရှိပြီး၊ လူဦးရေ ၃၀၇ ဦးနေထိုင်ကြသည်။

လက်ရှိတွင်ကျေးရွာများအတွင်းရှိ ရေကန်များမှ ရေများကိုလည်း အကန့်အသတ်ဖြင့်သာ ခပ်ယူနေရသည်ဟုမြတ်လေးစစ်ဘေးရှောင်စခန်းတာဝန်ခံ ဦးအောင်မြင့်က နိရဉ္စရာသတင်းဌာကို ပြောသည်။

" ကန်ရေကတစ်ရက်ခြားမှာတစ်ကြိမ် ရေခပ်ခွင့်၇တယ်။ တစ်အိမ်က ဆီထည့်တဲ့ ဂါလန်ဗူးအဝါနဲ့ ၅ဗူးကျစီခပ်ခွင့်ရတယ်။ ကျွန်တော်တို့စခန်းကို ရေလာလှူတာလည်းမရှိသေးဘူး။ ရေလုံလုံလောက်လောက် မသုံးရတော့ အရေပြားရောဂါတွေနဲ့ဝမ်းပျက်ဝမ်းလျှောရောတွေဖြစ်ကြတယ်။ဧပြီလလောက်ကဆို ဝမ်းရောဂါနဲ့သေတဲ့သူတွေလည်းရှိတယ်။ ပြီးရင် ဝဲလိုလို၊ယားနာလိုလို အရေးပြားရောဂါတွေလည်း ဖြစ်ကြတယ် " ဟုပြောသည်။


အဆိုပါစစ်ဘေးရှောင်စခန်းတွင် ပြီးခဲ့သည့်ဧပြီလက ဝမ်းရောဂါဖြစ်ပွားသူ လူဦးရေ ၁၀၀ ခန့်ရှိခဲ့ပြီး၊ အသက် (၇၀)ကျော်အမျိုးသားတစ်ဦး၊ အသက် (၆၀) ကျော် အမျိုးသမီးတစ်ဦးနှင့် အသက် (၁ရ) အရွယ်အမျိုးသမီးတစ်ဦး စုစုပေါင်း ၃ ဦးတို့သည် ဆေးကုသရန်မတတ်နိုင်သည့်အတွက်ဝမ်းပျက်ဝမ်းလျှောရောဂါကြောင့်  အသက်ဆုံးရှုံးခဲ့သည်ဟုလည်းဦးအောင်မြင့်က ပြောသည်။

ထိုသို့ ရောဂါများဖြစ်ပွားနေခြင်းသည်တစ်ကိုယ်ရည်သန့်ရှင်းမှု၊ ကျန်းမာရေး အသိပညာပေးမှုနှင့်စောင့်ရှောက်မှုများလည်းလိုအပ်နေကြောင်း မြတ်လေးစစ်ဘေးရှောင်စခန်းမှ ကိုလပြည့်ကလည်း နိရဉ္စရာကို ပြောဆိုသည်။

" စားရေးသောက်သောက်ရေးတောင်အနိုင်နိုင်လုံးပမ်းနေကြရတာဆိုတော့။ တစ်ကိုယ်ရည် သန့်ရှင်းမှုအတွက် လိုအပ်တဲ့ ဆပ်ပြာတွေကအစ ဝယ်မသုံးနိုင်ကြတော့ အရေပြားရောဂါတွေ ဖြစ်ကြတာပေါ့။ ပြီးတော့ အခုအချိန်မှရေကအရမ်းအရေးကြီးတော့ ရေအလှူရှင်တွေလည်း လိုအပ်ပါတယ်။ ပြီးရင် ကျန်းမာရေးအတွက် အသိပညာဟောပြောတာတွေ။ကျန်းမာရေး စောင့်ရှောက်မှုတွေလိုအပ်ပါတယ်" ဟုပြောသည်။

လက်ရှိ ထိုစစ်ဘေးရှောင်စခန်းတွင်ဝမ်းရောဂါဖြစ်ပွားသူ လူဦးရေ ၃၀ ခန့်ရှိပြီး၊ အရေပြား ရောဂါဖြစ်ပွားသူ လူဦးရေ ၂၀နီးပါးရှိသည်ဟုလည်း သူကပြောသည်။

အဆိုပါစစ်ဘေးရှောင်စခန်းကို ပြီးခဲ့သည့်၂၀၁၉ ခုနှစ်ကတည်ထားခဲ့ပြီး၊ လက်ရှိတွင် စစ်တွေ၊ ကျောက်တော်၊ ပုဏ္ဏားကျွန်း နှင့်မောင်တောမြို့နယ်တို့မှ အိမ်ထောင်စု ၁၄၀ ကျော်နေထိုင်ကြပြီးလူဦးရေ ၇၀၀ ကျော်ခန့်ရှိသည်ဟု ဦးအောင်မြင့်ကပြောသည်။

ပုဏ္ဏားကျွန်းမြို့နယ်တွင် မြတ်လေး၊ပန်းနီလာ၊ သရက်ချို၊ အောင်ဖြူပြင်၊ ကြံခင်းနှင့် ကဏန်းတောင် စသည့် ကျေးရွာများရှိ စာသင်ကျောင်း၊ဘုန်းကြီးကျောင်းနှင့် လမ်းဘေးတို့တွင် ယာယီတဲထိုးကာစစ်ဘေးရှောင်များ ခိုလုံနေထိုင်လျက်ကြသည်။

မင်္ဂလာပါ လူကြီးမင်းတို့ခင်ဗျာ။ ကျနော်တို့မီဒီယာဆက်လက်ရပ်တည်ရှင်သန်ရေးအတွက် လူကြီးမင်းတို့ရဲ့ပူးပေါင်းဆောင်ရွက်မှုနဲ့ ကူညီမှုတွေကို အထူးလိုအပ်နေပါတယ်။
နိရဉ္ဇရာလှူရန်

ဆက်စပ် အကြောင်းအရာများ

တစ်နေ့တာ၏ အရေးကြီးဆုံး ပြည်တွင်းပြည်ပ သတင်းများနှင့် အဖြစ်အပျက်များကို လစဥ် လူကြီးမင်း၏ အီးမေလ်းထဲသို့ ရယူနိုင်ပါသည်

နောက်ဆုံးရသတင်းများ

တစ်နေ့တာ၏ အရေးကြီးဆုံး ပြည်တွင်းပြည်ပ သတင်းများနှင့် အဖြစ်အပျက်များကို လစဥ် လူကြီးမင်း၏ အီးမေလ်းထဲသို့ ရယူနိုင်ပါသည်
© 2024 Narinjara News. All rights reserved.