ခိုင်လူလှ( ရိုးမမြီ) နိရဉ္စရာ၊ မေ ၁၈/၂၀၂၄
ရခိုင်ပြည်နယ် တောင်ဘက်အစွန်ဆုံး ဂွမြို့နယ်တွင် ကျေးရွာတစ်ရွာကို လူ ၂၅ ဦးဖြင့် ကျေးရွာလုံခြုံရေး ဖွဲ့ရမည်ဟု ဆိုကာ စစ်တပ်က အတင်းဖွဲ့ခိုင်းပြီး ၎င်းတို့ သင်တန်းစရိတ်ဟု ဆိုကာ အိမ်ထောင်စု တစ်စုက ကျပ် ၁၀၀၀၀ မှ ၃၀၀၀၀ အထိ ကောက်ခံနေသည်ဟုဒေသခံများက ပြောသည်။
ဂွမြို့နယ်ရတနာမြိုင်ရွာသား တစ်ဦးက “အခုရွာမှာ စစ်တပ်ကရွာလုံခြုံရေးဖွဲ့ရမယ်ဆိုပြီးတော့တစ်ရွာကို ၂၅ ယောက် ဖွဲ့ခိုင်းပြီးတော့ အဲဒီလူတွေ သင်တန်းသွား၇ဖို့အတွက်ဆိုပြီး တစ်အိမ်ကို ၂၀၀၀၀ ကနေ ၃၀၀၀၀ ကောက်နေပါတယ်။ မေလ ၁၇ ရက်နေ့ညနေကစပြီးတော့ အုပ်ချုပ်ရေးမှုးဦးကိုသန်းနဲ့ အဖွဲ့က တစ်အိမ်ဝင်တစ်အိမ်ထွက် ကောက်ခံနေပါတယ်”ဟု ပြောသည်။
ရတနာမြိုင်ရွာတွင် ရွာသားအများစုမှာ အဆင်မပြေကြသူများပြီးငွေမထည့်သူ အိမ်ထောင်စုများအား ရွာကနေ နှင်ထုတ်ကာ သန်းခေါင်စာရင်းကနေ ပယ်ဖျက်မည်ဟုခြိမ်းခြောက်ပြီး အတင်း ကောက်ခံနေသည်ဟု ၎င်းကဆက်လက် ပြောကြားသည်။
“ ကျွန်တော်တို့ရွာမှာ နေထိုင်ကြတဲ့သူတွေကအဆင်မပြေတဲ့ သူတွေများပါတယ်။ အခု အကျပ်အတည်းနဲ့ နေထိုင်ရတဲ့ အခြေအနေမျိုးမှာ ခုလိုထပ်ပြီးအတင်းငွေကောက်တာနဲ့ ရင်ဆိုင်နေကြရလာတော့ပိုပြီးတော့ အဆင်မပြေကြရတာပေါ့။ ဒါကို အုပ်ချုပ်ရေးမှူးနဲ့ အပေါင်းပါတို့ကအတင်းအဓမ္မ ကောက်ပြီးတော့ မထည့်ရင် ရွာသူ ရွာသားတွေကို ရွာသား အဖြစ်ကနေ ပယ်ထုတ်မယ်။ သန်းခေါင်စာရင်းကနေလည်း ထုတ်မယ်လို့ ပြောခဲ့ပါသေးတယ်”ဟု ၎င်းက ဆက်ပြောသည်။
အလားတူ ဂွ မြို့နယ်၊ ကျိန္တလီမြို့ အနီးနားမှာရှိ သဖန်းကွင်း၊ ချင်းကွင်း၊ပုန်းညက်၊စမ်းချောင်း၊ ဂျိတ်တောင်၊ကိုင်းတောကွင်း၊သဲကုန်း၊ကျောက်ခေါက်ကွင်း ကျေးရွာတို့တွင်လည်းပြည်သူ့စစ်ဖွဲ့ရန် စာရင်းကောက်ယူနေပြီး အိမ်တစ်အိမ်ကို ငွေတစ်သောင်းကနေ နှစ်သောင်းထိ ကောက်ခံနေကြောင်းကျေးရွာသားများက ပြောကြားသည်။
ဒေသခံအမျိုးသမီးတစ်ဦးက “ အခု လူတွေက ငါးဖမ်းပိုက်ချတာလည်းမလုပ်ကြသေးဘူး။ လယ်လည်း မလုပ်ကြသေးဘူး။ အခုလို ဝင်ငွေမရှိတဲ့ကာလမှာ ငွေကောက်ခံနေလို့အကုန်သူ အခက်အခဲဖြစ်နေပါတယ်။ ဒီအထဲမှာ ကုန်ဈေးနှုန်းကလည်း အရမ်းကြီးတော့ လူတွေ ထမင်းမငတ်ရုံတမယ်ရုန်းကန်နေရချိန်မှာ ပြည်သူ့စစ် စရိတ်ဆိုပြီး ငွေကောက်နေတော့ အားလုံး စိတ်မချမ်းသာဖြစ်နေကြ၇ပါတယ်” ဟု ပြောကြားသည်။
လက်ရှိ အဆိုပါဒေသတွင်အညံ့ဆုံး ဆန်တပြည်ကို ကျပ်ငွေ ၆၅၀၀ကနေ ၈၀၀၀ အထိ ရှိနေပြီး ဆန်ကွဲကြိုသောက်နေရသူများတောင်ရှိနေကြောင်း သူမကပြောကြားသည်။
လက်ရှိ ဓာတ်ဆီ၁ လီတာ ၇၀၀၀၊ အညံ့စားဆန်တစ်ပြည် ၆၅၀၀၊ ကော်ဖီမစ်၁ ထုပ် ၄၀၀၊ ကြက်သွန်နီ ၁ ပိဿ ၇၀၀၀၊ ကြက်သွန်ဖြူ ၁ပိဿာ ၃သောင်း၊ယမ်ယမ်ခေါက်ဆွဲနှင့် ခေါက်ဆွဲထုပ် ၁ ထုပ် ၁၀၀၀ စသဖြင့် ဝယ်ယူအသုံးပြုနေ၇သည်ဟုသူမက ပြောဆိုသည်။
နောက်ထပ် ဒေသခံ တစ်ဦးကလည်း “ ကျွန်တော်တို့ ဂွမြို့နယ်မှာ ကျေးရွာအုပ်ချုပ်ရေးမှူးအများစုကစစ်တပ်က ခန့်အပ်တာများလို့ ပြည်သူတွေကို အာဏာပြတဲ့သူများပါတယ်။ အခုလည်း စစ်တပ်နဲ့ ပေါင်းပြီးပြည်သူတွေမှာ ရှိမှန်း မသိ၊ မရှိမှန်းမသိ တစ်အိမ်ကို ငွေ ၁သောင်းကနေ ၃ သောင်းထိ ကောက်နေပါတယ်။ဒီလ ၂၀ ရက်နေ့ နောက်ဆုံးထည့်၇မယ်လို့ အမိန့်ထုတ်ထားပါတယ်”ဟုပြောကြားသည်။
၎င်းပြင် စစ်မှုမထမ်းလိုသူများကို ဖမ်းဆီးမှုများလည်း ရှိနေသည်ဟုဆိုသည်။
“ သဲကုန်းရွာကလွန်ခဲ့တဲ့ ၁၀ ရက်လောက်က လူသုံးယောက်ကို ဖမ်းသွားခဲ့ပါတယ်။ ပုန်းညက်ကျေးရွာကလည်း လူနှစ်ယောက်ကို မာန်အောင်ကို ငပိပို့ဖို့ စက်လှေနဲ့ သွားတာ ဖမ်းပါသွားတယ်။ အခုထိ သူတို့နဲ့ အဆက်အသွယ်မရသေးဘူး။ အဲဒီ နှစ်ယောက်ထဲကတစ်ယောက်က စစ်မှုထမ်းဖို့ မဲပေါက်ထားတဲ့ ကလေးပါ။ဒီက လူကြီး လူလတ် လူငယ်တွေ ပြောနေကြပါတယ်။ တပ်တော်ထဲကို သွားဝင်ချင်တယ်လို့။ ဒါပေမယ့်အဆက်အသွယ်မရှိတော့ ခက်နေကြတယ်မလား”ဟု ပြောဆိုသည်။
ဂွမြို့နယ်တွင် အများစုပြည်သူများမှာ အလုပ်အကိုင်ရှားပါးမှု၊ ကုန်ဈေးနှုန်းကြီးမြင့်မှုတို့ကြောင့်အကြီးအကျယ် အကျပ်အတည်းဖြစ်နေချိန်တွင် ပြည်သူ့စစ် စရိတ်သင်တန်းခ၊ ၎င်းတို့၏ စားနပ်ရိက္ခာခဟုဆိုကာ ခေါင်းစဉ် အမျိုးမျိုးတပ်ကာ အတင်းအဓမ္မငွေကောက်ခံနေသဖြင့် ပြည်သူများမှာ များစွာအခက်အခဲများနှင့်ကြုံတွေ့နေကြ၇သည်ဟု ပြောကြားသည်။