အိမ်စိုးဖြူ
နိရဉ္စရာ၊ မေ ၁၅/ ၂၀၂၄
မလေးရှားနိုင်ငံ ကလန်းမြို့တွင် မေလ ၁၄ ရက်နေ့ ညက မလေးရှားအာဏာပိုင်များက အထောက်အထားမဲ့ဝင်ရောက်လာသူများကို ဝင်ရောက်ဖမ်းဆီးခဲ့ရာ မြန်မာနိုင်ငံသား ၃၀၀ ကျော်ဖမ်းဆီးခံခဲ့ရကြောင်းသတင်းရရှိသည်။
ဖမ်းဆီးခံရသူများထဲတွင် ၇ခိုင်လူမျိုး ၈၀ ခန့်ပါဝင်ပြီး ၎င်းတို့အနက် အမျိုးသမီး အနည်းဆုံး ၃၀ ဦး ပါဝင်သည်ဟု ထိုသူများ လွတ်မြောက်ရေးအတွက် လိုက်လံအကျိုးဆောင်ပေးနေသော ကလန်းမြို့ရခိုင်အသင်းတာဝန်ခံ ကိုကျော်ဝင်းက နိရဉ္စရာသို့ ပြောကြားသည်။
ဖမ်းဆီးခံရသူများအား လွတ်မြောက်ရေးအတွက် လိုက်လံကြိုးစားပေးနေသော်လည်း မလေးရှားလူဝင်မှုကြီးကြပ်ရေးရုံးချုပ်က ဝင်ဖမ်းခြင်းဖြစ်သဖြင့် လွတ်မြောက်ရန် မတတ်နိုင်ဟု ဆိုသည်။
“ နေအိမ်တွေကို ဝင်ဖမ်းတာပါ။ မိန်းကလေးတွေလည်း ပါပါတယ်။ လူအားလုံး ၃၀၀ ကျော်လောက်ပါ။ထားဝယ်လူမျိုးတွေနဲ့ တခြားမြန်မာနိုင်ငံသားတွေလည်း ပါပါတယ်။ ရခိုင်တွေအများကြီး ပါပါတယ်။ကျွန်တော်တို့ သူတို့လွတ်မြောက်ဖို့ လိုက်လုပ်ပေမယ့် လူဝင်မှုကြီးကြပ်ရေးရုံးချုပ်က ဝင်ဖမ်းတာဆိုတော့မတတ်နိုင်တော့ဘူး။” ဟုပြောသည်။
လက်ရှိတွင် ၎င်းတို့အား မလေးရှားလူဝင်မှုကြီးကြပ်ရေးရုံးချုပ်သို့ ဖမ်းဆီးခေါ်ဆောင်သွားသည်ဟု သိ၇ကြောင်း ၎င်းကဆက်ပြောသည်။
မြန်မာနိုင်ငံတွင် စစ်တပ်က အာဏာသိမ်းပြီးနောက်ပိုင်း လူငယ်အများအပြား နိုင်ငံရပ်ခြားသို့ တရားမဝင်လမ်းကြောင်းများမှတဆင့် ထွက်ခွါလျှက်ရှိရာ ထိုင်းနှင့် မလေးရှားအပါအဝင် နိုင်ငံအများအပြားသို့ နေ့စဉ်ရာနဲ့ချီ၍ ခိုးထွက်နေကြပြီး ဖမ်းဆီးခံရမှုများလည်း ရှိနေသည်။