ဗုဒ္ဓဟူး၊ ဇူလိုင်လ ၃ရက်၊ ၂၀၂၄

ရမ်းဗြဲတွင် ကောက်ယူလာသည့် စစ်လက်ကျန် ဗုံးပေါက်ကွဲ၍ ကလေးနှစ်ဦးအပါအဝင် မိသားစုဝင် ၅ ဦးဒဏ်ရာရ


  • ရေးသူ: Web Master
  • | ရက်စွဲ: ၁၇ မေ ၂၀၂၄
  • | ကြည့်ရှုသူ: 926

အောင်ကြွယ်ငြိမ်း၊ နိရဥ္စရာ၊ မေ ၁၆/ ၂၀၂၄

ရခိုင်ပြည်၊ ရမ်းဗြဲမြို့တွင် ကောက်ယူလာသည့် စစ်လက်ကျန် ဗုံးတစ်လုံးပေါက်ကွဲ၍ ကလေးနှစ်ဦး အပါအဝင် မိသားစုဝင် ၅ ဦး ထိခိုက်ဒဏ်ရာရရှိသွားသည်ဟု သိရသည်။

ဒဏ်ရာရရှိသွားသူများမှာ ရမ်းဗြဲမြို့၊ အမှတ်(၆) ညောင်ပင်လှရပ်ကွက်မှ မခိုင်သဇင်ဖြိုး(၁)နှစ်ခွဲ၊ မယဉ်ယဉ်နု (၃)နှစ်၊ မောင်ကျော်ကျော်သိန်း(၁၄) နှစ်၊ဒေါ်ဝင်းဝင်းရီ (၃၄)နှစ်နှင့် ဒေါ်နုဝင်းရီ(၃၆)နှစ် တို့ဖြစ်ကြောင်း သိရသည်။

ယနေ့မေလ ၁၆ ရက်၊ မနက်ပိုင်းက မောင်ကျော်ကျော်သိန်းမှာ ရပ်ကွက်အနီးအနားရှိ ဥယျာဥ်ခြံ တစ်ခုတွင် ကျကျန်နေသည့် စစ်လက်ကျန်ဗုံးတစ်လုံးကို တွေ့မြင်ပြီး နေအိမ်သို့ ကောက်ယူလာခဲ့သည်ဟု သိရသည်။

အဆိုပါစစ်လက်ကျန်ဗုံးကို မိခင်က နဂိုနေရာတွင်ပြန်ထားခိုင်း၍ မောင်ကျော်ကျော်သိန်းမှာ ဗုံးသီးကို ပစ်ချလိုက်ရာမှ ပေါက်ကွဲမှုဖြစ်ပွားပြီး နေအိမ်အတွင်းရှိ မိသားစုဝင် ၅ ဦးမှာ ဗုံးစထိမှန်ကာ ထိခိုက် ဒဏ်ရာရရှိသွားကြခြင်းဖြစ်သည်ဟု သိရသည်။

"နေအိမ်အတွင်း လက်ပစ်ဗုံးကို ပစ်ချလိုက်လို့ ဗုံးပေါက်ကွဲမှုဖြစ်တာလေ။ မိသားစုဝင် ၅ ယောက်စလုံး ပြင်းထန်ဒဏ်ရာရသွားကြတယ်။ သေဆုံးတာတော့မရှိပါဘူး" ဟု ရပ်ကွက်သားတစ်ဦးက ပြောသည်။

လက်ရှိတွင် ဒဏ်ရာရရှိသွားသည့် မိသားစုဝင် ၅ဦးမှာ ဆေးကုသမှုခံယူနေရသည်ဟုလည်း သိရသည်။

ဆက်စပ် သတင်းများ