စနေ၊ ဇူလိုင်လ ၂၇ရက်၊ ၂၀၂၄

မောင်တောမြို့မှ မွတ်ဆလင်စီးပွားရေး လုပ်ငန်းရှင်တစ်ဦး၏ နေအိမ်အား စစ်ကောင်စီကဝင်ရောက်စီးနင်းပြီး မိခင်နှင့် ဇနီးဖြစ်သူတို့အား ဖမ်းဆီးကာ ဂိုဒေါင်မှ ကုန်ပစ္စည်းများအားသိမ်းယူ


  • ရေးသူ: Web Master
  • | ရက်စွဲ: ၂၀ မေ ၂၀၂၄
  • | ကြည့်ရှုသူ: 1.8k

နောင်မင်းသူ၊ နိရဉ္စရာ၊ မေ ၂၀  ရက်/၂၀၂၄

စစ်ကောင်စီ၏ ခိုင်းစေမှုများအား မလိုက်နာသော ရခိုင်ပြည်အနောက်ဘက်နယ်စပ် မောင်တောမြို့မှ စီးပွားရေးလုပ်ငန်းရှင် တစ်ဦး၏ နေအိမ်ကို စစ်တပ်က ဝင်ရောက်စီးနင်းပြီး ၎င်းစီးပွားရေး လုပ်ငန်းရှင် ဖမ်းမမိသဖြင့် ၎င်း၏ မိခင်နှင့် ဇနီးဖြစ်သူတို့ကို ဖမ်းဆီးခေါ်ဆောင်သွားကာ ဂိုဒေါင်ရှိ ပစ္စည်းများကိုလည်း သိမ်းယူသွားကြောင်း မွတ်ဆလင်ဒေသခံတွေက နိရဉ္စရာသတင်းဌာနကို ပြောကြားသည်။

"စစ်တပ်က ကား ၅ စီးနဲ့ သူနေအိမ်ကို‌‌ရောက်လာပြီး စစ်သား‌တွေဝိုင်းပြီး ရှာကြတယ်။ အိမ်ရှင်ကို ဖမ်းမရတော့ သူအမေနဲ့ သူ့အမျိုးသမီးကို ဖမ်းသွားတယ်။ ကလေးတွေကိုတော့ထားခဲ့တယ်။‌‌ နောက်ပြီး သူနေအိမ်ဝင်းထဲ ဂိုဒေါင်ကတေ ဘိလပ်မြေ၊ ဆန်၊ ဆီ နဲ့ လောင်စာဆီတွေကို တေဘာကား‌တွေ‌‌ ပေါ်တင်ပြီး သိမ်ဆည်းသွားကြတယ်။ အိမ်ပိုင်ရှင်ကတော့ထွက်ပြေးလွတ်မြောက်သွားတယ်"ဟု  ပြောကြားသည်။

စစ်ကောင်စီမှဖမ်းဆီးရန် အသည်းအပြင်းလိုက်ရှာနေသူမှာ မောင်တောမြို့ ငစကြူးကျေးရွာမှ စီးပွားရေးလုပ်ငန်း ဦးဇာဘော (၃၅ )နှစ်ဖြစ်သည်။

၎င်း၏ နေအိမ်အား မေလ ၁၆ ရက် မနက် ၉ နာရီကျော်အချိန် ၌ စစ်တပ်မှ ဝိုင်းထားစဉ် ထွက်ပြေး လွတ်မြောက်သွားခဲ့သည်ဟု ဆိုသည်။

“ မိသားစုဝင်များအား ဖမ်းဆီးပြီး သူနေအိမ် ဂိုဒေါင်က ဘိလပ်မြေ၊ ဆန်၊ ဆီနဲ့ လောင်စာဆီတွေကို သိမ်းပြီး မြို့သူကြီးအခြေစိုက် နခခ(၅)ကို ယူဆောင်သွားပါတယ်။ လက်ရှိအချိန်ထိတော့ ဘာတွေဆက်ဖြစ်နေလည်းဆိုတာ မသိရသေးဘူး”ဟု ၎င်းက ဆက်ပြောသည်။

စစ်ကောင်စီသည် မောင်တောခရိုင်ရှိ ဒေသခံမွတ်ဆလင်များအား သူတို့၏ ခိုင်းစေမူများကို မလိုက်နာ မဆောင်ရွက်ပေးလျှင် အကြောင်းအမျိုးမျိုးပြ ဖမ်းဆီးအရေးယူမှုများ ရှိနေကြောင်း ဒေသခံ မွတ်ဆလင်လူကြီးများကပြောဆိုသည်။

"မောင်တောမှာ စစ်တပ်က ‌မွတ်ဆလင် လူကြီးတွေ နဲ့ စီးပွါးရေးလုပ်ငန်းရှင်တွေကို အဓိကထား စည်းရုံးတာတွေရှိတယ်။ စည်းရုံးလို့ မရတဲ့သူတွေကို လိုက်ဖမ်းဆီးတာတွေရှိ‌ နေတယ်"ဟု ပြောဆိုသည်။

လက်ရှိ၌ မောင်တောမြို့ရှိ ကျေးရွာရပ်ကွက်များမှ မွတ်ဆလင်လူငယ် ၂၀၀ ကျော်အား စစ်ကောင်စီက စစ်မူထမ်းရန် အဓမ္မ ဖမ်းဆီးစုဆောင်းနေသလို မွတ်ဆလင် စီးပွားရေးလုပ်ငန်းရှင်များအားလည်း လိုက်လံဖမ်း ဆီးလျှက်ရှိနေကြောင်း မောင်တောဒေသခံများထံမှသိရသည်။

ပုံစာ- စစ်ကောစ်စီမှ သိမ်းဆည်းလိုက်သည့် မြို့မကညင်တန်းရှိ ဇာဘော၏နေအိမ်

ဆက်စပ် သတင်းများ