Preview

သံတွဲတိုက်ပွဲပြင်းထန်၊ ရေတပ်မှ ပစ်ခတ်သည့် လက်နက်ကြီးကျည်ထိမှန်၍ ကလေးငယ် တစ်ဦးသေဆုံးပြီး နောက်ထပ်ကလေးငယ်တစ်ဦးအပါအဝင် ၃ ဦးဒဏ်ရာရ

မေ ၂၀/ ၂၀၂၄ | ကြည့်ရှုသူ :2309
ရခိုင် သတင်း

သဉ္စာနွယ်၊နိရဥ္စရာ၊ မေ ၂၀/၂၀၂၄

ရခိုင်ပြည်၊သံတွဲမြို့နယ်တောင်ပိုင်း ရွှေလှေအနီးတွင် အာရက္ခတပ်တော်(AA)နှင့် စစ်ကောင်စီတပ်တို့ အကြား တိုက်ပွဲပြင်းထန်နေပြီးတိုက်ပွဲဖြစ်ပွားနေရာ အနီးအနား ကျေးရွာများသို့  ကွင်းဝိုင်း ရေတပ်စခန်းမှ လက်နက်ကြီးဖြင့် ပစ်ခတ်၍ (၈) နှစ်အရွယ် ကလေးငယ် တစ်ဦး သေဆုံးပြီး နောက်ထပ်ကလေးငယ်တစ်ဦးအပါအဝင် သုံးဦးဒဏ်ရာရရှိသွားကြောင်းသတင်းရရှိသည်။

သေဆုံးသူမှာ ခမောင်းတုန်းကျေးရွာမှမောင်ဘိုအောင် အသက်(၈)နှစ်ဖြစ်သည်။

ဒဏ်ရာရရှိသူမှာ အသက်(၆)နှစ်အရွယ် ယောကျာ်းလေးတစ်ဦးနှင့်အမည်မသိ၇သေးသည့် အမျိုးသား တစ်ဦးနှင့်အမျိုးသမီးတစ်ဦးတို့ ဖြစ်ကြသည်။

“ ဒီနေ့နေ့လယ်ပိုင်းက ရေတပ်ကနေလက်နက်ကြီးတွေနဲ့ပစ်တယ်။ လက်နက်ကြီးကျည်တချို့ကရွာအနားက စာသင်ကျောင်းနားမှာကျပြီး ကစားနေကြတဲ့ ကလေးတစ်ယောက်သေတယ်။တစ်ယောက်ဒဏ်ရာရတယ်။ နောက်ထပ်တစ်ရွာထဲနေ ရွာသားနှစ်ယောက်ကကျည်စတွေ စဥ်ပြီး ဒဏ်ရာ၇တယ်” ဟုပြောသည်။

ယနေ့ မေ ၂၀ ရက်နေ့နေ့လယ်ပိုင်းက  စစ်ကောင်စီ၏ ကွင်းဝိုင်း ရေတပ်စခန်းမှ လက်နက်ကြီးများဖြင့်  ပစ်ခတ်ခဲ့၍ ခမောင်းတုန်းကျေးရွာအတွင်းသို့လက်နက်ကြီးကျည်တချို့ကျရောက် ပေါက်ကွဲခဲ့သည်ဟု  သံတွဲဒေသခံတစ်ဦးက နိရဥ္စရာသတင်းဌာန ကိုပြောသည်။

သံတွဲမြို့နယ်အတွင်း ဖြစ်ပွားနေသော တိုက်ပွဲမှာပြင်းနေပြီး အကျအဆုံးများနှင့် အထိနာနေသည့် စစ်ကောင်စီသည် ကြည်း၊ရေ၊လေဖြင့်အေအေ၏ ထိုးစစ်ဆင်တိုက်ခိုက်မှုကို ခုခံနေ၇သည်ဟု ဆိုသည်။

စစ်ကောင်စီတပ်သည် သူတို့အထိနာနေသဖြင့် အရပ်သားပြည်သူနေထိုင်သည့်ကျေးရွာများကို ရည်ရွယ်ချက်ရှိရှိ လက်နက်ကြီးများဖြင့် ပစ်ခတ်မှုများပြုလုပ်လာနေသဖြင့် သံတွဲမြို့နယ်တွင်အရပ်သားသေဆုံးမှုနှင့် ဒဏ်ရာရရှိမှုမှာ တစ်နေ့ထက်တစ်နေ့  မြင့်တက်လာနေသည်ဟု သံတွဲဒေသခံ အမျိုးသမီးကြီးတစ်ဦးက နိရဥ္စရာသတင်းဌာန ကိုပြောသည်။

“ သံတွဲမှာတိုက်ပွဲကနေ့တိုင်းရှိတယ်။ နေဗီကပစ်လိုက်။ လေယာဉ်နဲ့ ဗုံးကြဲလိုက်။ ဘားတောင်ကပစ်လိုက်နဲ့။ အခုဆိုရင် သေတဲ့သူနဲ့ ဒဏ်ရာရတဲ့သူတွေတိုးလာတယ်။ထွက်ပြေးလို့မရဘဲ ရွာထဲမှာ ပိတ်မိနေတဲ့ သူတွေလည်းရှိနေတယ်။ အန်တီတို့ ရွာတောင်မလုံခြုံတော့လို့အခုတိုက်ပွဲ ရှောင်နေ၇ပါတယ်”ဟု ပြောသည်။

မေလ ၁ ရက်နေ့မှ ၂၀ ရက်နေ့ အထိ  ရက်ပေါင်း  ၂၀ အတွင်း သံတွဲတွင် သေဆုံးသူ ၁၆ ဦးထက် မနည်းရှိပြီး ဒဏ်ရာရရှိသူလည်း အများအပြားရှိနေသည်ဟု  ဒေသခံများက ပြောသည်။

ရွှေလှေတိုက်နယ်ရှိကျေးရွာများတွင် အာရက္ခတပ်တော် နှင့်စစ်ကောင်စီတပ်တို့အကြားမြေပြင် တိုက်ပွဲများမှာ ပြင်းထန်နေပြီး လင်းသီရွာနှင့်ရွှေလှေကျေးရွာအတွင်း စစ်ကောင်စီတပ်သားများ အပုံလိုက်သေနေသည်ဟု ဒေသခံများက ပြောသည်။

ဒေသခံတစ်ဦးက“ လင်းသီရွာသားတွေကိုအေအေက မလာခိုင်းသေးဘူး။ လင်းသီက ရွာသားတွေ တူးထားခဲ့တဲ့ ဗုံးခိုကျင်းတွေမှာစစ်သားတွေ သေနေတာအများကြီးပဲ၊နောက်ရွှေလှေတံတားနားက အိမ်တွေမှာစစ်သားအလောင်းတွေများတယ်။ စစ်တပ်က ဗုံးထောင်ထားခဲ့မှာ စိုးလို့ အေအေက မိုင်းရှင်းနေတယ်။ရွာသားတွေကို မိုင်းရှင်းပြီးမှရွာတွေကို ပြန်ခေါ်မယ်ထင်တယ်။စစ်ကောင်စီ လေယာဉ်နဲ့ ဗုံးကြဲမှာလည်း ကြောက်၇သေးတယ်” ဟု ပြောသည်။

#သံတွဲ
မင်္ဂလာပါ လူကြီးမင်းတို့ခင်ဗျာ။ ကျနော်တို့မီဒီယာဆက်လက်ရပ်တည်ရှင်သန်ရေးအတွက် လူကြီးမင်းတို့ရဲ့ပူးပေါင်းဆောင်ရွက်မှုနဲ့ ကူညီမှုတွေကို အထူးလိုအပ်နေပါတယ်။
နိရဉ္ဇရာလှူရန်

ဆက်စပ် အကြောင်းအရာများ

တစ်နေ့တာ၏ အရေးကြီးဆုံး ပြည်တွင်းပြည်ပ သတင်းများနှင့် အဖြစ်အပျက်များကို လစဥ် လူကြီးမင်း၏ အီးမေလ်းထဲသို့ ရယူနိုင်ပါသည်

နောက်ဆုံးရသတင်းများ

တစ်နေ့တာ၏ အရေးကြီးဆုံး ပြည်တွင်းပြည်ပ သတင်းများနှင့် အဖြစ်အပျက်များကို လစဥ် လူကြီးမင်း၏ အီးမေလ်းထဲသို့ ရယူနိုင်ပါသည်
© 2024 Narinjara News. All rights reserved.