Preview

မောင်တောမြို့ မကြာခင်ကျပြီး ရခိုင်တပြည်လုံး မိုးတွင်းလေးငါးလအတွင်း AA လက်ထဲ ကျရောက်သွားနိုင်သည်ဟု ရခိုင်နိုင်ငံရေး၊ စစ်ရေးလေ့လာသုံးသပ်သူ ဦးဖေသန်းခန့်မှန်း

မေ ၂၂/ ၂၀၂၄ | ကြည့်ရှုသူ :3103
ရခိုင် သတင်း

နိရဉ္စရာ၊ မေ ၂၂/၂၀၂၄

ရခိုင်ပြည်ထဲမှ စစ်အင်အား ခိုင်မာတောင့်တင်းဆုံးမြို့နယ်တစ်ခုဖြစ်သည့် ဘူးသီးတောင်မြို့နယ် တစ်ခုလုံးကို အာရက္ခတပ်တော် ( AA)က သိမ်းပိုက်ပြီးနောက် မောင်တောမြို့ အအပါအဝင် ရခိုင် တပြည်လုံးသည်မိုးတွင်း လေးငါးလအတွင်း အေအေလက်ထဲကို ကျရောက်သွားနိုင်သည်ဟု  ရခိုင်နိုင်ငံရေး၊ စစ်ရေး လေ့လာသုံးသပ်သူဦးဖေသန်းက ပြောဆိုလိုက်သည်။

" ဘူးသီးတောင်မှာဆိုရင်စခန်းအားလုံးကျပြီး မြို့ကိုအားလုံးထိန်းချုပ်လိုက်ပြီလို့မေလ ၁၈ ရက်နေ့က တပ်တော်ကကြေညာတယ်။ ဘူးသီးတောင်ကျပြီဆိုရင်တော့ မောင်တောမှာက ဘူးသီးတောင်လောက် စစ်ကောင်စီ တပ်စခန်းတွေ မများဘူး။ အခုဘူးသီးတောင်လည်းကျသွားသလို မကြာခင်မှာ မောင်တောလည်း ကျသွားနိုင်တယ်” ဟု ပြောကြားသည်။

အာရက္ခတပ်တော် (AA)သည် မောင်တောမြို့ကိုသာမက အမ်းနှင့် သံတွဲမြို့နယ်တို့ကိုလည်းဆက်လက် ထိုးစစ်ဆင်တိုက်ခိုက်နေရာ တိုက်ပွဲများပြင်းထန်လျှက် ရှိနေသည်ဟု သိ၇သည်။ 

“ ဒီဖက်မှာလည်းဘဲတိုက်နေတယ်။ အမ်းရှိမယ်၊ သံတွဲရှိမယ်ပေါ့။ ဒါလည်း ကျနော်ထင်ပါတယ်။ အနှေးနဲ့အမြန်ဒီစခန်းတွေလည်း ကျသွားလိမ့်မယ်ထင်တယ်။ ဘာလို့လဲဆိုတော့ULA/AA တိုက်တဲ့ အချိန်တိုင်းပေါ့နော်။  အချိန်ကာလနှေးတာ၊ မြန်တာရှိမယ်။ ဘယ်စခန်းကိုမှ တိုက်လို့ မနိုင်ဘူး ဆိုတာမရှိခဲ့ဘူး။ ဒီအချိန်မှာလည်းဘဲအမ်းမြို့နယ် တောဟိန်းတောင်ကနေပြီးတော့ အမ်းမြို့ကိုခုခံတယ် ကာထားတယ်ပေါ့။ တောဟိန်းတောင်ကျပြီဆိုရင် အမ်းမြို့နဲ့အနီးကပ်ဆုံး နေရာတွေကို  ULAတပ်ဖွဲ့တွေAA တပ်ဖွဲ့တွေ ဝင်ရောက်သွားလိမ့်မယ်။ ထို့အတူပဲ သံတွဲမှာလည်း တိုက်ပွဲတွေဖြစ်နေပြီး သံတွဲကိုလည်းဘဲ အလုံးအရင်းနဲ့ဝင်တိုက်တယ်ဆိုရင်တော့ ခံနိုင်တော့မှာ မဟုတ်ဘူး” ဟု ဦးဖေသန်းက ဆက်လက်ပြောဆိုသည်။

လက်ရှိ ရခိုင်ပြည်နယ်၏ မြို့တော် စစ်တွေကို စတင်တိုက်ခိုက်ခြင်းမရှိသေးသော်လည်း စစ်တွေမြို့ပတ်ဝန်းကျင်ရှိ မြို့နယ်အားလုံးကို အာရက္ခတပ်တော်က သိမ်းပိုက်ထိန်းချုပ်ထားပြီဖြစ်သည်။ စစ်တွေမြို့ကို အာရက္ခတပ်တော်က ဝင်တိုက်မလား/ မတိုက်ဘူးလားဆိုသည့်အပေါ်  အများပြည်သူများကစိတ်ဝင်တစားစောင့်ကြည့်နေကြသည်။ 

ဦးဖေသန်းက “ဒီဖက်မှာတော့ စစ်တွေတော့ကျန်မှာပေါ့။ စစ်တွေကတော့သူတို့ရဲ့နိုင်ငံရေး အရပေါ့နော်။ ဘယ်တော့တိုက်မလဲဆိုတာကိုတော့ ကျနော်တို့ လည်း မသိရသေးဘူးပေါ့။ သူတို့ နည်းဗျူဟာက ဘယ်လို တိုက်မလဲမပြောတတ်ဘူး။ ဘာလို့လည်းဆိုတော့ စစ်တွေက ရခိုင်ပြည်ရဲ့ မြို့တော်ဖြစ်တယ်။ တပ်ရင်း၊ တပ်ဖွဲ့တွေလည်းရှိနေသေးတယ်။ မြို့ထဲမှာ ပြည်သူတွေလည်း ရှိနေသေးတယ် ဆိုတဲ့ အခါကျတော့  ပြည်သူတွေ မနစ်နာအောင် ကြားမညှပ်အောင် သူတို့ဖက်က အများကြီး စဉ်းစားလိမ့်မယ်လို့ တော့ ယူဆရတယ်။ တိုက်တော့ တိုက်ပါလိမ့်မယ်။ ဒါပေမယ့် အချိန်ကိုလိုရင်လိုသလို ဆွဲပြီးတော့ တိုက်လိမ့်မယ်။ အဲသလိုထင်တယ်” ဟု ပြောဆိုသည်။

လက်ရှိ စစ်ကောင်စီတပ်၏ အခြေအနေမှာ ရခိုင်တိုက်ပွဲတိုင်းတွင်မရှုမလှ ရှုံးနိမ့်နေပြီး တပ်ရင်း အလိုက် အလံဖြူထောင် လက်နက်ချသူများ၊ ထွက်ပြေးကြသူများအများအပြား ရှိနေသဖြင့် မကြာမီ ၇ခိုင်ပြည်သည် စစ်ကောင်စီတပ် လုံး၀ကင်းစင်သွားသည့် နယ်မြေဖြစ်သွားနိုင်ကြောင်းဦးဖေသန်းက ပြောကြားသည်။ 

“နောက်ပြီးတော့တစ်နိုင်ငံလုံးမှာလည်း စစ်ကောင်စီတပ် တွေက အကုန်လုံးတပ်ဖွဲ့စည်းပုံကအစ၊ သူတို့ တပ်ရဲ့ စည်းကမ်းကအစ လျော့ရဲပြီးတော့ တိုက်ပွဲတိုင်းရှုံးနေတဲ့အခြေအနေတစ်ခုဖြစ်နေတယ်။ အာရက္ခတပ်တော်နဲ့ တိုက်တဲ့နေရာတိုင်းမှာလည်း သူတို့ အမြဲတမ်းရှုံးတယ်။  အလံဖြူထောင်တယ်။ လက်နက်ချတယ်ဆိုတဲ့အခြေအနေမျိုးရှိတော့ ဒီမိုးတွင်းလောက်မှာတော့၇ခိုင်ပြည် တပြည်နယ် လုံးပေါ့နော်။  စစ်ကောင်စီတပ်ဖွဲ့တွေလုံး၀ကင်းစင်သွားနိုင်တယ်။ တချို့နေရာတွေ ကျန်ရင်တောင်မှ သူတို့ အကွက် အကွက်လေးတွေပဲ ကျန်လိမ့်မယ်။  ဒီဖက်က ထိန်းချုပ်ထားတဲ့အခြေအနေမျိုး ရောက်သွားလိမ့်မယ်။ အဲ့လိုမျိုး ကျနော် စစ်ရေးအားဖြင့် ခန့်မှန်းပါတယ်ဗျ။”

အာရက္ခတပ်တော်၏ တိုက်ခိုက်ရေးစွမ်းရည်မှာ သူမတူအောင် ပြောင်မြောက်လှပြီးအခိုင်အမာ တည်ဆောက်ထားသည့် စစ်ဗျူဟာများ၊ စကခ ဌာနချုပ်များကိုပါ တိုက်ခိုက်သိမ်းပိုက်နိုင်ခဲ့သဖြင့်အခိုင်အမာစခန်းများမရှိတော့သော ရခိုင်မှ တစ်ခြားမြို့များလည်း အေအေလက်ထဲသို့ မိုးမကုန်မီကျရောက် သွားနိုင်သည်ဟု ဦးဖေသန်းက ပြောဆိုသည်။ 

" အခု အာရက္ခတပ်တော် တိုက်တဲ့တိုက်ပွဲတိုင်းလည်း ပြင်းထန်ပါတယ်။  တိုက်ခိုက်ရည် စွမ်းရည် သူမတူအောင်တော်တဲ့အတွက်စစ်ကောင်စီက အပြင်းအထန် ခုခံပေမယ့် တစ်ခုပြီး တစ်ခု တပ်ရင်းတွေ၊ စခန်းတွေ ကျသွားတယ်။ဒါပေမယ့်  ဗျူဟာကုန်းတွေတိုက်တဲ့အခါမှာ တော်တော်ကို အချိန်ယူပြီးတော့ အာရက္ခတပ်တော်ကနေပြီးတော့စွန့်စားပြီးတော့ တိုက်ရတာ အများကြီးရှိပါတယ်။ အဲ့ဒီလောက်အခိုင်အခန့် တည်ဆောက်ထားတဲ့ ပလက်၀၊ ကျောက်တော်၊ ဘူးသီးတောင် ဗျူဟာကုန်း တွေတောင်မှကျသွားတယ် ဆိုရင်တော့ မြို့ဆိုတာက သိတဲ့အတိုင်းကျယ်ပြန့်ပြီး ဘယ်နေရာက ဝင်ဝင်ရတယ်ဆိုတော့ ဒီလိုအခြေ အနေမျိုးမှာမြို့ကို တိုက်ဖို့ဆိုတာ ဗျူဟာကုန်း တစ်ခုကို တိုက်ရတာလောက် မခက်ပါဘူး။  ဒါကြောင့် ကျန်တဲ့ အမ်းအလွန်(နပခ )အလွန်မှာရှိတဲ့ စခန်းတွေက အဲ့လောက် ဗျူဟာကုန်းအဖြစ် အခြေစိုက်ထားတဲ့ စခန်းတွေက မရှိသလောက် နည်းပါတယ်။ရှိရင်လည်း အရင်ကတိုက်ခဲ့တဲ့ ဗျူဟာကုန်းတွေလောက် အင်အား မရှိဘူးဆိုတော့ အာရက္ခတပ်တော်က တိုက်တဲ့ အခါ အနှေးနဲ့အမြန်ကျန်တဲ့မြို့တွေက ကျသွားနိုင်တယ်လို့ကျနော် ခန့်မှန်းတာပါ။ မိုးတွင်းမှာဆိုရင် အချိန် လေးငါးခြောက်လအတွင်းမှာ ပြတ်တောက်သွားနိုင်တယ်။"

မင်္ဂလာပါ လူကြီးမင်းတို့ခင်ဗျာ။ ကျနော်တို့မီဒီယာဆက်လက်ရပ်တည်ရှင်သန်ရေးအတွက် လူကြီးမင်းတို့ရဲ့ပူးပေါင်းဆောင်ရွက်မှုနဲ့ ကူညီမှုတွေကို အထူးလိုအပ်နေပါတယ်။
နိရဉ္ဇရာလှူရန်

ဆက်စပ် အကြောင်းအရာများ

တစ်နေ့တာ၏ အရေးကြီးဆုံး ပြည်တွင်းပြည်ပ သတင်းများနှင့် အဖြစ်အပျက်များကို လစဥ် လူကြီးမင်း၏ အီးမေလ်းထဲသို့ ရယူနိုင်ပါသည်

နောက်ဆုံးရသတင်းများ

တစ်နေ့တာ၏ အရေးကြီးဆုံး ပြည်တွင်းပြည်ပ သတင်းများနှင့် အဖြစ်အပျက်များကို လစဥ် လူကြီးမင်း၏ အီးမေလ်းထဲသို့ ရယူနိုင်ပါသည်
© 2024 Narinjara News. All rights reserved.