စနေ၊ ဇူလိုင်လ ၂၇ရက်၊ ၂၀၂၄

ဘူးသီးတောင်တွင် တိုက်ပွဲပြင်းထန်နေပြီး စစ်ကောင်စီက လေကြောင်းကနေ အပြင်းအထန်ခုခံကာကွယ်တိုက်ခိုက်နေ


  • ရေးသူ: Web Master
  • | ရက်စွဲ: ၁၈ မေ ၂၀၂၄
  • | ကြည့်ရှုသူ: 2.3k

( တပ်ရင်းများကို စွန့်ခွာထွက်ပြေးနေကြသည့် စစ်သားများကို AA က လိုက်လံရှင်းလင်းတိုက်ခိုက်နေ)

နောင်မင်းသူ၊ နိရဉ္စရာ၊ မေလ ၁၈/၂၀၂၄

ဘူးသီးတောင်အခြေစိုက်တပ်ရင်းအများပြားကို​ အာရက္ခတပ်တော် (AA) က ယမန်နေ့ (မေ ၁၇) ရက် ညက ထိုးစစ်ဆင် သိမ်းပိုက်လို ပြီးနောက် စစ်ကောင်စီက လေယာဉ်များဖြင့် အဆက်မပြတ် ဗုံးကြဲတိုက်ခိုက်နေကြောင်း၊  ယနေ့ နံနက်ကလည်း ထပ်မံ ဗုံးကြဲတိုက်ခိုက်ခဲ့ကြောင်း  စစ်ရေးလေ့လာသူ ဒေသခံတစ်ဦးက နိရဉ္စရာသတင်းဌာနကို ပြောသည်။

“ ဘူးသီးတောင်ရှိ ဗျူဟာအပါအဝင် တပ်ရင်းအများအပြား  အာရက္ခတပ်တော်လက်ထဲသို့ ကျသွားပြီလို့ သိရပါတယ်။  မနေ့က ည မေလ ၁၇ ရက်  ညနေ ၆ နာရီမှာ ဘူးသီးတောင်က စစ်ကောင်စီ တပ်ရင်းတွေကို ဂျက်တိုက်လေယာဉ် ၃ စီးနဲ့ အပြင်းအထန် ဗုံးကြဲတိုက်ခိုက်တယ်။  Y-12 လေယာဉ်နဲ့လည်း ဗုံးကြဲချတယ်”ဟု ၎င်းက ပြောသည်။

လက်ရှိတွင် ဘူးသီးတောင်မြို့ရှိတပ်ရင်းတပ်ဖွဲ့များမှ ထွက်ပြေးနေသည့် စစ်ကောင်စီတပ်သားများနှင့် စစ်ကောင်စီနှင့် ပူးပေါင်းတိုက်ပွဲဝင်နေသည့် မွတ်ဆလင် လက်နက်ကိုင်များအား အာရက္ခတပ်တော် (AA) မှ အပြီးသတ်လိုက်လံရှင်းလင်းနေသည်ဟုလည်း ၎င်းက ပြောသည်။

“ တပ်ရင်းတွေ အကုန်လုံးပြတ်ပြီ။ တရင်းမှ မကျန်တော့ဘူး။ ဗျုဟာလက်ကျန် နည်းနည်း ကျန်တာကိုလည်း မနေ့ညက အပြတ်ရှင်းလင်းလိုက်ပြီလို့ သိရပါတယ်။ လက်နက်မချဘဲ ထွက်ပြေးတဲ့ စစ်သားတွေကို ငကျဉ်တောက် ကျော်လမ်းမှာ တပ်တော်က လိုက်လံရှင်းလင်းနေတယ်လို့ သိရပါတယ်” ဟု ပြောကြားသည်။ 

ဘူးသီးတောင်မြို့အဝင်ရှိ စစ်ကောင်စီ တပ်ရင်း တပ်ဖွဲ့များမှ ထွက်ပြေးနေကြသည့် စစ်ကောင်စီ တပ်ဖွဲ့ဝင်များအား အာရက္ခတပ်တော် AA မှ မေလ ၁၇ ရက်မနေ့ မနက်မှစပြီး အပြီးသတ်လိုက်လံ တိုက်ခိုက်နေသည်ဟုလည်း ဒေသခံများထံမှသိရသည်။

"ဘူးသီးတောင်မြို့ဝင်နဲ့ ဗျူဟာဖက်က ထွက်ပြေးနေကြရတဲ့ စစ်ကောင်စီတပ်ဖွဲကို အေအေ ဖက်က အပြီးသတ်လိုက်ပြီးရှင်းလင်းတိုက်ခိုက်နေတယ်။ မောင်တောဖက် ငကျဉ်တောက်ကျော်လမ်းဖက်ကို ထွက်ပြေးလာတဲ့သူတွေရှိတယ်။ ဘူးသီးတောင်ဂန္ဓမာကျေးရွာတောင်ဖက်က နခခ(၃)ကို ဝင်ပြေး ကြတာတွေလည်း ရှိတယ် "ဟု ပြောကြားသည်။

ဘူးသီးတောင်အခြစိုက်အမြောက်တပ်ရင်း (အမတ) ၃၇၈ နှင့် ဗျူဟာတပ်များ မှ လက်နက်မချဘဲ့ ထွက်ပြေး‌နေသည့် တပ်ဖွဲ့ဝင်များအား အာရက္ခတပ်တော် (AA) က အပြီးသတ်တိုက် ခိုက်လျက် ရှိနေသည်ဟု ပြောဆိုသည်။

မောင်တောဒေသခံတစ်ဦးက "လက်နက်ကြီးလက်နက်ငယ်သံတွေ မေလ ၁၇ ရက်  မနက် ၁၁ နာရာကစပြီး အခုညနေ ၄ နာရီကျော်အထိအထိ ဘူးသီးတောက်ဖက်က‌‌ နေကြား‌ နေရတယ်။ ဒီနေ့ မနက်ပိုင်းက Y-12 နဲ့ဗုံးလာချတဲ့အသံတွေပါကြားနေရတယ်"ဟု ပြောကြားသည်။

၎င်းပြင် ဘူးသီးတောင်မြို့တောင်ဘက် နယ်ခြားစောင့်တပ် နခခ(၈) လည်း လက်နက်ချသွားပြီဟု ကြားသိရကြောင်း ၎င်းက ပြောဆိုသော်လည်း နိရဉ္စရာသတင်းဌာန အနေဖြင့် အတည်ပြုနိုင်ခြင်း မရှိသေးပါ။

ဒေသခံတစ်ဦးက “ စက်သုံးဆီတွေ သယ်နေတဲ့ ကျေးရွာသားတွေပြောတာကတော့ နခခ (၈) ဂိတ်မှာ အစစ်အဆေးမရှိတော့ဘူးလို့ ပြောတယ်။ တပ်ရင်းတစ်ခုလုံးလည်း တိတ်ဆိတ်နေတယ်လို့ ပြောတယ်။ ဒီနေ့ သေနတ်သံတွေ တိတ်နေတယ်လို့ ပြောပါတယ်” ဟု ပြောဆိုသည်။

ဘူးသီးတောင် မြို့အရှေ့ဖက် စကခ (၁၅)လက်အောက်ခံ(ခမရ)ခြေမြန်တပ်ရင်း (၅၅၂) စခန်းအား ပြီးခဲ့တဲ့ မတ်လ (၂၅) ရက်နေ့တွင်စခန်းတစ်ခုလုံးအား အပြီး သတ်သိမ်းပိုက်လိုက်ပြီး ခမရ (၅၆၄) တပ်ရင်းဌာနချုပ်အားလည်းဧပြီလ (၅) ရက်၊ နံနက် (၈) နာရီအချိန်တွင် တပ်ရင်းဌာနချုပ်တစ်ခုလုံးအား အာရက္ခတပ်တော်မှအပြီးသတ်သိမ်းပိုက်ရရှိခဲ့​သည်။

ထိုအတူဘူးသီးတောင်အခြေစိုက်စစ်ဆင် ရေးကွပ်ကဲမှု ဌာနချုပ် စကခ(၁၅) နင့် ခမရ ၅၅၁၊ ၅၆၅ တို့အား အာရက္ခတပ်တော်(AA)မှ မေလ ၃ ရက်နေ့တွင် အပြီးသတ် သိမ်းပိုက်လိုက်​ပြီးနောက် ဘူးသီးတောင်မြို့အဝင်ရှိ စစ်ကောင်စီဗျူဟာနှင်တပ် ရင်းတပ်ဖွဲများအား အပြီးသတ်သိမ်း ပိုက်ပြီး လက်နက်မချသည့်တပ်ရင်း တပ်ဖွဲများမှထွက်ပြေးသူများအား  လိုက်လံ တိုက်ခိုက်လျှက်ရှိနေဟု သိရသည်။

ဆက်စပ် သတင်းများ