ဗုဒ္ဓဟူး၊ ဇွန်လ ၂၆ရက်၊ ၂၀၂၄

ရခိုင်တွင်စစ်ရှုံးနေသည့် စစ်ကောင်စီ ရခိုင်လူထုကို အငြိုးအတေးဖြင့် ဗုံးကြဲသတ်ဖြတ်မှု နေ့စဉ်ရက်ဆက် ကျူးလွန်နေ


  • ရေးသူ: Web Master
  • | ရက်စွဲ: ၁၆ မေ ၂၀၂၄
  • | ကြည့်ရှုသူ: 3k

(မင်းပြားတွင်  ဗုံးကြဲခံရ၍ ၁၂ တန်းကျောင်းသားတစ်ဦးသေဆုံး၊ သံဃာတော် တစ်ပါး ဒဏ်ရာရ)

သဉ္ဇာနွယ်/နိရဉ္စရာ၊ မေ ၁၆/ ၂၀၂၄

ရခိုင်ပြည်တွင် စစ်ရှုံးနေသော စစ်ကောင်စီသည် ရခိုင်လူထုအား အငြိုးအတေးထားကာ ဗုံးကြဲ သတ်ဖြတ်မှုများအား နေ့တိုင်းကျူးလွန်နေရာ မေလ ၁၅ ရက်နေ့ကလည်း မင်းပြားမြို့ကို ဂျက်ဖိုက်တာဖြင့် ဗုံးလာကြဲ၍ Grade-12 ( ၁၂ တန်း) ကျောင်းသားတစ်ဦး သေဆုံးပြီး သံဃာတော်တစ်ပါးဒဏ်ရာ ရရှိသွားကြောင်း သတင်းရရှိသည်။

သေဆုံးသူမှာ ဥက္ကာပျံရပ်ကွက်မှ မောင်ငြိမ်းထက်သူရအောင် (၂၀)နှစ်ဖြစ်ပြီး ဒဏ်ရာရသူမှာ ဥက္ကာပျံရပ်ကွင် ဓမ္မဓိပတိဘုန်းတော်ကြီးကျောင်းမှ  ဦးပညာဝံသ သက်တော်(၄၂)နှစ်ဖြစ်သည်။

မင်းပြားမြို့ကို မေ ၁၅ ရက်နေ့ နံနက် ၉နာရီကျော်ခန့်က စစ်ကောင်စီ၏ ဂျက်ဖိုက်တာဖြင့် ဗုံးလာကြဲခဲ့၍  ဓမ္မဓိပတိဘုန်းတော်ကြီးကျောင်းတွင် ကျရောက်ခဲ့ကာ ဗုံးစကျည်ထိမှန်၍ ရဟန်းသံဃာတော်တစ်ပါး ဒဏ်ရာရရှိကာ   လူငယ်တစ်ဦးသေဆုံးသွားခဲ့သည်ဟု မင်းပြားမြို့ခံတစ်ဦးက နိရဉ္စရာ သတင်းဌာန ကိုပြောသည်။

" ဘုန်းတော်ကြီးကျောင်းကိုပဲ တမင်လာကြဲတာ။     အဲ့ဒီအထဲမှာရှိနေတဲ့ ကျောင်းသားမှာ ရင်ညွှန့်မှာ ထိပြီးသေသွားတာပါ။ သူက ဘုန်းကြီးကျောင်းက စာလာသင်တာ။ နယ်ဖက်မှာက ကလေးတချို့က ဘုန်းကြီးတွေဆီက အင်္ဂလိပ်စာတို့ လာသင်တာ ရှိတယ်လေ။  ဒဏ်ရာရတဲ့ ရဟန်းက ညှပ်ရိုးနားမှာ ရသွားပါတယ်  " ဟုပြောသည်။

စစ်ကောင်စီသည် မင်းပြားမြို့ကို မကြာခဏဆိုသလို ဗုံးလာကြဲမှုများ ဆက်တိုက်ရှိနေသေးသဖြင့် မြို့ခံတချို့မှာ  နေရပ်ပြန်ရမည်ကို စိုးရိမ်ကြောင့်ကြ နေသည်ဟု မင်းပြားမြို့မှ စစ်ရှောင်အမျိုးသမီး တစ်ဦးက နိရဉ္စရာ သတင်းဌာန ကိုပြောသည်။

" မြို့ကိုပြန်လည်းပြန်ချင်တယ်။ ကိုယ့်အိမ်ကိုမြင်ချင်တာပေါ့။ သူများရွာမှာ စစ်ရှောင်နေရတော့ စားဝတ်နေရေးမဆင်မပြေဘူး။ မြို့ကိုပြန်မယ်ဆိုတော့လည်း ဗုံးခဏဏလာကြဲတယ် မပြန်ရဲသေးဘူး။ စိုးရိမ်နေရတယ် " ဟုပြောသည်။

မေလ ၁ ရက်‌ နေ့ကလည်း မင်းပြားမြို့ (မြေပုံကားလမ်း၏အနောက်ဘက်) စစ်ကောင်စီ တပ်ရင်းဟောင်းများဖြစ်ကြသည့်  ခမရ (၃၇၉)၊ (၃၈၀)၊ (၅၄၁) တပ်တို့ကို စစ်ကောင်စီက ယနေ့ နေ့လယ် ၁၁ နာရီခွဲခန့်တွင် လေယာဥ်ဖြင့် ဗုံးလာကြဲခဲ့သည်။

မေလ (၁၅) ရက်နေ့၊ နံနက် ၁၂ နာရီ ၁၆ မိနစ်ခန့်တွင် ကျောက်တော်မြို့နယ်၊ ဝဲကြီးထောင့် ကျေးရွာရှိ "ဝဲကြီးထောင့်ဆေးရုံ" အား လေကြောင်းမှ ဗုံးကြဲတိုက်ခိုက်ခဲ့မှုကြောင့် ဆေးရုံတစ်ခုလုံးနီးပါး ပျက်စီး ဆုံးရှုံးသွားခဲ့ရပြီး ဆေးဝန်ထမ်း၊ လူနာ နှင့် လူနာစောင့်အရပ်သားပြည်သူ စုစုပေါင်း (၂၀) ဦးထက်မနည်း ထိခိုက်ဒဏ်ရာရသည့်အနက် အပြင်းစားဒဏ်ရာရသူ (၅) ဦးရှိခဲ့ပြီး မြင်း (၁) ကောင်လည်း သေဆုံးခဲ့သည်ဟု ဖော်ပြထားသည်။

ပြီးခဲ့သည့်  ဧပြီလ ၃၀ ရက်နေ့ ကလည်း မင်းပြားမြို့ကို  စစ်ကောင်စီမှ လေယာဥ်ဖြင့် ဗုံးလာကြဲသည့်အတွက် စျေးဟောင်းပိုင်းရပ်ကွက်ရှိ ရဲစခန်းနဲ့  သပြေညို ရပ်ကွက်မှာ ဗုံးများ ကျရောက်ခဲ့ပြီး သပြေညိုရပ်ကွက်က  နေအိမ် ၅ လုံးမီးလောင်ခဲ့ပြီး၊ ဒဏ်ရာရရှိသူများလည်းရှိခဲ့သည်။ 

 

ဆက်စပ် သတင်းများ