စနေ၊ ဇူလိုင်လ ၂၇ရက်၊ ၂၀၂၄

သံတွဲ လင်းသီကျေးရွာတိုက်ပွဲတွင် အာရက္ခတပ်တော်၏ မြေပြင်ထိုးစစ်ကြောင့် စစ်ကောင်စီတပ် အကျအဆုံးများနေပြီး ရေအားလျှပ်စစ်ဘက်သို့ ဆုတ်ခွါ


  • ရေးသူ: Web Master
  • | ရက်စွဲ: ၂၀ မေ ၂၀၂၄
  • | ကြည့်ရှုသူ: 1.6k

လူထက်နိုင် (ဒွါရာမြီ)

နိရဥ္စရာ ၊မေ ၂၀ /၂၀၂၄

ရခိုင်ပြည်၊ သံတွဲမြို့ လင်းသီကျေးရွာတိုက်ပွဲတွင် အာရက္ခတပ်တော်၏ မြေပြင်ထိုးစစ်ကြောင့် စစ်ကောင်စီတပ် အကျအဆုံးများနေပြီး ရေအားလျှပ်စစ်ဘက်သို့ တပ်ဆုတ်သွားပြီဖြစ်ကြောင်း ဒေသခံများထံမှ သိရသည်။

ရွှေလှေတိုက်နယ်ရှိ ကျေးရွာများတွင် အာရက္ခတပ်တော် နှင့်စစ်ကောင်စီတပ် မြေပြင်ထိတွေ့ တိုက်ပွဲပြင်းထန်ခဲ့ပြီး စစ်ကောင်စီက လေကြောင်းပစ်ကူပေးခဲ့သည့်အပြင် ရေပြင်မှလက်နက်ကြီး ပစ်ခတ်ခြင်း၊ရဟတ်ယာဉ်ဖြင့် စစ်အင်အား ဖြည့်တင်းခြင်းတို့ကို လုပ်ဆောင်ခဲ့ကြောင်း ဒေသခံတို့ကဆိုသည်။

ထိုသို့ ပြုလုပ်ခဲ့သော်လည်း အာရက္ခတပ်တော်၏ မြေပြင်ထိုးစစ်ကို မခံနိုင်သောကြောင့် စစ်ကောင်စီတပ်သည် မေလ ၁၈ ရက်နေ့တွင် လင်းသီကျေးရွာမှ သူဌေးချောင်း ရေအားလျှပ်စစ်စီမံကိန်းဘက်သို့ တပ်ဆုတ်သွားခဲ့ပြီဖြစ်ကြောင်းသိရသည်။

“ လင်းသီရွာသားတွေကို အေအေက မလာခိုင်းသေးဘူး။ လင်းသီက ရွာသားတွေ တူးထားခဲ့တဲ့ ဗုံးခိုကျင်းတွေမှာ စစ်သားတွေ သေနေတာအများကြီးပဲ၊နောက်ရွှေလှေတံတားနားက အိမ်တွေမှာ စစ်သားအလောင်းတွေများတယ်၊။ စစ်တပ်ကဗုံးထောင်ထားခဲ့မှာစိုးလို့ အေအေက ရှင်းနေတယ်။ ရွာသားတွေကို ရှင်းပြီးမှ ခေါ်မယ်ထင်တယ်။ စစ်ကောင်စီ လေယာဉ်နဲ့ ဗုံးကြဲမှာလည်း ကြောက်ရသေးတယ်” ဟု ဒေသခံတစ်ဦးကပြောသည်။

သံတွဲမြို့တိုက်ပွဲတွင် စစ်ကောင်စီဘက်က သေဆုံးသူအများအပြားဖြင့် တပ်ဆုတ်သွားပြီး အဆက်အသွယ်ပြတ်တောက်ကာ ရွှေလှေတိုက်နယ် ကျေးရွာတချို့တွင် စစ်ကောင်စီတပ်သားများ ပြန့်ကျဲ ပုန်းရှောင်လျက်ရှိကြောင်း သိရသည်။

လင်းသီရွာတွင် တိုက်ပွဲမဖြစ်ပွားခင်ကတည်းက စစ်ကောင်စီတပ်သား ၂၀၀ခန့် သည် ‌ရွှေလှေတိုက်နယ်ဆေးရုံ နှင့် ရွှေလှေတံတား တွင် တပ်စွဲထားခြင်းဖြစ်သည်။

“ တချို့ထွက်ပြေးတဲ့ ရွာသားတွေကိုလည်း အေအေက ဝိုင်းကူပေးတာတွေရှိပါတယ်။နောက် စစ်ဘေးရှောင်တွေရဲ့ပစ္စည်းတွေကို လဲ တချို့သူခိုးတွေ ခိုးနေတာတွေကို အေအေက တားဆီးနေတာရှိတယ်၊အနီးအနားကရွာသားတွေကို မလာခိုင်းတာက လက်နက်ကြီးထိမှာစိုးလို့ပါ” ဟု ဒေသခံတစ်ဦးမှ ပြောသည်။

ကျောင်းကုန်းရွာဘက်ခြမ်း တောင်ကုန်းများပေါ်တွင် နေရာယူထားသည့် စစ်ကောင်စီတပ်ကို AAကတိုက်ခိုက်နေသည်မှာ ကြာပြီဖြစ်ပြီး မေလ(၁၈)ရက်နေ့တွင် အဆိုပါနေရာများနှင့် လင်းသီရွာအတွင်းသို့AAက ဝင်ရောက် ဝိုင်းဝန်းကာ တိုက်ခိုက်သဖြင့် စစ်ကောင်စီတပ်သားများ အကျအဆုံးများပြီး တပ်ဆုပ်သွားကြောင်းသိရသည်။

သံတွဲမြို့တွင် ခလရ(၅၅)၊ ခမရ(၅၆၆)တပ်များသာရှိသော်လည်း ဧရာဝတီတိုင်းရှိ တပ်ရင်းမှ ထုတ်နုတ်အင်အား တချို့ကိုလည်း သံတွဲသို့ ပို့ထားကြောင်းသိရသည်။

ဓာတ်ပုံ- ကိုကျော်မင်းနိုင် (စစ်ကောင်စီတပ်ဆုတ်သွားသော လင်းသီကျေးရွာအား မေလ ၂၀ရက်နေ့က တွေ့ရစဉ်)

ဆက်စပ် သတင်းများ