စနေ၊ ဇွန်လ ၂၂ရက်၊ ၂၀၂၄

ကျောက်တော်မြို့နယ်တွင် ဆေးရုံနှင့် စာသင်ကျောင်းကို စစ်ကောင်စီက ညဥ့်အချိန် ဂျက်ဖိုက်တာဖြင့် လာရောက်ပစ်ခတ်၍ လူ ၉ ဦးထက်မနည်း ဒဏ်ရာရ


  • ရေးသူ: Web Master
  • | ရက်စွဲ: ၁၅ မေ ၂၀၂၄
  • | ကြည့်ရှုသူ: 1.2k

မောင်စာဂ၊ အောင်ကြွယ်ငြိမ်း၊ နိရဥ္စရာ၊ မေ ၁၅/၂၀၂၄

ရခိုင်ပြည်နယ်၊ ကျောက်တော်မြို့နယ်ရှိ ဝဲကြီးထောင့်ကျေးရွာဆေးရုံနှင့် ကျောက်တော်မြို့အနီး လမ်းမတော်ကျေးရွာရှိ စာသင်ကျောင်းတစ်ကျောင်းကို စစ်ကောင်စီက ညဥ့်အချိန်မတော် ဂျက်ဖိုက်တာဖြင့် လာပစ်ခဲ့၍ လူ ၉ ဦးထက်မနည်း ဒဏ်ရာရသွားကြောင်း သိရသည်။

ယမန်နေ့ညဥ့် ၁၂ နာရီ ၅ မိနစ်တွင် လမ်းမတော်ကျေးရွာအထက်တန်းကျောင်းကို သုံးကြိမ်ပစ်ခတ်ခဲ့ပြီး နောက် ၁၅ မိနစ်ခန့်အကြာတွင် ဝဲကြီးထောင့်ကျေးရွာရှိဆေးရုံကို ၂ ကြိမ်ထပ်ပစ်ခဲ့သည်ဟု သိရသည်။

ယင်းသို့ပစ်ခတ်ခဲ့မှုကြောင့် လမ်းမတော်စာသင်ကျောင်းတွင် စစ်ဘေးရှောင်နေသူ ၅ ဦး၊ ဝဲကြီးထောင့် ဆေးရုံမှ သူနာပြု ၂ ဦးနှင့် လူနာ ၂ ဦးတို့ ထိခိုက်ဒဏ်ရာရသွားကြောင်း ကနဦး သိရသည်။

ဝဲကြီးထောင့်ဆေးရုံနှင့်နီးစပ်သူတစ်ဦးက "ဝဲကြီးထောင့်ဆေးရုံကတော့ ပင်မအဆောင်တွေ အားလုံးပျက်စီးသွားတယ်။ လူကတော့ အသေအပျောက်မရှိဘူး။ ၄ ယောက် ဒဏ်ရာရတယ်"ဟု နိရဥ္စရာကို ပြောသည်။

လမ်းမတော်ကျေးရွာ အထကကျောင်းရှိ အဆောင်များလည်းပျက်စီးသွားပြီး မှန်စများလွင့်စဥ်၍ စစ်ဘေးရှောင် ၅ ဦး ဒဏ်ရာရသွားသည်ဟု ဒေသခံများက ပြောသည်။

ထိခိုက်ဒဏ်ရာရသွားသူများမှာ ၉ ဦးထက်လည်း များနိုင်သည်ဟုလည်း ဆိုကြသည်။

ယင်းသို့ ဂျက်ဖိုက်တာဖြင့်လာမပစ်မီ နာရီဝက်ခန့်မှစတင်ကာ ကျောက်တော်မြို့တွင် ဝဲကြီးထောင့်နှင့် လမ်းမတော်အပါအဝင် ကျောက်တော်မြို့တွင် ဖုန်းလိုင်းလုံးဝပြတ်တောက်သွားပြီး ယနေ့ မေလ ၁၅ ရက်၊ နံနက် ၅ နာရီခန့်မှ ပြန်လည်ရရှိခဲ့သည်ဟု မြို့ခံတစ်ဦးက ပြောသည်။

ဓာတ်ပုံ - လမ်းမတော်ကျေးရွာ အထကကျောင်း ပျက်စီးသွားမှုမြင်ကွင်း။

ဆက်စပ် သတင်းများ