အင်္ဂါ၊ မေလ ၂၈ရက်၊ ၂၀၂၄

မကွေးတိုင်း ဆောမြို့နယ်တွင် လေကြောင်းတိုက်ခိုက်ခံရပြီး ပြည်သူ ၇ ဦးသေဆုံးကာဒဏ်ရာ ပြင်းထန်သူများပြား


  • ရေးသူ: Web Master
  • | ရက်စွဲ: ၁၅ မေ ၂၀၂၄
  • | ကြည့်ရှုသူ: 353

လူထက်နိုင် (ဒွါရာမြီ)

နိရဥ္စရာ ၊မေ ၁၅ /၂၀၂၄

မကွေးတိုင်း၊ ဆောမြို့နယ်၊ တောမကျေးရွာရှိ လူနေအိမ်များပေါ်သို့ မေလ ၁၄ ရက်နေ့တွင် စစ်ကောင်စီကလေကြောင်းတိုက်ခိုက်ခဲ့သောကြောင့် ပြည်သူ ၇ ဦးသေဆုံးကာဒဏ်ရာ ပြင်းထန်သူ များပြားခဲ့ကြောင်းဒေသခံများထံမှသိရသည်။

နေ့လည် ၃ နာရီခန့် အချိန်တွင် တံတားဦးလေတပ်မှ  ဂျက်ဖိုက်တာ တစ်စီးဖြင့် ဗုံးကြဲမှုကြောင့် လူနေအိမ်၂လုံး မီးလောင်ကျွမ်းခဲ့ပြီး လူနေအိမ် ၉လုံးပျက်စီးကာ  လူနေအိမ်ပေါ်ရှိ  အပြစ်မဲ့ပြည်သူ ၉ဦး ပြင်းထန်ဒဏ်ရာရရှိခဲ့ကြောင်းသိရသည်။

သေဆုံးသူများတွင် ရှစ်လအရွယ်နှင့် ငါးနှစ်အရွယ် ကလေးငယ်များအပါအဝင် အမျိုးသား ၃ ဦး၊အမျိုးသမီး ၄ ဦး ပါဝင်ကာ ဒဏ်ရာရသူ အများအပြား ရှိသည်ဟု သိရသည်။ 

“ ဘာတိုက်ပွဲမှ ဖြစ်ပွားတာလဲမရှိဘဲ အပြစ်မဲ့ပြည်သူနေအိမ်တွေပေါ်ကို ဂျက်ဖိုက်တာနဲ့ ဗုံးကြဲသွားပါတယ်။အိမ်၂လုံး မီးလောင်ပြာကျသွားတယ်။ အနီးနားမှာရှိတဲ့ လူနေအိမ် ၉လုံးလဲ ရစရာမရှိအောင်ပျက်စီးသွားတယ်။ လက်ရှိအချိန်ထိ လသွားအရွယ် ကလေးငယ်တွေပါဝင်တယ်” ဟု ဒေသခံတစ်ဦးကပြောသည်။

တောမရွာဘုန်းတော်ကြီးကျောင်း၌ ဆောမြို့နယ် လူသားချင်းစာနာမှုတာဝန်ခံက ထောက်ပံ့ကူညီရေးများပေးဝေနေသည့် နေရာနှင့် ပေ ၅၀ ကျော်အကွာသို့ ဗုံးကြဲခဲ့ခြင်းဖြစ်ကြောင်း ဒေသခံများကဆိုသည်။

ယခုအကြိမ်သည် ဆောမြို့နယ်အတွင်းသို့ စစ်ကောင်စီ​၏ ဒုတိယမြောက် လေကြောင်းတိုက်ခိုက်မှုဖြစ်ပြီးပြီးခဲ့သည့် မေလ ၉ ရက်နေ့ နံနက် ၁၁နာရီခန့်ကလည်း ဆောမြို့နယ် အကြည်ပန်းပလွန်းရွာဘုန်းကြီးကျောင်းကို လေကြောင်းမှ တိုက်ခိုက်ခဲ့ပြီး ပြည်သူ ၂၀ ဦး သေဆုံးကာ ၂၅ ဦး ထိခိုက်ဒဏ်ရာရရှိခဲ့သေးသည်။

ဓာတ်ပုံ-CJ


ဆက်စပ် သတင်းများ