စနေ၊ ဇူလိုင်လ ၂၇ရက်၊ ၂၀၂၄

လာမည့် ၂၄နာရီအတွင်း ဘင်္ဂလားပင်လယ်အော်တွင် လေဖိအားနည်းရပ်ဝန်းတစ်ခုဖြစ်ပေါ်ပြီး မုန်တိုင်းငယ်တစ်ခု ဖြစ်ပေါ်လာနိုင်ဟု ဆို


  • ရေးသူ: Web Master
  • | ရက်စွဲ: ၂၁ မေ ၂၀၂၄
  • | ကြည့်ရှုသူ: 2k

နှင်းနွယ်နီ၊ နိရဥ္စရာ၊မတ်၂၁/၂၀၂၄

လာမည့် ၂၄ နာရီအတွင်း ဘင်္ဂလားပင်လယ်အော်တွင် လေဖိအားနည်းရပ်ဝန်း(Low Pressure Area) တစ်ခု ဖြစ်ပေါ်ပြီး အဆိုပါလေဖိအားနည်းရပ်ဝန်းသည် ဆက်လက်ရွေ့လျားကာ မေလ ၂၄ ရက်တွင် မုန်တိုင်းငယ်တစ်ခုဖြစ်သို့ ရောက်ရှိလာနိုင်သည်ဟု မိုး/ဇလဌာနက  ယနေ့ မွန်းလွဲ ၂နာရီ အချိန်တွင် ထုတ်ပြန်ထားသည်။

အလားတူ မိုးလေဝသ ပညာရှင် ဦးဝင်းနိုင်ကလည်း မေလ ၂၁ ရက် မြန်မာစံတော်ချိန် နံနက် ၆ နာရီခွဲတွင် ဘင်္ဂလားပင်လယ်အော် အနောက်တောင်ပိုင်း၌ လေဖိအား နည်းရပ်ဝန်းတစ်ခု စတင် ဖြစ်ပေါ်လျှက်ရှိကြောင်း သူ၏ လူမှုကွန်ရက်တွင် ထုတ်ပြန်ထားသည်။

“အဆိုပါ လေဖိအား နည်းရပ်ဝန်းသည် ဘင်္ဂလားပင်လယ်အော် အနောက်တောင်ပိုင်း ပင်လယ်ပြင်တွင် မေလ ၂၂ ရက် ညအထိ ဆက်လက်ရွေ့လျားနေမည်ဖြစ်ပြီး၊ မေလ ၂၃ ရက် ညပိုင်းတွင် ဘင်္ဂလား ပင်လယ်အော် အရှေ့အလယ်ပိုင်းသို့ ရွေ့လျားရောက်ရှိကာ၊ မေလ ၂၄ ရက် ညနေပိုင်းတွင် ပုသိမ်မြို့ အနောက်ဘက် ရေမိုင် ၂၃၅ မိုင်ခန့်သို့လည်းကောင်း၊ မေလ ၂၅ ရက် ည ၈ နာရီခန့်တွင် စစ်တွေမြို့ အနောက်ဘက် ရေမိုင် ၁၃၂ မိုင်ခန့်သို့လည်းကောင်း ရောက်ရှိနိုင်ပြီး မြောက်ဘက်သို့ ဆက်လက်ရွေ့လျားနိုင်ပါသည်” ဟု ဖော်ပြထားသည်။ 


လေဖိအားနည်းရပ်ဝန်းသည် ဆိုင်ကလုန်းမုန်တိုင်းအဆင့်အထိ ရောက်ရှိလာနိုင်ပြီး မေလ ၂၆ ရက် ညနေပိုင်းမှစတင်ကာ ဘင်္ဂလား‌ဒေ့ရှ်နိုင်ငံကမ်းရိုးတန်းအား Kalapara မြို့အနီးမှ ဖြတ်ကျော် ဝင်ရောက် နိုင်ကြောင်း ဦးဝင်းနိုင်က ထုတ်ပြန်ထားသည်။

မြန်မာနိုင်ငံသို့ မုန်တိုင်း ဝင်ရောက်နိုင်ဖွယ်မရှိသော်လည်း မုန်တိုင်းအရှိန်ကြောင့် ကမ်းရိုးတန်း ဒေသများနှင့် ကုန်းတွင်းပိုင်း ဒေသအများစုတွင် လေပြင်းတိုက်ခတ်ခြင်းနှင့် မိုးသည်းထန်ခြင်းများကို မေလ ၂၃ ရက်မှ စတင်ကာ မုန်တိုင်းကုန်းတွင်းသို့ ဝင်ရောက်ချိန် မေလ ၂၆ ရက် ညပိုင်းအထိ ခံစားရနိုင်သည်ဟု ဖော်ပြထားသည်။

နောက်လာမည့် ၃ ရက်မှ ၅ ရက်အတွင်း တနင်္သာရီတိုင်း၊ ကရင်ပြည်နယ်၊ မွန်ပြည်နယ်၊ ပဲခူးတိုင်း၊ ရန်ကုန်တိုင်း၊ ဧရာဝတီတိုင်း၊ ရခိုင်ပြည်နယ်၊ မကွေးတိုင်း၊ မန္တလေးတိုင်း၊ စစ်ကိုင်းတိုင်း၊ နေပြည်တော် စည့် ဒေသများတွင် မိုးသည်းထန်နိုင်သည်ဟု ဆိုထားသည်။


ဓာတ်ပုံ - Win Naing(Facebook)

ဆက်စပ် သတင်းများ