တနင်္ဂနွေ၊ ဇူလိုင်လ ၁၄ရက်၊ ၂၀၂၄

သံတွဲ နတ်တောင်မော်ကျေးရွာကို စစ်ကောင်စီ ဗုံးကြဲ၊ ရွာသား ၇ ဦးသေဆုံး


  • ရေးသူ: Web Master
  • | ရက်စွဲ: ၁၈ မေ ၂၀၂၄
  • | ကြည့်ရှုသူ: 1.4k

လူထက်နိုင် (ဒွါရာမြီ)နှင့် သင်ဇာနွယ်/ နိရဥ္စရာ ၊မေ ၁၈ /၂၀၂၄

ရခိုင်ပြည် သံတွဲမြို့နယ် နတ်တောင်မော်ကျေးရွာတွင် မေ ၁၈ ရက်မွန်းလွဲပိုင်း၌ စစ်ကောင်စီ လေကြောင်းဗုံးကြဲမှုကြောင့် ဒေသခံရွာသား ၇ ဦးသေဆုံးသွားကြောင်း ဒေသခံများမှ နိရဉ္စရာသို့ အတည်ပြု ပြောဆိုသည်။

ထိုသို့သေဆုံးရာတွင် ရွာသား ၄ဦးမှာကျေးရွာတွင်ပွဲချင်းပြီးသေဆုံးသွားခြင်းဖြစ်ပြီး ၃ ဦးမှာ ဒဏ်ရာပြင်းထန်သောကြောင့် သံတွဲဆေးရုံသို့ ရေလမ်းမှ ယူဆောင်စဉ်သေဆုံးသွား ခြင်းဖြစ်ကြောင်းသိရသည်။

“ ရွှေလှေ-သံတွဲကားလမ်းက သွားလို့မရဘူးလေ။ တိုက်ပွဲဖြစ်နေတော့။ အဲဒီတော့ရေလမ်းက ပတ်ပြီးဆေးရုံယူရတာ။ ဆင်ခေါင်းကနေ ကင်းမော် တဆင့်သယ်ရတာ။ လမ်းမှာ ဆုံးသွာတယ် ၃ ယောက်က စိတ်မကောင်းဖြစ်ရတယ်” ဟုဒေသခံတစ်ဦးမှပြောသည်။

ဖြစ်စဉ်အားမေးမြန်းရာတွင် အင်တာနက်ပြတ်တောက်ခြင်း၊ မေးမြန်းရာတွင် လုံခြုံရေးအခြေ အနေအရ မဖြေကြားနိုင်ခြင်းများကြောင့် သေဆုံးသွားသူများအထဲတွင် အမျိုးသမီးနှင့် အမျိုးသား မည်မျှပါဝင်ပြီး အသက်အရွယ်မည်မျှရှိသည်ကို နိရဥ္စရာမှ တင်ပြနိုင်ခြင်း မရှိသေးပါ။

ရွှေလှေသံတွဲ ကားလမ်းသည် တိုက်ပွဲများကြောင့် သွားလာ၍မရဖြစ်နေရာ ရွှေလှေကျေးရွာမှ တဆင့်ရေလမ်းခရီးဖြင့်လူနာများပို့ဆောင်ခြင်း၊စစ်ဘေးရှောင်များအားပို့ဆောင်ခြင်းများဆောင်ရွက်နေသော်လည်း စက်လှေအလွယ်တကူမရှိခြင်း ကမ်းရောက်လျှင်လည်း သံတွဲသို့ပို့ဆောင်မည့်ကား မရှိခြင်းတို့ကြောင့် ဒေသခံများ အလွန်ခက်ခဲလျက်ရှိကြောင်းသိရသည်

“အဲ့လိုပဲ လူနာတင်ပို့တာ စစ်ဘေးရှောင်ပို့တာတွေမှာ အခက်အခဲဖြစ်တယ်။ ဖုန်းလိုင်းဖြတ်ထားလို့ အဆက်အသွယ်မရတာကတမျိုး၊  စစ်တပ်ကစစ်ဆေးလို့ လုံခြုံရေး အာမခံချက်မရှိ အချိန်မရွေး ဖမ်းနိုင်တာကတမျိုးဗျာ၊ တော်တော် ဘဝဆိုးကြတယ်” ဟုဒေသခံတစ်ဦးမှပြောသည်။

မေလ ၁၅ရက်မှစတင်ကာ အာရက္ခတပ်တော်(အေအေ)နှင့် စစ်ကောင်စီတပ်တို့ကြား တိုက်ပွဲပြင်းထန်နေပြီး မေလ ၁၈ ရက်နေ့အထိ  တိုက်ပွဲ ပြင်းထန်နေကြောင်း ဒေသခံများထံမှ သိရသည်။

တိုက်ပွဲများကြောင့် လျှပ်စစ်မီးပြတ်တောက်နေပြီး တယ်လီဖုန်းလိုင်းအချို့နှင့် အင်တာနက်လိုင်းများ မရသလောက်ပြတ်တောက်နေသည့်အတွက် တိုက်ပွဲဖြစ်ပွားရာနယ်မြေအတွင်း ဖြစ်ပျက်နေသည့် အခြေအနေများကို သိရှိရန် ခက်ခဲနေသည်။

ရခိုင်ပြည်နယ်တောင်ပိုင်း၊ သံတွဲမြို့နယ်အတွင်း အာရက္ခတပ်တော်(အေအေ)နှင့် စစ်ကောင်စီ စစ်တပ်တို့ ကြား ဧပြီ ၁၃ ရက်၊ ဧပြီ ၂၂၊ ဧပြီ ၂၆ ရက်၊ ဧပြီ ၂၈၊ မေ ၃ ရက်နှင့် မေ ၄ရက်၊ မေ ၇ ရက်၊ မေ ၉ရက်နှင့် မေ ၁၅ ၊၁၆၊၁၇၊၁၈ ရက်နေ့အထိ ရွှေလှေတိုက်နယ်အတွင်း တိုက်ပွဲများ အသီးသီး ဖြစ်ပွားခဲ့ကြပြီး တိုက်ပွဲအများစုတွင် စစ်ကောင်စီက ရေတပ်နှင့် လေကြောင်း လက်နက်ကြီးများကို အသုံးပြုလျက်ရှိသည်။

ဆက်စပ် သတင်းများ