စနေ၊ ဇူလိုင်လ ၂၇ရက်၊ ၂၀၂၄

စစ်တွေမြို့ ဘုန်တော်ကြီးကျောင်းများအား ဧည့်စာရင်း စစ်ဆေးစဉ် ဖမ်းဆီးခံရသူ ၁၀၀ ကျော်အနက် ရဟန်းသံဃာတော်များအပါအဝင် ဒေသခံအချို့ ပြန်လည်လွတ်မြောက်လာ


  • ရေးသူ: Web Master
  • | ရက်စွဲ: ၂၁ မေ ၂၀၂၄
  • | ကြည့်ရှုသူ: 861

သဥ္ဇာနွယ်

နိရဥ္စရာ၊ မေ ၂၁/ ၂၀၂၄

ရခိုင်ပြည်၊ စစ်တွေမြို့ ဘုန်တော်ကြီးကျောင်းများအား ဧည့်စာရင်းစစ်ဆေးစဉ် ဖမ်းဆီးခံထားရသည့် ရဟန်း၊သံဃာတော်များ အပါအဝင် ဒေသခံ ၁၀၀ ကျော်အနက် အချို့မှာ ပြန်လည်လွတ်မြောက်လာပြီဟုသတင်းရရှိသည်။

စစ်တွေမြို့တွင် ပြီးခဲ့သည့် ရက်ပိုင်းအတွင်းက စစ်ကောင်စီက မတရား ဖမ်းဆီးခေါ်ဆောင်သွားသည့်ရဟန်း၊သံဃာတော်များနှင့် ဒေသခံတစ်ချို့ကို ပြီးခဲ့သည့် မေလ ၁၉ ရက်နေ့က ပြန်လွှတ်ပေးလိုက်သည်ဟုစစ်တွေမြို့ခံတစ်ဦးက နိရဥ္စရာ သတင်းဌာန ကိုပြောသည်။

“ ရဲစခန်းကနေ ပြန်လွှတ်ပေးလိုက်တာ။ အကုန်လုံးပြန်မလွတ်သေးဘူး။ ဘုန်းတော်ကြီးကျောင်း ဆယ်ကျောင်းကျော်အထဲက ဖမ်းဆီးခံရတဲ့သူတွေထဲက လွတ်လာတာ လေးကျောင်းလောက်ပဲရှိသေးတယ်။ဘယ်နှစ်ယောက်ပြန်လွတ်လာလဲဆိုတာ မသိရသေးဘူး”ဟု ပြောသည်။

ရဟန်းများကို သာသနာမှတ်ပုံတင်မရှိဟုဆိုကာ စစ်ကောင်စီက ဖမ်းဆီးခြင်းဖြစ်ပြီး ဒေသခံများကိုမူ စစ်တွေနယ်ခံ ၁၁/ စတန (နိုင်) မဟုတ်သူများကို ဖမ်းဆီးခြင်းဖြစ်ကာ စစ်ဆေးမေးမြန်းပြီးသူများကို ဒဏ်ငွေပေးဆောင်ခိုင်း၍ ပြန်လွှတ်ပေးလိုက်ခြင်းဖြစ်သည်ဟု ပြန်လွတ်လာသူတစ်ဦး၏ ဆွေမျိုးတစ်ဦးက နိရဥ္စရာသတင်းဌာနကိုပြောသည်။

“ ပြန်လွတ်လာတဲ့ ကိုရင်လေးတွေကို ကျောင်းထိုင်ဆရာတော်တွေက အာမခံချက်ပေးပြီးမှ ပြန်လွှတ်ပေးတယ်။ ဖမ်းဆီးရတဲ့အကြောင်းအရင်းက သာသနာမှတ်ပုံတင် မကိုင်ဆောင်ထားလို့ဆိုပြီးပြောတယ်။ ပြန်လွတ်လာတဲ့လူတွေကတော့ ပိုက်ဆံ ၂ သိန်းပေးရတယ်။ မပေးနိုင်တဲ့သူတွေက ပြန်မလွတ်သေးဘူး” ဟုပြောသည်။

ဖမ်းဆီးခံရသူများမှာ နယ်ဖက်မှ စစ်တွေမြို့သို့ စစ်ရှောင်လာသည့်သူများ၊ဆေးလာကုသူများနှင့် စားဝတ်နေရေး ကြပ်တည်းသည့်အတွက် ဘုန်းတော်ကြီးကျောင်းတွင် ခိုလှုံနေကြသူများဖြစ်ကြောင်း ဒေသခံများကပြောသည်။

လက်ရှိလွတ်လာသူများမှာ သုခိတာရုံကျောင်း၊သင်္ခရာဇာ၊ ယတြာ ၊ရွှေစေတီ ကျောင်းတိုက်တွင် သီတင်းသုံးနေကြသည့် ရဟန်းများနှင့် ဘုန်းတော်ကြီးကျောင်းများတွင် ခိုလှုံနေထိုင်ကြသည့် ဒေသခံများဖြစ်ကြောင်းသိရသည်။

ယခု မေလအတွင်းက စစ်တွေမြို့ရှိ ဘုန်းတော်ကြီးကျောင်းများကို စစ်ကောင်စီက ဧည့်စာရင်းစစ်ဆေးကာ စစ်တွေမှတ်ပုံတင် ၁၁/ စတန (နိုင်) မဟုတ်သူများနှင့် သံဃာမှတ်ပုံတင် မရှိသည့် ရဟန်းသံဃာ အားလုံးကိုဖမ်းဆီးသွားခဲ့ခြင်းဖြစ်သည်။

စစ်တွေတွင် တိုက်ပွဲစဖြစ်သည့် ၂၀၂၃ ခုနှစ် နိုဝင်ဘာလမှ စ၍ နေအိမ်ထဲမှ ရုတ်တရက် အဖမ်းခံရသူ၊ စက်လှေဖြင့် နယ်ဖက်ကိုသွား၍ အဖမ်းခံရသူနှင့် လမ်းသွားလမ်းလာနေသည့်အချိန်တွင် ဖမ်းဆီးခံရသူများစွာရှိခဲ့သည်။

ရခိုင်ပြည်တွင် တိုက်ပွဲစဖြစ်သည့် ၂၀၂၃ ခုနှစ်၊ နိုဝင်ဘာ ၁၃ ရက်မှ ၂၀၂၄ ခုနှစ်၊ မတ်လ ၂၁ ရက်အထိ လေးလကျော်အတွင်း အရပ်သား ၄၇၁ ဦးကို စစ်ကောင်စီက ဖမ်းဆီးထားပြီး ၎င်းတို့ထဲတွင် အမျိုသား ၄၂၄ ဦးနှင့် အမျိုးသမီး ၄၇ ဦး နှင့် မွတ်ဆလင်များ ပါဝင်ကြောင်း ရက္ခိုင့်တပ်တော်(AA)၏ လူသားချင်းစာနာထောက်ထားရေးနှင့် ဖွံ့ဖြိုးရေးဆိုင်ရာပူးပေါင်းဆောင်ရွက်ရေးရုံး (HDCO) မှ ထုတ်ပြန်ထားသည်။ 

ဆက်စပ် သတင်းများ