စနေ၊ ဇူလိုင်လ ၂၇ရက်၊ ၂၀၂၄

ရွှေလှေ တံတားအနီး လင်းသီကျေးရွာတွင် စစ်ကောင်စီတပ်နှင့် အာရက္ခတပ်တော်တို့ နှစ်ဖက်ထိတွေ့ တိုက်ပွဲပြင်းထန်နေပြီး စစ်ကောင်စီတပ် ဆုတ်ခွာနေရ


  • ရေးသူ: Web Master
  • | ရက်စွဲ: ၁၈ မေ ၂၀၂၄
  • | ကြည့်ရှုသူ: 1.3k

လူထက်နိုင် (ဒွါရာမြီ)

နိရဥ္စရာ ၊မေ ၁၈ /၂၀၂၄

ရခိုင်ပြည် သံတွဲမြို့နယ်၊ ရွှေလှေ တံတားအနီး၊ လင်းသီကျေးရွာတွင် မေလ ၁၈ ရက်နေ့ နံနက်ပိုင်းက စစ်ကောင်စီတပ်နှင့် အာရက္ခာတပ်တော်တို့ နှစ်ဖက်ထိတွေ့တိုက်ပွဲ ပြင်းထန်နေပြီး စစ်ကောင်စီက ဆုတ်ခွာနေရကာ နေအိမ်တစ်ချို့မီးလောင်နေကြောင်း ဒေသခံများထံမှ သိရသည်။

စစ်ကောင်စီက ကြည်း၊ ရေ၊ လေ တပ်အင်အား သုံးခုစလုံးဖြင့် ရွှေလှေတိုက်နယ်ကျေးရွာများအား တိုက်ခိုက်နေခြင်းဖြစ်ပြီး လင်းသီရွာတွင် တပ်စွဲထားသည့် စစ်ကောင်စီတပ်ကို အာရက္ခတပ်တော် AA က မေလ၁၇ရက်နေ့ မွန်းလွဲပိုင်းမှ စတင်ကာတိုက်ခိုက်နေကြောင်း သိရသည်။

“ လင်းသီမှာရှိတဲ့ တပ်က အပြီးအပိုင် ဆုတ်တာလားတော့မသိဘူး၊ ဒီနေ့မနက် ရွှေလှေဖက်ကို ဆုတ်သွားတယ်။ လင်းသီကျေးရွာမှာ စစ်ကောင်စီပစ်လို့ နေအိမ်တွေမီးလောင်နေတယ်။ ပစ္စည်း တွေအခိုးခံရတာ ရှိတယ်။ အနီးအနားရွာတွေလည်း လက်နက်ကြီးကျလို့ မီးလောင်တာ တွေရှိတယ်။ လင်းသီက ပြည်သူတွေစစ်ရှောင်သွားတာ နဲနဲပဲကျန်တော့တယ်” ဟု ဒေသခံတစ်ဦး ကပြောသည်။

လင်းသီကျေးရွာတွင် စစ်ကောင်စီအင်အား ၂၀၀နီးပါးရှိကာ ရိက္ခာပြတ်လပ်နေသောကြောင့် စစ်ကောင်စီကရဟတ်ယာဉ်ဖြင့် ရိက္ခာဖြည့်တင်းလျက်ရှိပြီး လင်းသီ ကျေးရွာ ပေါက်တောကျေးရွာ ရွှေလှေကျေးရွာတို့သို့စစ်ကောင်စီတပ်က ရွှေလျားကာ စစ်ရေးလှုပ်ရှားနေကြောင်းသိရသည်။

လင်းသီကျေးရွာရှိ ရွာသားများသည် စစ်ကောင်စီ၏လက်နက်ကြီး ပစ်ခတ်မှုကြောင့် မေ ၁၅ ရက်နေ့ခန့်ကတည်းက နေအိမ်များကိုစွန့်ခွါ ထွက်ပြေးနေကြရပြီး စစ်ကောင်စီတပ်က  လက်နက်ကြီးပစ်ခတ်ခြင်း၊လေယာဉ်ဖြင့် ဗုံးကြဲခြင်းများရက်ဆက်ပြုလုပ်နေကြောင်း သိရသည်။

ထိုသို့ ဗုံးကြဲ ခြင်းများကြောင့် ကျောင်းကုန်းကျေးရွာအနီးရှိ တောင်တန်းများ၊လင်းသီကျေးရွာရှိ နေအိမ် သုံးလုံးမီးလောင်ကျွမ်းသွားသည့်အပြင် ပျက်စီးသွားသောနေအိမ်များ လည်းရှိကြောင်း သိရသည်။

“ကျောင်းကုန်းမှာ မီးလောင်နေတာကို ပတ်ဝန်းကျင်က မြင်နေရတယ်။ လင်းသီရွာထဲမှာ နေအိမ် ၂ လုံးမီးလောင်တယ်၊အိမ်တွေလဲပျက်စီးတယ်။ အေအေက ထိုးစစ်ပေါ့၊ သူတို့ကရမ်းမပစ်ဘူး ဗျူဟာအရ ဝိုင်းလာပြီး ပစ်တယ်။ စစ်ကောင်စီမနိုင်လို့ လေကြောင်း၊ရေကြောင်း၊ကုန်းကြောင်းက တိုက်နေပေမယ့် သိပ်မကြာတော့ဘူး၊အေအေ သိမ်းတော့မှာ၊ စစ်ဘေးရှောင်တွေကများနေပြီ၊ တိုက်ပွဲလည်းမြို့နဲ့ နီးလာပြီ” ဟုဒေသခံတစ်ဦးကပြောသည်။

သံတွဲမြို့နှင့် မိုင် ၂၀ ဝန်းကျင်အကွာ ရွှေလှေတိုက်နယ်ရှိ လင်းသီ၊ ကျောင်းကုန်းနှင့် အုန်းမော်ကျေးရွာများတဝိုက်တွင် အာရက္ခတပ်တော်(အေအေ)နှင့် စစ်ကောင်စီတပ်တို့အကြား တိုက်ပွဲများ စတင်ခဲ့ပြီး လက်ရှိတွင်သံတွဲမြို့နှင့် လေးငါးမိုင်သာဝေးသည့် ခရမ်းမော်ကျေးရွာအနီးတွင် စစ်ရေးလှုပ်ရှားမှုများရှိလာပြီဖြစ်သည်။

လက်ရှိတိုက်ပွဲများကြောင့် ရွှေလှေတိုက်နယ်အတွင်း တယ်လီဖုန်းလိုင်းအချို့ပြတ်တောက်နေပြီး၊ တိုက်ပွဲဖြစ်ပွားရာအနီးဝန်းကျင်ကျေးရွာသားများ ဘေးလွတ်ရာသို့ တိမ်းရှောင်နေကြရသည်။

သံတွဲမြို့နှင့် ၂၀ မိုင်ခန့် ဝေးကွာသော သူဌေးရေအားလျှပ်စစ်စီမံကိန်းအတွင်းရှိ စစ်ကောင်စီ အမြောက်တပ်ရင်းကို AA က ထိုးစစ်ဆင်တိုက်ခိုက်နေပြီး စီမံကိန်းအနီးရှိ ဒေါ်မြ၊ ရွှေလှေ၊ ကွေ့ချောင်း စသည့်ကျေးရွာအနီးတစ်ဝိုက်တွင် တိုက်ပွဲများ နေ့စဉ်လိုလို ပြင်းထန်နေခြင်းဖြစ်ကြောင်းသိရသည်။

ဆက်စပ် သတင်းများ