အိမ်စိုးဖြူ
နိရဉ္စရာ၊ မေ ၁၆/ ၂၀၂၄
၇ခိုင်တွင် မေလ ၁၂ ရက်နေ့မှ ၁၅ ရက်နေ့အထိ လေးရက်အတွင်း စစ်ကောင်စီက လက်နက်ကြီးများ၊ ဂျတ်ဖိုက်တာများဖြင့် ပစ်ခတ်၍ သေဆုံးသူ အနည်းဆုံး (၁၄)ဦးနှင့် လူ (၄၀) ကျော် ဒဏ်ရာရရှိခဲ့ကြောင်းသိ၇သည်။
သေဆုံး၊ ဒဏ်ရာရရှိသူများမှာ ကျောက်တော်၊ မောင်တောနှင့် သံတွဲမြို့နယ်တို့မှဖြစ်ပြီး အမျိုးသမီးများအပါအဝင် လသားအရွယ်ကလေးငယ်များလည်း ပါဝင်သည်ကိုတွေ့ရှိ၇သည်။
လွန်ခဲ့သည့် မေလ ၁၂ ရက်နေ့က မောင်တောမြို့နယ် လေးမိုင်ရွာသာယာကုန်းကျေးရွာနှင့် ငွေတောင်ကျေးရွာတို့တွင် စစ်ကောင်စီ နခခ(၅)မှ ပစ်ခတ်လိုက်သည့် လက်နက်ကြီးကျည်ထိမှန်ပြီး ဒေသခံ ၇ခိုင်လူမျိုး ၆ ဦး ဒဏ်ရာပြင်းထန်စွာရရှိခဲ့ပြီးနေအိမ်တချို့မီးလောင်ပျက်စီးခဲ့သည်။
နောက်ထပ် မေလ ၁၃ ရက်နေ့တွင် သံတွဲမြို့နယ် ဘားတောင်နှင့် သခိုးစိမ်းတောင်ကြောမှ အမြောက်ကျည်လက်နက်ပစ်ခတ်မှုကြောင့် အောက်နတ်မော်ကျေးရွာမှ ဒေသခံ အမျိုးသမီး ဒေါ်ကြွင်းတင်မှာ သံတွဲဆေးရုံတွင် ဆေးကုသမှုခံယူပြီးနောက် သေဆုံးခဲ့ပြီး နောက်ထပ်ရွာသား လူ ၃ ဦးထိခိုက်ဒဏ်ရာရရှိခဲ့သည်။
နောက်တစ်ရက်မေလ ၁၄ ရက်နေ့တွင် မောင်တောမြို့နယ် တောင်ပိုင်း ကင်းချောင်းအငူမော်သို့သွာသည့်လမ်းမအနီး ကင်းချောင်း ရခိုင်ကျေးရွာကို စစ်ကောင်စီက ဂျက်တိုက်လေယာဉ်နှစ်စီးဖြင့် လာရောက်ဗုံးကြဲခဲ့ပြန်ရာ ဦးဘိုကျော်(၃၄)အပါအဝင် အမျိုးသမီး နှစ်ဦး စုစုပေါင်း (၃) ဦး သေဆုံးခဲ့ပြီး ဒေါ်အေးနုမြိုင်(၅၀)နှစ်၊မချိုချိုဝင်း(၂၈)နှစ်၊ မနွယ်နွယ်(၂၀)နှစ်နှင့် နောက်ထပ် ကျေးရွာသားနှစ်ဦး စုစုပေါင်း (၅) ဦးတို့မှာ ဒဏ်ရာအပြင်းအထန်ရရှိခဲ့ကြသည်။
ယင်းနေ့ တွင်ပင် ညအချိန်၌ သံတွဲမြို့နယ် လင်းသီကျေးရွာကို ဘားဒေါင့်တောင်နှင့်ကွင်းဝိုင်းရေတပ်စခန်းတို့မှ ပစ်ခတ်သည့် လက်နက်ကြီးကျည်ထိမှန်ပြီး ကမန်လူမျိုးများဖြစ်သည့် ဦးညီလေး(၄၇)နှစ်၊ မငယ်လေး(၂၅)နှစ်၊ အပုလေး(၂၁)နှစ်၊ ဦးမောင်လေး(၂၆)နှစ်၊ မမေပု(၂၇)နှစ်၊ ဦးမောင်တင်ညွှန့်(၄ရ)နှစ်နှင့် ဒေါ်မေလီရန်(၇၅)နှစ်တို့မှာ ပွဲချင်းပြီး သေဆုံးခဲ့သည်။
၎င်းအပြင် အဆိုပါကျေးရွာသားကမန်လူမျိုး ဦးအောင်ကျော်ဝင်းနှင့်အတူ ဇနီးဖြစ်သူနှင့် လသားအရွယ်ကလေးငယ်တို့မှာ နေအိမ်အတွင်း လက်နက်ကြီးကျရောက်ပေါက်ကွဲပြီး ဒဏ်ရာပြင်းထန်စွာရရှိခဲ့ကြပြန်သည်။
နောက်တစ်ရက် မေလ ၁၅ ရက်နေ့ နံနက်အစောပိုင်းတွင် စစ်ကောင်စီက အကြောင်းမဲ့ဂျက်ဖိုက်တာနှင့်ဗုံးကြဲမှုကြောင့် ကျောက်တော်မြို့နယ် ဝဲကြီးထောင့်ဆေးရုံအတွင်မှ ဆေးဝန်ထမ်း၊ လူနာနှင့် အရပ်သားပြည်သူ အနည်းဆုံး လူ ၂၀ ဦးခန့် ဒဏ်ရာရရှိခဲ့ပြီး သေဆုံးသူတချို့ရှိခဲ့သည်။
တဆက်တည်းမှာပင် စစ်ဘေးရှောင်များ ခိုလှုံနေသည့် ကျောက်တော်မြို့နယ် လမ်းမတော်အထက်တန်းကျောင်းကိုလည်း ရည်ရွယ်ချက်ရှိရှိ ပစ်ခတ်ခဲ့သဖြင့် စစ်ဘေးရှောင် ၅ ဦးခန့် ဒဏ်ရာရရှိခဲ့ပြန်သည်။
ယင်းနေ့ကကျောက်တော်ဖြစ်စဉ်အတွင်း ဒဏ်ရာရရှိသူ လူ အနည်းဆုံး ၂၅ ဦးထက်မနည်းရှိခဲ့ပြီး သေဆုံးသူများကို နိရဉ္စရာမှ သီးခြားအတည်ပြုနိုင်ခြင်းမရှိသေးပါ။
ရခိုင်တွင် စစ်ကောင်စီနှင့် အာရက္ခတပ်တော်တို့ကြားတိုက်ပွဲများ နေ့စဉ်ဆိုသလို ဖြစ်ပွားနေပြီး တိုက်ပွဲမှာရခိုင်မြောက်ပိုင်းမှ ရခိုင်တောင်ပိုင်းအထိပျံ့နှံ့ရောက်ရှိသွားခဲ့ပြီးစစ်ကောင်စီက လူနေကျေးရွာများသို့ပစ်ခတ်သည့်လက်နက်ကျည်များကြောင့် နေ့စဉ်လိုလို သေဆုံး၊ ဒဏ်ရာရရှိသူများရှိနေကြောင်းသိ၇သည်။