စနေ၊ ဇူလိုင်လ ၂၇ရက်၊ ၂၀၂၄

KIA စစ်ဦးစီးချုပ် ဒုတိယဗိုလ်ချုပ်ကြီး ခေါင်လွမ်း ကွယ်လွန်ခြင်းအတွက် ညီနောင်မဟာမိတ် (၃) ဖွဲ့က ဝမ်းနည်းကြောင်းသဝဏ်လွှာပေးပို့



ကချင်လွတ်လပ်ရေးအဖွဲ့ (KIO) ၏ အမြဲတမ်းဗဟိုကော်မတီဝင်၊ ကချင်လွတ်လပ်ရေးတပ်မတော် (KIA) စစ်ဦးစီးချုပ်၊ အမှတ် (၁) စစ်ဒေသ၊ စစ်ဒေသမှူးဖြစ်သော ဒုတိယဗိုလ်ချုပ်ကြီး Rukhkyawng Hkawng Lum (၆၂ နှစ်) ကွယ်လွန်ခြင်းအတွက် ညီနောင်မဟာမိတ် (၃) ဖွဲ့က ဝမ်းနည်းကြောင်းသဝဏ်လွှာကို ယနေ့ မေလ၁၅ ရက်နေ့စွဲဖြင့် ပေးပို့လိုက်သည်။

စစ်ဦးစီးချုပ် ဒုတိယဗိုလ်ချုပ်ကြီး ခေါင်လွမ်းသည် ကချင်ပြည်နှင့် ကချင်လူမျိုးများလွတ်မြောက်ရေး၊မြန်မာပြည်သူလူထုတစ်ရပ်လုံး စစ်အာဏာရှင် စနစ်အောက်မှ လွတ်မြောက်ရေးတို့အတွက် တော်လှန်ရေးလုပ်ငန်းတာဝန်များကို ထမ်းဆောင်နေရင်း ၂၀၂၄ ခုနှစ်၊ မေလ (၁၃) ရက်နေ့၊ ညနေ (၆) နာရီ (၂၃) မိနစ်အချိန်တွင် အသည်းရောဂါဖြင့် KIA ဌာနချုပ်ရှိရာ လိုင်ဇာမြို့ ၌ ရုတ်တရက် ကွယ်လွန်သွားခြင်း ဖြစ်သည်။

စစ်ဦးစီးချုပ် ဒုတိယဗိုလ်ချုပ်ကြီး ခေါင်လွမ်းသည် ကချင်လွတ်လပ်ရေးတပ်မတော် (KIA) ၌ တော်လှန်ရေးတာဝန်များကို စတင်ထမ်းဆောင်သည့် ၁၉၈၈ ခုနှစ်၊ ရှစ်လေးလုံးအရေးတော်ပုံကာလ နောက်ပိုင်း မှစ၍ သူကွယ်လွန်ချိန်အထိ တော်လှန်ရေးတာဝန်များကို အားသွန်ခွန်စိုက် တစိုက်မတ်မတ် ထမ်းဆောင်ခဲ့သူ ဖြစ်ပြီး(Bass Guitar) ဘေ့စ်ဂီတာတီးခတ်သော ဂီတအနုပညာရှင်တစ်ဦးဖြစ်သကဲ့သို့ ဟာသပြောတတ်သော ကချင်ဗိုလ်ချုပ်များအုပ်စုထဲမှ တစ်ဦးဖြစ်သည့်အပြင် လူချစ်လူခင်ပေါများသောသူတစ်ဦးလည်းဖြစ်သည်ဟုဆိုသည်။

စကားကို တဲ့တိုးပြောတတ်သော်လည်း အလုပ်ကို အတူတကွပူးတွဲလုပ်ဆောင်ချိန်များတွင် တာဝန်ခံမှု၊တာဝန်ယူမှု ကောင်းသော ဗိုလ်ချုပ်အဖြစ် မှတ်ကျောက်တင်ခံရသူ ဖြစ်ကြောင်း သိရသည်။

ကချင်ပြည် နှင့် ကချင်လူမျိုးများ လွတ်မြောက်ရေးအတွက် ကြိုးပမ်းနေကြသည့် တော်လှန်ရေးလမ်းခုလတ်တွင် စစ်ဦးစီးချုပ် ဒုတိယဗိုလ်ချုပ်ကြီး ခေါင်လွမ်း ယခုကဲ့သို့ ရုတ်တရက် ကွယ်လွန်သွားခြင်းသည် အဖိနှိပ်ခံ မြန်မာပြည်သူလူထုများ၊ ကချင်ပြည် နှင့် ကချင်လူမျိုးများအတွက် ကြီးမားသော ဆုံးရှုံးမှုတစ်ခုအဖြစ် ညီနောင်မဟာမိတ် (၃) ဖွဲ့ မှ အလေးအနက်ရှုမြင်ပြီး စစ်ဦးစီးချုပ်၏ မိသားစုများ၊လုပ်ဖော်ကိုင်ဖက်များ၊ မိခင်အဖွဲ့အစည်းနှင့် ထပ်တူထပ်မျှ ဝမ်းနည်းကြောင်း ထုတ်ပြန်သည်။

လက်ရှိ စစ်ရေး၊ နိုင်ငံရေးအခင်းအကျင်းထဲတွင် ရှေ့တန်းစစ်မြေပြင်ထက်၌ စစ်ရေးတာဝန်များကို အဓိကတာဝန်ယူခဲ့သောသူတစ်ဦးဖြစ်ပြီး KIA ၏ လက်ရှိ စစ်ရေးအောင်မြင်မှုများတွင် အခရာကျသောသူအဖြစ်အသိအမှတ်ပြု ဂုဏ်ပြုထားသည်။

ညီနောင်မဟာမိတ် (၃) ဖွဲ့အနေဖြင့် စစ်ဦးစီးချုပ် ဒုတိယဗိုလ်ချုပ်ကြီး ခေါင်လွမ်း၏ ကချင်အမျိုးသားလွတ်မြောက်ရေးလှုပ်ရှားမှုကာလအတွင်း အနစ်နာခံ ပေးဆပ်စွန့်လွှတ်မှု နှင့် လုပ်ဆောင်ချက်များအားလေးနက်စွာ တန်ဖိုးထားဂုဏ်ပြုလျက် ဒုတိယဗိုလ်ချုပ်ကြီး ကောင်းရာဘုံဘဝသို့ ရောက်ပါစေကြောင်း ဆုမွန်ကောင်းတောင်ရင်း ဝမ်းနည်းကြောင်းသဝဏ်လွှာကို ပေးပို့ထားသည်။

ဆက်စပ် သတင်းများ

ဆက်စပ်သတင်း မရှိပါ!!