Preview

ရခိုင်တွင် ဆေးဝါးပြတ်လပ်မှုကြောင့် နာတာရှည်ရောဂါခံစားနေရသူများနှင့် ကိုယ်ဝန်ဆောင်များ သေဆုံးသည်အထိ ရှိလာနေ

မေ ၂၀/ ၂၀၂၄ | ကြည့်ရှုသူ :1097
ရခိုင် သတင်း

ကြိုင်ဟိန်းလင်း/ နိရဉ္စရာ၊ မေ ၁၉ / ၂၀၂၄

စစ်ကောင်စီကရခိုင်ပြည်နယ်အတွင်းသို့ ဆေးဝါးတင်သွင်းခွင့်နှင့်ကုန်စည်စီးဆင်းမှုအားလုံးကို ဖြတ်တောက်ထားမှုကြောင့်ရခိုင်ပြည်သူများမှာ စားဝတ်နေရေးအခက်အခဲဖြစ်နေသည့်အပြင်ဆေးဝါးများပြတ်လပ်လာနေမှုတို့ကြောင့် နာတာရှည်ရောဂါခံစားနေရသူများနှင့်ကိုယ်ဝန်ဆောင် အမျိုးသမီးတို့မှာသေဆုံးမှုရှိလာနေသည်ဟု သိရသည်။

ပေါက်တောမြို့ကလူမှုရေးလှုပ်ရှားနေသူတစ်ဦးက  "ပြီးခဲ့တဲ့ ရက်ကလည်း စစ်ရှောင်စခန်း တစ်ခုမှာ နာတာရှည်ရောဂါနဲ့သက်ကြီးတစ်ယောက်ဆုံးတယ်။ အသည်းရောဂါနဲ့လည်း စစ်ရှောင်အမျိုးသမီးတစ်ယောက်ဆုံးတယ်။ဆေးဝါးမကုသနိုင်လို့ပေါ့။ ဆေးဝါးတွေမရှိဘူး။ နောက်ပြီးတော့လေးဖက်နာရောဂါခံစားနေရတဲ့ ကိုယ်ဝန်ဆောင်အမျိုးသမီးတစ်ယောက် ကုသဖို့ဆေးဝါးမရှိတဲ့အတွက် ဆုံးသွားတယ်" ဟု ပြောသည်။

အဆိုပါသေဆုံးမှုများမှာ ပေါက်တောမြို့မှသေဆုံးသွားသူများဖြစ်ပြီး တခြားနေရာ များတွင်လည်း ယခုကဲ့သို့ သေဆုံးမှုအများအပြားရှိနေနိုင်သေးသည်ဟု ပြောသည်။

ပြီးခဲ့သည့်မေလ ၁၆ ရက်နေ့ကလည်း ကျောက်တော်မြို့နယ်မှကိုယ်ဝန်ဆောင် အမျိုးသမီး တစ်ဦး နှလုံးသွေးကြောကျဥ်းရောဂါဖြင့်သေဆုံးသွားခဲ့ကြောင်း သိရှိ၇သည်။

ထို့အပြင်အပူချိန်မြင့်မားမှုနှင့် ရေရှားပါးမှုတို့ကြောင့်လည်းရခိုင်ပြည်နယ်မှ စစ်ဘေးရှောင် စခန်းများနှင့် ရေရှားပါးသော ဒေသများတွင်ဝမ်းပျက်ဝမ်းလျှောရောဂါနှင့် အရေပြားရောဂါ(ယားနာ)ဖြစ်ပွားသူ အများအပြားရှိနေကြသော်လည်းဆေးဝါးများပြတ်လပ်နေမှုကြောင့်ကုသမှု အပြည့်အ၀ မရရှိကြပေ။

တိုက်ပွဲများဖြစ်ပွားလျက်ရှိသည့် အမ်းမြို့နယ်တွင်လည်းအပူချိန်မြင့်မားမှုကြောင့် သက်ကြီးပိုင်းများ သေဆုံးမှု ရှိလာသည်ဟု အမ်းမြို့ခံတစ်ဦးကနိရဉ္စရာသတင်းဌာနကို ပြောဆိုထားသည်။

ရခိုင်ပြည်တွင်လက်ရှိ အပူအချိန်မြင့်မားနေသည့်အတွက်အရက်သေစာကို လျှော့သောက်ဖို့နှင့် ကျန်းမာရေးကိုအထူးဂရုစိုက်ကြဖို့ ဆရာဝန်တစ်ဦးကလည်း တိုက်တွန်းထားသည်။

အာရက္ခတပ်တော်(AA)က သိမ်းပိုက်ရရှိထားသော စစ်ရှုံးစစ်ကောင်စီတပ်က ဆေးရုံဆေးခန်းများအား ပစ်မှတ်ထားတိုက်ခိုက်လျက်ရှိနေသည်။

ပြီးခဲ့သည့်မေလ၁၅ ရက်နေ့ကလည်း ကျောက်တော်မြို့နယ်၊ဝဲကြီးထောင့်တိုက်နယ်ဆေးရုံကို စစ်ကောင်စီက ဂျက်ဖိုက်တာဖြင့်ဗုံးကြဲတိုက်ခိုက်မှုကြောင့် ဆေးရုံတစ်ခုလုံး ပျက်စီးခဲ့၇သည့် အပြင်ဆေးဝန်ထမ်း၊ လူနာနှင့် လူနာစောင့် ၂၀ ဦးထက်မနည်း ဒဏ်ရာရရှိသွားခဲ့သည်။

ဓာတ်ပုံ- စစ်ကောင်စီလကြောင်းတိုက်ခိုက်မှုကြောင့် ပျက်စီးသွားခဲ့ရသည့်ဝဲကြီးထောင့်တိုက်နယ် ဆေးရုံ

#ကျန်းမာရေးစောင့်ရှောက်မှု
မင်္ဂလာပါ လူကြီးမင်းတို့ခင်ဗျာ။ ကျနော်တို့မီဒီယာဆက်လက်ရပ်တည်ရှင်သန်ရေးအတွက် လူကြီးမင်းတို့ရဲ့ပူးပေါင်းဆောင်ရွက်မှုနဲ့ ကူညီမှုတွေကို အထူးလိုအပ်နေပါတယ်။
နိရဉ္ဇရာလှူရန်

ဆက်စပ် အကြောင်းအရာများ

တစ်နေ့တာ၏ အရေးကြီးဆုံး ပြည်တွင်းပြည်ပ သတင်းများနှင့် အဖြစ်အပျက်များကို လစဥ် လူကြီးမင်း၏ အီးမေလ်းထဲသို့ ရယူနိုင်ပါသည်

နောက်ဆုံးရသတင်းများ

တစ်နေ့တာ၏ အရေးကြီးဆုံး ပြည်တွင်းပြည်ပ သတင်းများနှင့် အဖြစ်အပျက်များကို လစဥ် လူကြီးမင်း၏ အီးမေလ်းထဲသို့ ရယူနိုင်ပါသည်
© 2024 Narinjara News. All rights reserved.