တနင်္လာ၊ ဇွန်လ ၂၄ရက်၊ ၂၀၂၄

ကူမင်းဆွေးနွေးပွဲတွင် ရခိုင်၌ AA တပ်တစ်ခုတည်းရှိရမည့်မူအပါအဝင် အရပ်သားပြည်သူများကိုပစ်မှတ်ထားတိုက်ခိုက်မှုကိုရပ်တန့်ရန်နှင့် စစ်တပ်ကို ရခိုင်က ထွက်ခွာသွားရန် တောင်းဆိုရာမှ ဆွေးနွေးပွဲပျက်


  • ရေးသူ: Web Master
  • | ရက်စွဲ: ၁၇ မေ ၂၀၂၄
  • | ကြည့်ရှုသူ: 29.6k

(စစ်ကောင်စီက  ၂၀၀၈ ဖွဲ့စည်းပုံနှင့် တို့တာဝန်အရေးသုံးပါးကိုပြောဆိုရာမှ ဆက်ဆွေးနွေး၍ မရခဲ့ဟုဆို)

အေးမြတ်ခိုင်၊ နိရဉ္စရာ၊ မေလ ၁၇/၂၀၂၄

တရုတ်နိုင်ငံ၊ယူနန်ပြည်နယ်၊ ကူမင်းမြို့တွင် AAနှင့် စစ်ကောင်စီတို့ တွေ့ဆုံခဲ့သည့် ဆွေးနွေးပွဲတွင် ရခိုင်၌ အာရက္ခတပ်တော် (AA)  တပ်တစ်ခုတည်းရှိရမည့် မူအပါအဝင် စစ်တပ်က အရပ်သား ပြည်သူများကို ပစ်မှတ်ထားတိုက်ခိုက်မှုကိုရပ်တန့်ရန်နှင့်  စစ်တပ်ကို ရခိုင်က ထွက်ခွာသွားရန် တောင်းဆိုရာမှ ဆွေးနွေးပွဲပျက်သွားခဲ့သည်ဟု သိရသည်။

စစ်ကောင်စီကိုယ်စားလှယ်အဖွဲ့ကလည်း  ၂၀၀၈ ဖွဲ့စည်းပုံနှင့် တို့တာဝန်အရေးသုံးပါးကိုပြောရာမှ ဆက်ဆွေးနွေးပွဲမှာ ရှေ့ဆက်မရဘဲပျက်သွားခဲ့ကြောင်း  ဆွေးနွေးပွဲအကြောင်း အသေးစိတ်သိရှိသူ တစ်ဦးက နိရဉ္စရာသတင်းဌာကို ပြောသည်။

"ရခိုင်အရေး ဆွေးနွေးမှုကတော့ ဘာမှ မထူးခြားဘူး။ နှစ်ဘက်သဘောတူညီမှု မရကြဘူးပေါ့။ အေအေက ရခိုင်မှာ အေအေပဲရှိရမယ်။ အရပ်သားပြည်သူတွေကို ပစ်မှတ်ထားတာကို ရပ်တန့်ဖို့ နဲ့ စစ်တပ်ကို ရခိုင်က ထွက်ခွာသွားပေးဖို့ပြောတယ်။ စစ်တပ်ကလည်း ၂၀၀၈ ဖွဲ့စည်းပုံအရ တို့တာဝန်အရေးသုံးပါးတာဝန်ရှိတယ်လို့ ပြောတော့ ဆက်ဆွေးနွေးလို့ မရတော့ဘူး။ အခြေအနေက ပြီးသွားတာပေါ့" ဟု ၎င်းက ပြောသည်။

၎င်းဆွေးနွေးပွဲကို AA ကိုယ်စားလှယ်များနှင့် စစ်ကောင်စီကိုယ်စားလှယ် အဖွဲ့တို့ တရုတ်၏ကြားဝင် ညှိနှိုင်းမှုဖြင့် ကူမင်းမြို့တွင် မေလ ၁၆ ရက်နေ့က  ပြုလုပ်ခဲ့ခြင်းဖြစ်သည်။

အဆိုပါ တွေ့ဆုံဆွေးနွေးမှုအတွင်း TNLA  နှင့် MNDAA အရေးကို အဓိကထား ဆွေးနွေး နိုင်ခဲ့သော်လည်း ရခိုင်အရေး သီးခြားဆွေးနွေးပွဲတွင် သဘောတူညီမှု မရရှိခဲ့ကြောင်း ၎င်းက ဆက်လက်ပြောဆိုသည်။

ကိုးကန့်တပ် (MNDAA)၊ တအာင်းတပ် (PSLF/TNLA) နှင့် အာရက္ခတပ်တော် ( AA) ညီနောင်မဟာမိတ် သုံးဖွဲ့နှင့် စစ်ကောင်စီတို့ မေလ ၁၄ ရက်မှ ၁၆ ရက်နေ့အထိ တရုတ်နိုင်ငံ၊ ကူမင်းမြို့ရှိ ဟိုင်ဂင်ဟော်တယ်တွင် ၅ ကြိမ်မြောက် တွေ့ဆုံ‌ဆွေးနွေးကို ပြုလုပ်ခဲ့သည်။

ဆွေးနွေးမှုအတွင်း မေလ ၁၄ ရက်နှင့် ၁၅ ရက်တွင် တွင် သဘောတူညီချက် (၅) ချက်ဖြစ်သည့် (၁) ယခုရရှိထားသော ဟိုင်ဂင် သဘောတူညီချက်ကို အခုထက်ပိုမိုကောင်းမွန်စေရေး၊ (၂) နှစ်ဘက် ထိပ်တိုက်တွေ့မှုများကို နည်းသထက်နည်းအောင် လျော့ချနိုင်ရေး၊ (၃) နယ်စပ်ကုန်သွယ်ရေး လမ်းကြောင်းများကို ပြန်ဖွင့်ရေး၊ (၄) မြန်မာနိုင်ငံအတွင်းရှိ တရုတ်အကျိုးစီးပွား‌များကို အကာအကွယ် ပေးရေး နှင့် (၅) ကိုကန့်(MNDAA) ကို ကိုးကန့်အထူးဒေသ (၁) ၏ တရားဝင်အစိုးရအဖြစ် အသိအမှတ်ပြုရေး တို့ကို ဆွေးနွေးခဲ့ကြောင်း သိရသည်။

မေလ ၁၆ ရက်တွင်မူ ရခိုင်တွင် အပစ်အခတ်ရပ်စဲရေးကိစ္စအား အာရက္ခတပ်တော်(AA) နှင့် စစ်ကောင်စီတို့ သီးခြားဆွေးနွေးခဲ့ခြင်း ဖြစ်သည်။

ဆွေးနွေးပွဲကို စစ်ကောင်စီ၏ ငြိမ်းချမ်ရေးအဖွဲ့ NSPNC အဖွဲ့ဝင်သစ်ဖြစ်သူ စစ်ဥပဒေချုပ် ဒုဗိုလ်ချုပ်ကြီး မျိုးသန့်နိုင် ဦးဆောင်တက်ရောက်ခဲ့ပြီး  အာရက္ခတပ်တော်(AA) ၏ ဒုစစ်ဦးစီးချုပ် ဒေါက်တာ ညိုထွန်းအောင် ဦးဆောင် တက်ရောက်ခဲ့သည်။

ညီနောင် ၃ ဖွဲ့နှင့် တွေ့ဆုံရာတွင် အာရက္ခတပ်တော်(AA)၏ ဒုစစ်ဦးစီးချုပ် ဒေါက်တာ ညိုထွန်းအောင် ၊  တအာင်းအမျိုးသား လွတ်မြောက်ရေးတပ်မတော် (TNLA) ၏ နိုင်ငံခြားရေးဌာနမှူး ဗိုလ်မှူးကြီး တာမိုးဟိန်း၊ မြန်မာအမျိုးသားဒီမိုကရက်တစ် မဟာမိတ်တပ်မတော်(MNDAA) ၏ ပြင်ပ ဆက်ဆံရေးနှင့်  နိုင်ငံခြားရေးဌာနမှူး ဗိုလ်မှူးချုပ် ဖုန်းဝင်းနိုင်တို့က တက်ရောက်ခဲ့ကြသည်။

ညီနောင်မဟာမိတ်သုံးဖွဲ့ ၏ ၁၀၂၇ စစ်ဆင်ရေးအတွင်း ရှမ်းပြည်မြောက်ပိုင်းမှ မြို့ပေါင်း ၁၆ မြို့ကို မဟာမိတ်သုံးဖွဲ့က သိမ်းပိုက်ခဲ့ပြီး ဇန်နဝါရီလ ၁၁ ရက်နေ့မှာ တရုတ်၏ ကြားဝင်ညှိနှိုင်းမှုကြောင့် တိုက်ပွဲများရပ်တန့်ခဲ့သည်။

သို့သော် ညီနောင်မဟာမိတ် သုံးဖွဲ့ နှင့် စစ်ကောင်စီတို့ အခုဆွေးနွေးပွဲကျင်းပနေစဉ်အတွင်းမှာပင် ရခိုင်တွင် တိုက်ပွဲများပြင်းထန်နေခဲ့ပြီး အေအေသိမ်းပိုက်ထားသည့် ကျောက်တော်မြို့နယ်မှာလည်း လေကြာင်းဗုံးကြဲမှု‌ေကြာင့် မေလ ၁၅ ရက်တွင် ဝဲ‌ကြီးထောင့်‌ဆေးရုံတစ်ခုလုံးနီးပါး ပျက်စီးဆုံးရှုံးခဲ့ရကာ ဆေးဝန်ထမ်း၊ လူနာ နှင့် လူနာစောင့် အရပ်သားပြည်သူ စုစုပေါင်း (၂၀) ဦး ထက်မနည်း ထိခိုက်ဒဏ်ရာရပြီး သံတွဲမြို့နယ်၊ လင်းသီကျေးရွာကိုလည်း စစ်ကောင်စီက ပစ်ခတ်သည့် လက်နက်ကြီး ကျည်စထိမှန်လို့ အရပ်သား (၁၀) ဦး သေဆုံးခဲ့ရသည်။

ရခိုင်အရေး ဆွေးနွေးပွဲပျက်သွားရခြင်းနှင့် ပတ်သက်ပြီး အာရက္ခတပ်တော် ( AA) မှ တစ်စုံတစ်ရာ ထုတ်ပြန်ခြင်း မရှိသေးသဖြင့် ယခုသတင်းပါ အချက်အလက်များကို သီးခြားအတည်ပြုနိုင်ခြင်းတော့ မရှိသေးပါ။

(စစ်ကောင်စီ ကိုယ်စားလှယ်များနှင့် ညီနောင်မဟာမိတ်သုံးဖွဲ့ ကိုယ်စားလှယ်များ ရှမ်းပြည်နယ် (အရှေ့ပိုင်း)၊ မိုင်းလားမြို့ တွင် ၂၀၂၃ ခုနှစ် ဇွန်လ ၁ ရက်နေ့က တွေ့ဆုံဆွေးနွေးခဲ့စဉ်)

ဆက်စပ် သတင်းများ