အင်္ဂါ၊ မေလ ၂၈ရက်၊ ၂၀၂၄

သံတွဲမြို့နယ်၊ ရွှေလှေတိုက်နယ်တွင် တိုက်ပွဲပြင်းထန်လာသည့်အတွက် ရခိုင်နှင့် ကမန်လူမျိုးများ တိုက်ပွဲကြားတွင် ပိတ်မိနေ


  • ရေးသူ: Web Master
  • | ရက်စွဲ: ၁၅ မေ ၂၀၂၄
  • | ကြည့်ရှုသူ: 3.2k

သဉ္ဇာနွယ်

နိရဉ္စရာ၊ မေ ၁၅/ ၂၀၂၄

ရခိုင်ပြည်၊သံတွဲမြို့နယ်၊ ရွှေလှေတိုက်နယ်တွင် တိုက်ပွဲများ ပြင်းထန်လာသည့်အတွက် အနီးဝန်းကျင်ရှိကျေးရွာများတွင် နေထိုင်သော ရခိုင် နှင့် ကမန်လူမျိုးများ ဘေးလွတ်ရာ ထွက်ပြေးခွင့်မရဘဲ တိုက်ပွဲကြားတွင် ပိတ်မိနေသည်ဟု ဒေသခံ ကမန်လူမျိုးတစ်ဦးက နေရဉ္စရာကို ပြောသည်။

" အခုဖြစ်နေတာက လင်းသီ၊သပြုချိုင်၊ပေါက်တော တဝိုက်ဖြစ်နေတာ ။ တိုက်ပွဲစဖြစ်ကတည်းက နီးစပ်ရာရွာတွေကို ထွက်ပြေးသူတချို့ရှိတယ်။ ထွက်မပြေးဘဲ ကျန်နေခဲ့သူတချို့လည်းရှိနေသေးတယ်။ အခုအသက်သေတဲ့သူတွေလည်း ရှိနေပြီ။ အခုဖြစ်နေတာက မြို့ပေါ်ကို သွားလို့မရလို့ ပိတ်မိနေကြတာ။တော်တော်အခက်အခဲဖြစ်နေတယ်" ဟုဆိုသည်။

စစ်ကောင်စီက သံတွဲမြို့အဝင်/အထွက် ဘားတောင်းတောင် စစ်ဆေးရေးဂိတ်ကို ပိတ်ထားလိုက်သည့်အတွက် လက်ရှိတိုက်ပွဲဖြစ်နေသည့်  လင်းသီ၊သပြုချိုင်၊ပေါက်တောမှ ကမန်လူမျိုးများသည်ကျောင်းတိုက်၊ဇာဒီပြင်၊နတ်ပြင်၊ခြံပြင်နှင့် နားစာပြင် ကျေးရွာများဘက်သို့ ထွက်ပြေး တိမ်း‌ရှောင်နေကြရပြီး မြို့ပေါ်သို့ တိမ်းရှောင်ခွင့်မရဘဲ ပိတ်မိကာ  စားဝတ်နေရေး အခက်အခဲ ဖြစ်နေကြရသည်ဟု  သံတွဲဒေသခံတစ်ဦးက နိရဉ္စရာ သတင်းဌာနကို ပြောသည်။

" စစ်ဘေးရှောင်တာ ရခိုင်နဲ့ကမန်လူမျိုး ပေါင်းရင် ထောင်ဂဏန်း‌လောက် ကပ်နေပါပြီ။ မြို့ကို စစ်ဘေးရှောင်ကြတဲ့သူ‌တွေက သူ့ဟာနဲ့သူ လက်ရှိအချိန်အထိ အဆင်ပြေနေကြတယ်။ နယ်ဖက်က ရှောင်တဲ့လူတွေဆိုရင် ဘားတောင်းတောင်  စစ်ဆေးရေးဂိတ် ပိတ်ထားလို့ အခုဆိုရင် ပိတ်မိနေပြီ။  ရွာ ၁၀ရွာထက်မနည်း ရှိတယ်။ကုန်ပစ္စည်းတွေလည်း မဝင်တော့ဘူး။ရှိတဲ့ဟာလေးတွေနဲ့ ခြိုးခြံပြီးစားနေရတယ်။ကြာလာရင်စားနပ်ရိက္ခာပြတ်လာနိုင်တယ်  " ဟုပြောသည်။

သံတွဲတွင် ရွှေလှေ၊မကျည်းချောင်းနှင့် မြို့ပေါ်စစ်ရှောင်သည့် လူဦးရေမှာ ရခိုင်နှင့်ကမန် စုစုပေါင်း ၁၀၀၀နီးပါးခန့် ရှိနေကြောင်း သိရသည်။

ကမန်လူမျိုးများသည် လင်းသီ၊သပြုချိုင်၊ပေါက်တော၊ ကျောင်းတိုက်၊ဇာဒီပြင်၊နတ်ပြင်၊ခြံပြင်၊နားစာပြင်ကျေးရွာများနှင့် မြို့ပေါ်ရပ်ကွက်တချို့တွင် နေထိုင်ကြကြောင်း ဒေသခံများက ပြောသည်။

ဆက်စပ် သတင်းများ

ဆက်စပ်သတင်း မရှိပါ!!