သောကြာ၊ ဇူလိုင်လ ၅ရက်၊ ၂၀၂၄

တိုက်ပွဲဧရိယာနှင့် လုံးဝသက်ဆိုင်မှုမရှိသည့် အလယ်ဖရုံကာကျွန်းကို စစ်ကောင်စီက ဂျက်တိုက်လေယာဉ်၊ လက်နက်ကြီးများဖြင့် ပစ်ခတ်


  • ရေးသူ: Web Master
  • | ရက်စွဲ: ၁၅ မေ ၂၀၂၄
  • | ကြည့်ရှုသူ: 1k

ကြိုင်ဟိန်းလင်း

နိရဉ္စရာ၊ မေ ၁၅ / ၂၀၂၄

တိုက်ပွဲဧရိယာနှင့် လုံးဝပတ်သက်ဆက်နွယ်မှုမရှိသည့် ရခိုင်ပြည်၊ ပေါက်တောမြို့နယ်ရှိ အလယ်ဖရုံကာကျွန်းကို စစ်ကောင်စီတပ်က နေ့စဉ်ရက်ဆက် လက်နက်ကြီးများဖြင့် ပစ်ခတ်နေကြောင်း သိရှိရသည်။

စစ်တွေအခြေစိုက် စစ်ကောင်စီတပ်စခန်းများနှင့် ရေတပ်နေဗီတို့မှ အလယ်ဖရုံကာကျွန်းရှိ တောင်ဦးမော်၊ကျောက်ပြင်၊ တောင်ချောင်၊ အစရှိသည့် ကျေးရွာများကို ‌လက်နက်ကြီးများဖြင့် နေ့စဉ်ရက်ဆက် ပစ်ခတ်နေသည့်အပြင် ဂျက်တိုက်လေယာဉ်နှင့်လည်း ဗုံးကြဲမှုများ ရှိလာသည်ဟု ဒေသခံများပြောသည်။

ယမန်နေ့ (မေ ၁၄ ရက်) ညနေ့ ၅ နာရီ အချိန်ခန့်ကလည်း တောင်ဦးမော်ကျေးရွာ ဘုန်းတော်ကြီးကျောင်းကိုစစ်ကောင်စီက ဂျက်တိုက်လေယာဉ်ဖြင့် လာရောက်ဗုံးကြဲမှုကြောင့် ဘုန်းတော်ကြီး‌ကျောင်းနှင့် သီလရှင် သင်္ခန်းတို့မှာ ပျက်စီးသွားခဲ့ရသည်ဟု ကျေးရွာသားတစ်ဦးက ပြောသည်။

" ညနေ ၅ နာရီလောက်က ကျနော်တို့ရွာကို ‌ဂျက်တိုက်လေယာဉ်နဲ့ လာပြီးတော့ ဗုံးကြဲတယ်။ သာသနာ့အဆောက်အအုံတွေပျက်စီးသွားတယ်။ ဂျက်ဖိုက်တာက ဗုံးနှစ်လုံးကြဲသွားတယ်။ နောက်ပြီး‌တော့  စစ်တွေဖက်ကလည်း လက်နက်ကြီးတွေနဲ့ လှမ်းပစ်တယ်" ဟု ပြောသည်။

စစ်ကောင်စီသည် အဆိုပါ ကျေးရွာသို့ ပြီးခဲ့သည့် ရက်များကလည်း နေ့တိုင်းလိုလို လက်နက်ကြီးများဖြင့်ပစ်ခတ်ခဲ့သည်။

‌ပြီးခဲ့သည့် မေလ ၁၁ ရက်နေ့ကလည်း စစ်တွေမြို့ရှိ စစ်ကောင်စီ ရေတပ်စခန်းမှ လက်နက်ကြီးများဖြင့်ပစ်ခတ်မှုကြောင့် တောင်ချောင်ကျေးရွာအနီးသို့ လက်နက်ကြီးကျည် သုံးလုံးကျရောက်ပေါက်ကွဲခဲ့ပြီး နွားတစ်ကောင် ဒဏ်ရာရရှိသွားခဲ့သည်။

အလယ်ဖရုံကာကျွန်းသည် တိုက်ပွဲဧရိယာနှင့် လုံးဝပတ်သက်မှုမရှိသလို အဆိုပါကျွန်းရှိကျေးရွာများတွင်ပေါက်တောမြို့က ထွက်ပြေးတိမ်းရှောင်နေသည့် စစ်ဘေးရှောင်အများအပြားနေထိုင်ကြသည်။

ယခုလအတွင်း စစ်ကောင်စီမှ အဆိုပါကျွန်းကို လက်နက်ကြီးများဖြင့် ပစ်ခတ်နေမှုကြောင့် ဒေသခံကျေးရွာသားများအပါအဝင် စစ်ဘေးရှောင်ပြည်သူများမှာ ဘေးလွတ်ရာသို့ ထပ်မံပြောင်းရွှေ့နေထိုင်ကြရသည်ဟုဒေသခံများက ပြောဆိုကြသည်။

ဆက်စပ် သတင်းများ