စနေ၊ ဇူလိုင်လ ၂၇ရက်၊ ၂၀၂၄

ရွှေလှေတိုက်နယ် တိုက်ပွဲမှာ စစ်ကောင်စီဘက်က ၁၀၀ ကျော်သေဆုံးပြီး ခလရ ၅၅ မှ ဗိုလ်မှူးတစ်ဦးခေါင်းဆောင်သော တပ်ရင်းတစ်ခု ရှောင်တိမ်းနေ


  • ရေးသူ: Web Master
  • | ရက်စွဲ: ၂၁ မေ ၂၀၂၄
  • | ကြည့်ရှုသူ: 4.5k

လူထက်နိုင် (ဒွါရာမြီ)

နိရဥ္စရာ ၊မေ ၂၁ /၂၀၂၄

ရခိုင်ပြည်နယ်၊ သံတွဲမြို့နယ်၊ ရွှေလှေတိုက်နယ် တိုက်ပွဲတွင် စစ်ကောင်စီဘက်က ၁၀၀ ကျော်သေဆုံးပြီး ခလရ ၅၅ မှ ဗိုလ်မှူးတစ်ဦးခေါင်းဆောင်သော တပ်ရင်းတစ်ခုသည် ရှောင်တိမ်းထွက်ပြေးနေကြောင်း ဒေသခံများမှ နိရဥ္စရာသို့ပြောသည်။

“တပ်ရင်းမှူး ဗိုလ်မှူးတစ်ယောက်ဦးစီးတဲ့ တပ်ရင်း၊  ကျောင်းကုန်ရွာ ဘုရားကုန်းမှာတပ်စွဲတဲ့ ခလရ ၅၅တပ်ရင်း၊ သူတို့က အစကတည်းက စစ်ကိုမတိုက်တာ၊ ဗိုလ်ကြီးတစ်ယောက်လည်း ထွက်ပြေးသွားတယ်ကြားတယ်။သူတို့က တပ်ဖျောက်နေတာ အကုန်သေတာမဟုတ်။ သူတို့အစကတည်းက ရှောင်ပြီးပြေးနေတာ၊ တောင်တန်းတွေဖက်ကနေ ပြေးပြီထင်တယ် ။ ပျောက်သွားတယ်” ဟု ဒေသခံတစ်ဦးကပြောသည်။

မေလ ၁၇ မှစတင်ကာ ရွှေလှေတိုက်နယ်ကျေးရွာများတွင် အရက္ခတပ်တော်နှင့် စစ်ကောင်စီတိုက်ပွဲပြင်းထန်ခဲ့ရာရေအားလျှပ်စစ်စီမံကိန်း ဆယ်မိုင်လမ်းခွဲတိုက်ပွဲ၊လင်းသီကျေးရွာတိုက်ပွဲ၊ကျောင်းကုန်းတိုက်ပွဲ တို့တွင်အရက္ခတပ်တော်၏ မြေပြင်ထိုးစစ်ကို မယှဉ်နိုင်သောကြောင့် စစ်ကောင်စီတပ်သား ၁၀၀ကျော်သေဆုံးကာနောက်ထပ် ၁၀၀ခန့်သည် မေလ ၁၇ရက်နေ့ကတည်းက တပ်ဆုတ်သွားပြီ ဖြစ်ကြောင်းသိရသည်။

အဆိုပါတိုက်ပွဲများတွင် ကျဆုံးသွားသော စစ်ကောင်စီတပ်သားများသည် ခလရ ၅၆၆ တပ်ရင်းမှ အများဆုံးဖြစ်ပြီး လင်းသီတိုက်ပွဲတစ်ခုတည်းတွင် ၅၀ ကျော်ခန့်သေဆုံးခဲ့ကြောင်း သံတွဲမြို့ရှိ စစ်ကောင်စီနှင့်နီးစပ်သော သတင်းအရင်အမြစ်မှ နိရဥ္စရာကို အတည်ပြုပြောကြားသည်။

“ရွှေလှေတံတားက စစ်ကောင်စီတပ်ဆုတ်သွားတာ ၃ရက်လောက်ရှိပြီလေ၊စစ်တပ်က တံတားခြေရင်းနဲ့ အလယ်ပိုင်းကို ဗုံးကြဲဖျက်ဆီးခဲ့တာလေ၊ သွားလို့မရတော့ဘူး။ ဆယ်မိုင်လမ်းခွဲတိုက်ပွဲမှာလည်းစစ်ကောင်စီအသေများတယ်။ အေအေကလည်း ဒဏ်ရာရတာ ရှိတယ်ကြားတယ်။ ခလရ ၅၅ တပ်ရင်းတစ်ခုက ပျောက်သွားတာ၊ စစ်ကိုမတိုက်ခဲ့တာ။ ကျွန်တော်တို့ကြားတယ်။ သေတာမဟုတ်ဘူး။ အလံဖြူလည်းမထောင် ထွက်ပြေးတိမ်း ရှောင်သွားတဲ့သဘောပေါ့”ဟု အဆိုပါ သတင်းအရင်အမြစ်မှ ပြောသည်။

တိုက်ပွဲပြင်းထန်ခဲ့သော လင်းသီကျေးရွာတွင် နေအိမ်ဆယ်လုံးခန့်မီးလောင်ခဲ့ပြီး မေလ ၂၀ရက်တွင်ကျေးရွာသားတစ်ချို့က ကျေးရွာသို့လာရောက်ကြည့်ရှု့ခဲ့ရာ စစ်ကောင်စီလက်နက်ကြီး ပစ်ခတ်နိုင်သောကြောင့် အာရက္ခတပ်တော်က ရွာသားများအား ပြန်ထွက်သွားရန်ပန်ကြားခဲ့ပြီး မိုင်းရှင်းလင်းရေးလုပ်ပြီးမှသာ လာရောက်ရန် ပြောဆိုခဲ့ကြောင်းဒေသခံများထံမှ သိရသည်။

သံတွဲမြို့တွင် ခလရ(၅၅)၊ ခမရ(၅၆၆)တပ်များသာရှိသော်လည်း ဧရာဝတီတိုင်းရှိ တပ်ရင်းများမှ ထုတ်နုတ်အင်အား တချို့ကိုလည်း သံတွဲသို့ ပို့ထားဖြစ်သည်။

သံတွဲမြို့နယ် ရွှေလှေတိုက်နယ်အတွင်း ၂၀၂၄ ခုနှစ် မေလ(၁၃) ရက်နေ့ ညပိုင်းကစတင်ကာ တိုက်ပွဲပြင်းထန်ခဲ့ပြီး စစ်ကောင်စီတပ်က ပစ်ခတ်သည့် လက်နက်ကြီးကျည်များ လင်းသီရွာနှင့် ရွှေလှေရွာအတွင်းသို့ ကျပြီး အရပ်သား(၁၂)ဦးသေဆုံးခဲ့ကြောင်း သိရသည်။

ဆက်စပ် သတင်းများ