(တိုက်ပွဲပြင်းထန်နေပြီး လေယာဉ်ဖြင့်ပါ ဗုံးကြဲနေ၍သေဆုံးသူများအား မသဂြိုလ်နိုင်ဘဲဖြစ်နေ)
ကံ့ကော်နီနီ၊ နိရဥ္စရာ မေ ၁၅ / ၂၀၂၄
ရခိုင်ပြည်၊ သံတွဲမြို့နယ်၊ လင်းသီရွာတွင် စစ်ကောင်စီပစ်ခတ်သည့် လက်နက်ကြီးကျည်ထိမှန်၍သေဆုံးသွားသူ အရေအတွက်မှာ (၁၀) ဦးအထိ တိုးလာပြီး ၎င်းတို့ကို တိုက်ပွဲပြင်းထန်နေသဖြင့် လက်ရှိ အချိန်ထိ မသင်္ဂြိုလ်နိုင်ဘဲဖြစ်နေကြောင်း ဒေသခံများက နိရဉ္စရာသတင်းဌာနကို ပြောကြားသည်။
သေဆုံးသူများမှာ လင်းသီကျေးရွာမှ ကမန်လူမျိုးများဖြစ် သည့်ဦးညီလေး (၄၇နှစ်)၊ မငယ်လေး (၂၅) နှစ်၊ အပုလေး (၂၁) နှစ်၊ ဦးမောင်လေး (၂၆)နှစ်၊ မမေပု (၂၇) နှစ်၊ ဦးမောင်တင်ညွန့် (၄ရ) နှစ်နဲ့ ဒေါ်မမေလီရန် (၇၅)နှစ်၊ ဒေါ်သန်းသန်း (၆၃) နှစ်၊ ဒေါ်မညံ့ (၅၅)နှစ်နှင့် ရွှေလှေကျေးရွာမှ ၇ခိုင်အမျိုးသမီး ဒေါ်သန်းမြင့်တို့ဖြစ်ကြသည်။
ယနေ့ နံနက်အစောကြီး ၄ နာရီကစတင်ပြီး အာရက္ခတပ်တော် (AA) နှင့်စစ်ကောင်စီတပ်တို့ အကြား ရွှေလှေကျေးရွာ၏ တစ်ဘက်တစ်ကမ်းရှိကျောက်ဖြူကွင်းတွင် တိုက်ပွဲပြင်းထန်စွာဖြစ်ပွားနေပြီးမနက် ၈ နာရီကျော်အချိန်တွင် စစ်ကောင်စီက ဂျက်ဖိုက်တာလေယာဥ်ဖြင့် ဗုံးကြဲတိုက်ခိုက်နေသဖြင့် အလောင်းများကို မသင်္ဂြိုလ်နိုင်ဘဲ ဖြစ်နေသည်ဟု ဒေသခံတစ်ဦးက ပြောသည်။
" မနက် ၄ နာရီကတည်းက တိုက်ပွဲဖြစ်နေတာ။ အခုမနက်ရှစ်နာရီမှာ လေယာဥ်နဲ့ လာချနေပြီ။ဘားတောင်းတောင်ဘက်ကလည်းလက်နက်ကြီးတွေနဲ့ပစ်နေတယ်။”
တိုက်ပွဲပြင်းထန်နေ၍အလောင်းများမှာ ယမန်နေ့ ညပိုင်းက လက်နက်ကြီးကျပြီး သေဆုံးခဲ့သည့် အတိုင်းရှိနေသေးကြောင်း လင်းသီကျေးရွာမှကမန်ဒေသခံတစ်ဦးကပြောသည်။
" အလောင်းတွေကိုအဲဒီအတိုင်းအိမ်ပေါ်မှာပဲထားရတယ်။ တိုက်ပွဲဖြစ်နေတော့ မသင်္ဂြိုလ်နိုင်ဘဲ ဖြစ်နေတယ်။ သင်္ဂြိုလ်မယ်ဆိုရင် ကိုယ့်ဘာသာဝင်တွေရဲ့ထုံးတမ်းစဥ်လာအတိုင်းလည်း တစ်သွေမတိမ်း လိုက်လုပ်ရတာလေ။ ဘာသာရေးဆရာတွေနဲ့ သေချာ အသုဘချရတာ။ အလောင်းတွေကို ကျွန်တော်တို့သွားပြီး သဂြိုလ်ပေးရမှာ။ ရွာမှာက လူတစ်ယောက်မှမရှိကြတော့ဘူး။ လက်နက်ကြီးငယ်တွေလည်း ပစ်နေတော့မသွားနိုင်ဘူး။ သဂြိုလ်ဖို့"ဟု ၎င်းက ဒေသခံကပြောသည်။
စစ်ကောင်စီ၏ဘားတောင်းတောင်ပေါ်မှ လက်နက်ကြီးဖြင့် လင်းသီရွာထဲကို လှမ်းပစ်ခတ်၍အဆိုပါဒေသခံများ သေဆုံးသွား၇ခြင်းဖြစ်သည်။
"ရွှေလှေကတယောက်သေတာကိုလည်း တိုက်ပွဲရပ်မှ သင်္ဂြိုလ်ဖို့ စီစဥ်ထားကြတယ်။ အခုထိတော့ ပစ်နေကြတုန်းပဲ။ ဘားတောင်းတောင်ကအမြှောက်နဲ့လှမ်းထုနေတယ်။ တိုက်ပွဲဖြစ်နေတုန်းတော့ လူတွေ အပြင်ထွက်လို့ မရဖြစ်နေကြတယ်" ဟု ရွှေလှေဒေသခံ ကမန်လူမျိုးတစ်ဦးကပြောသည်။
မေလ ၁၃ ရက်၊ နေ့လယ်ပိုင်းကလည်း ဘားတောင်းတောင်ပေါ်မှ ပစ်ခတ်လိုက်သည့် လက်နက်ကြီး ကျည်မှာ အောက်နတ်မော် ကျေးရွာမှနေအိမ်တစ်လုံးကိုကျကွဲပြီး ဒေသခံသုံးဦး ဒဏ်ရာရရှိခဲ့ရာယင်းအထဲမှ ဒေါ်ကြွင်းတင်မှာ ယမန်နေ့ကသံတွဲဆေးရုံတွင် သေဆုံးသွားကြောင်း သိရှိ၇သည်။