Preview

နခခ (၂) အထိနာနေ၍ မောင်တောတောင်ပိုင်းမှ ရခိုင်ကျေးရာနှစ်ရွာကို စစ်ကောင်စီဗုံးကြဲ

မေ ၂၁/ ၂၀၂၄ | ကြည့်ရှုသူ :1989
ရခိုင် သတင်း

(မောင်တောဂရုဏာကွန်ယက်မှ အမျိုးသမီးငယ်တစ်ဦး ပွဲချင်းပြီးသေဆုံးပြီး ၅ ဦးထက်မနည်းဒဏ်ရာ၇)

နောင်မင်းသူ၊နိရဉ္စရာ၊ မေ ၂၁ ရက်/၂၀၂၄

မောင်တောလေးမိုင် အခြေစိုက် နယ်ခြားစောင့်တပ် နခခ(၂) အထိနာနေ၍ စစ်ကောင်စီကတိုက်ပွဲနှင့် သက်ဆိုင်ခြင်းမရှိသည့် ရခိုင်ကျေးရွာနှစ်ရွာကို ညအချိန် ဗုံးကြဲတိုက်ခိုက်၍မောင်တောဂရုဏာ ကွန်ယက်မှ အဖွဲ့ဝင် အမျိုးသမီးငယ်တစ်ဦးပွဲချင်းပြီးသေဆုံးပြီး ၅ ဦးထက်မနည်း ဒဏ်ရာရရှိသွားကြောင်း ဒေသခံများက နိရဉ္စရာသတင်းဌာနသို့ ပြောကြားသည်။

သေဆုံးသွားသူ အမျိုးသမီးမှာ မောင်တောမြို့ပေါ်ကနေ ရွှေဗဟိုလ်ကျေးရွာ၌စစ်ဘေးရှောင်နေသူ အသက်၂၅ နှစ်အရွယ် မပန်းအိဖြူ (ဘ) ဦးကျော်သိန်းခိုင် ဖြစ်ပြီး သူမ၏ ဖခင်တွင်လည်း ဒဏ်ရာ ရရှိသွားခဲ့သည်ဟု ဒေသခံတစ်ဦးက ပြောကြားသည်။

"မနက်ပိုင်း  ၃ နာရီ ၄၅ မိနှစ်ကျော်နဲ့  ၄နာရီလောက်မှာ စစ်ကောင်စီလေယာဉ်က ဗုံး ၃လုံး လာချတာ။ ရွှေဗဟိုလ်ရွာမှာ ၂ လုံး၊ သရီကုန်ဘောင်ရွာမှာ ၁ လုံး ကျတယ်။ လူတွေအိပ်ပျော်နေချိန်ဆိုတော့  ဘယ်လိုမှ ရှောင်တိမ်းဖို့ မရလိုက်ကြဘူး။မောင်တောက စစ်ဘေးရှောင်လာတဲ့ မောင်တော ဂရုဏာကွန်ယက်ကအမျိုးသမီးငယ်တစ်ဦး ပွဲချင်းပြီးသေသွားတယ်။ သူမဖခင်မှာလည်း ဒဏ်ရာ ရသွားတယ်။ဒဏ်ရာ၇သူ ၅ ဦးထက်မနည်းရှိတယ်"ဟု ပြောကြားသည်။

၎င်း ရွှေဗဟိုလ်နှင့် သရီကုန်ဘောင်မှာမောင်တောမြို့တောင်ဘက်တွင် တည်ရှိပြီး ၎င်းကျေးရွာအနီးတွင် တိုက်ပွဲဖြစ်ပွားခြင်းလည်း မရှိဟု ကျေးရွာသားများက ပြောသည်။

ရွှေဗဟိုလ်ကျေးရွာ၌ မပန်းအိဖြူ ဖခင်ဦးကျော်သိန်းခိုင်နှင့် အစ်ကိုဖြစ်သူဦးကျော်မင်းထွန်း မိသားစု နှစ်စု စစ်ဘေးရှောင်နေကြစဉ် ယခုကဲ့သို့  ကြေကွဲဖွယ်ရာ ဖြစ်ရပ်ဆိုးနှင့် ကြုံတွေ့ခဲ့၇ခြင်းဖြစ်ကြောင်း ဒေသခံ အမျိုးသမီးတစ်ဦးကပြောသည်။

“ ဂျက်ဖိုင်တာက ၂ စီးပါ။ ဗုံးချတာ ရွှေဗဟိုကျေးရွာမှာ ၂ လုံးကျတယ်။  သရီကုန်ဘောင်ကျေးရွာမှာ  ဗုံး ၁ လုံးကျတယ်။ အဲဒီက ဗုံးစတွေထိမှန်ပြီးသေဆုံးသူ သေဆုံး၊ ဒဏ်ရာရသူ၇ ဖြစ်ကြတာပါ။   မောင်တော ၄ မိုင် နခခ (၂) ရဲ့ မြောက်ဖက်ကျေးရွာများကြားမှာ ၁လုံး ဗုံးချခဲ့တယ်လို့ သိရပါတယ်။ ရွာမှာဘာတိုက်ပွဲမှ ဖြစ်တာမရှိဘဲနဲ့ လာချတာပါ။ အရမ်းစိတ်နာဖို့ ကောင်းပါတယ်”ဟု ပြောကြားသည်။

သီရိကုန်ဘောင်နှင့် ရွှေဗဟိုကျေးရွာနှစ်ခုစလုံးတွင် သေဆုံးထိခိုက်ဒဏ်ရာရသူများအခြေအနေနှင့် အပျက်အစီးများကိုနိရဉ္စရာသတင်းဌာနမှ ဆက်လက် စုံစမ်းမေးမြန်းနေဆဲဖြစ်ပါသည်။

မောင်တောတောင်ပိုင်း သရီကုန်ဘောင်ကျေးရွာအားမေလ ၁၉ ရက် မနက် ၁၀ နာရီ ကျော်၌ဂျက်တိုက်လေယာဉ်ဖြင့် ဗုံး ၃ လုံးကြဲချခဲ့ရာ ဒေသခံ ၂ ဦးဒဏ်ရာရရှိပြီးကျေးလက်ဆေးပေးခန်း အပါအဝင်လူနေအိမ် ၅ အိမ်ပျက်စီးသွားခဲ့၇သည်။

အလားတူ မောင်တောမြို့နယ် တောင်ပိုင်း ကင်းချောင်း ရခိုင်ကျေးရွာအား မေလ ၁၄ရက် နေ့လယ် ၁၂ နာရီကျော်အချိန်၌ စစ်ကောင်စီမှ ဂျက်တိုက်လေယာဥ် ၂ စီးဖြင့်ဗုံးလာရောက်ကြဲချခဲ့၍ ဒေသခံ၃ ဦး ပွဲချင်းပြီး သေဆုံးခဲ့ကာ  ၆ ထက်မနည်း အပြင်းအထန်ဒဏ်ရာရရှိခဲ့သည်ဟု သိ၇သည်။

နောက်ဆုံးရရှိသော သတင်းအရ ငွေတောင်ကျေးရွာ စာကြည့်တိုက်လည်းဗုံးချခံရ၍ ထိခိုက်ဒဏ်ရာ ရရှိသူများရှိကြောင်း သိရှိ၇ပါသည်။

(ဓာတ်ပုံ- ပုံဟောင်းသာ)

မင်္ဂလာပါ လူကြီးမင်းတို့ခင်ဗျာ။ ကျနော်တို့မီဒီယာဆက်လက်ရပ်တည်ရှင်သန်ရေးအတွက် လူကြီးမင်းတို့ရဲ့ပူးပေါင်းဆောင်ရွက်မှုနဲ့ ကူညီမှုတွေကို အထူးလိုအပ်နေပါတယ်။
နိရဉ္ဇရာလှူရန်

ဆက်စပ် အကြောင်းအရာများ

တစ်နေ့တာ၏ အရေးကြီးဆုံး ပြည်တွင်းပြည်ပ သတင်းများနှင့် အဖြစ်အပျက်များကို လစဥ် လူကြီးမင်း၏ အီးမေလ်းထဲသို့ ရယူနိုင်ပါသည်

နောက်ဆုံးရသတင်းများ

တစ်နေ့တာ၏ အရေးကြီးဆုံး ပြည်တွင်းပြည်ပ သတင်းများနှင့် အဖြစ်အပျက်များကို လစဥ် လူကြီးမင်း၏ အီးမေလ်းထဲသို့ ရယူနိုင်ပါသည်
© 2024 Narinjara News. All rights reserved.