စနေ၊ ဇူလိုင်လ ၂၇ရက်၊ ၂၀၂၄

သံတွဲတွင် စစ်ကောင်စီတပ်နှင့် အာရက္ခတပ်တော်(AA)တို့ နှစ်ဖက်စစ်ရေးလှုပ်ရှားမှု များလာပြီး တိုက်ပွဲ ပြင်းထန်မည့်အခြေအနေ ရှိသောကြောင့် စစ်ကောင်စီလက်အောက်ခံ ဌာနဆိုင်ရာ ဝန်ထမ်းအများစု ရန်ကုန်သို့ ရွှေ့ပြောင်း


  • ရေးသူ: Web Master
  • | ရက်စွဲ: ၁၆ မေ ၂၀၂၄
  • | ကြည့်ရှုသူ: 4.5k

လူထက်နိုင် (ဒွါရာမြီ)

နိရဥ္စရာ ၊မေ ၁၄ /၂၀၂၄

သံတွဲမြို့ အနီးအနားကျေးရွာများတွင် စစ်ကောင်စီတပ်နှင့် အာရက္ခတပ်တော်တို့ နှစ်ဖက်စစ်ရေးလှုပ်ရှားမှု များလာပြီး တိုက်ပွဲပြင်းထန်မည့် အခြေအနေရှိသောကြောင့် စစ်ကောင်စီလက်အောက်ခံ ဌာနဆိုင်ရာ အကြီးပိုင်းဝန်ထမ်းအများစုနှင့် ဝန်ထမ်းအချို့သည် ရန်ကုန်နှင့် အခြားမြို့များသို့ ရွှေ့ပြောင်းနေကြကြောင်း ဒေသခံများထံမှ သိရသည်။

“ဟိုနေ့က လင်းသီမှာ လက်နက်ကြီးကျလို့ ပြည်သူတွေသေတယ်။ လင်းသီဟာ သံတွဲနဲ့ ၁၇ မိုင်ပဲဝေးတယ်။နောက် သံတွဲနဲ့ ၅ မိုင်ကျော်ကျော်ပဲဝေးတဲ့ ခရမ်းမော်မှာ အေအေစစ်ရေးလှုပ်ရှားတာရှိတယ်။ နောက် ၂ မိုင်လောက်ဝေးတဲ့ ခြံပြင်ရွာအနီးက ကျောက်ကာကွင်း ပန်းချင်းပေါက်ရွာဖက်မှာ နှစ်ဖက်စစ်ရေးလှုပ်ရှားတာရှိတယ်။ မြို့နဲ့နီးလာတော့ ထွေအုပ်တို့ စည်ပင်၊ မီးသတ်၊ လယ်ယာစိုက်ပျိုးရေးတို့က အရာရှိ အကြီးပိုင်းတွေ ပြောင်းရွေ့နေတာပါ” ဟု သံတွဲမြို့မှ ဝန်ထမ်းတစ်ဦးက ပြောသည်။

သံတွဲမြို့နှင့် ၁၇ မိုင်ကျော်ဝေးသော ရွှေလှေတိုက်နယ်အနီးတွင် တိုက်ပွဲပြင်းထန်နေပြီး သံတွဲမြို့နှင့် ငါးမိုင် နှင့် ဆယ်မိုင်ကြားသာ ကွာဝေးသည့် ကွေ့ချောင်း ပေါက်တော၊ ရေစင်၊ ခရမ်းမော် ၊ ဆိတ်ကြီး ၊ တောင်ညိုကျေးရွာတို့တွင် အာရက္ခတပ်တော်မှ စစ်ရေးလှုပ်ရှားမှု ရှိနေပြီး မြို့နှင့် ၂ မိုင်သာ ကွာဝေးသည့် ပြည့်ဝ၊ မြုံပြင်၊ နန်ချောင်း စသည့်ကျေးရွာတို့တွင် စစ်ကောင်စီမှ စစ်ရေးလှုပ်ရှားမှု ရှိနေကြောင်းဒေသခံများထံမှ သိရသည်။

ရွှေလှေတိုက်နယ်တွင် တိုက်ပွဲဖြစ်ပွားပြီးနောက်ပိုင်း ဒေါ်မြဘက်၊ကျောင်းကုန်း၊ဇီးကျွန်း၊ လင်းသီ၊ ခရမ်းမော်၊ကြက်စားချောင် ကျေးရွာတို့မှ စစ်ကောင်စီဝန်ထမ်းအများစုသည် သံတွဲမြို့ပေါ်သို့ ရွှေ့ပြောင်းခဲ့ကြပြီး ယခုရက်ပိုင်းတွင် ပြည်မဘက်သို့ ရွှေ့ပြောင်းနေကြခြင်းဖြစ်ကြောင်း ဒေသခံ ဝန်ထမ်းတစ်ဦးက ပြောသည်။

" စစ်ကောင်စီက ရွှေ့ပြောင်းခိုင်းတာမဟုတ်ဘူး၊သူတို့ဟာသူတို့ ပြောင်းကြတာ။ သံတွဲက ဌာနဆိုင်ရာဝန်ထမ်း အကြီးအကဲတွေဟာ ပြည်မကများတယ်လေ။ သူတို့အဓိက ပြောင်းတာ။ ဒီနေ့လေယာဉ်လက်မှတ်တွေ ဈေးတက်ပြီး သုံးပတ်စာလောက် ဘွတ်ကင်ပြည့်နေပြီလို့ကြားတယ်။ ဒေသခံဝန်ထမ်းတွေလည်း ရန်ကုန်ကိုပြောင်းကြတယ်လို့သိရတယ်” ဟု သံတွဲဒေသခံ ဝန်ထမ်းတစ်ဦးက ပြောသည်။

ထွေ/အုပ်၊ စည်ပင်၊ မီးသတ်၊ လယ်ယာစိုက်ပျိုးရေး၊ ကျေးလက်ဖွံ့ဖြိုးရေး၊ အကောက်အခွန်နှင့် လျှပ်စစ်ဖြန့်ဖြူးရေး စသည့် ဌာနများက ဝန်ထမ်းများမှာအဓိက ရွှေ့ပြောင်းနေကြခြင်းဖြစ်ကြောင်းသိရသည်။

ယနေ့ မေလ ၁၆ ရက်နေ့တွင်လည်း AA နှင့် စစ်ကောင်စီတပ်တို့ ရွှေလှေတိုက်နယ်ကျေးရွာအနီးတစ်ဝိုက်တွင် တိုက်ပွဲ ဆက်လက်ဖြစ်ပွားနေပြီး သံတွဲမြို့အဝင်ရှိ ဘားတောင်းတောင်မှ စစ်ကောင်စီတပ်နှင့် ပင်လယ်ပြင်မှ နေဗီတို့က လက်နက်ကြီးများ အဆက်မပြတ် ပစ်ခတ်နေကြောင်း သိရသည်။

လက်ရှိအချိန်အထိ ကွေ့ချောင်းကျေးရွာအနီး တိုက်ပွဲပြင်းထန်နေပြီး လေယာဉ်ဖြင့်လည်း စစ်ကောင်စီက ဗုံးကြဲတိုက်ခိုက်နေကြောင်းလည်း သတင်းရင်းမြစ်များက ပြောဆိုကြသည်။


ပုံ - သံတွဲမြို့ရှိ ဒွါရာဝတီတံတားကိုတွေ့ရစဉ်


ဆက်စပ် သတင်းများ