စနေ၊ စက်တင်ဘာလ ၂၁ရက်၊ ၂၀၂၄

ပလက်ဝ တရွန်အိုင်ကျေးရွာကို စစ်ကောင်စီက ဗုံး ၃ကြိမ်ကြဲ၍ ၅ ဦးသေပြီး၊ ၁၀ဦး ဒဏ်ရာရ


  • ရေးသူ: Web Master
  • | ရက်စွဲ: ၂၂ မေ ၂၀၂၄
  • | ကြည့်ရှုသူ: 745

သဥ္ဇာနွယ်၊ နိရဥ္စရာ၊ မေ ၂၂/ ၂၀၂၄

ချင်းပြည်နယ်၊ ပလက်ဝမြို့နယ်၊ တရွန်အိုင်ကျေးရွာကို စစ်ကောင်စီက ဗုံးကြဲသဖြင့် အမျိုးသမီး ၂ ဦး အပါအဝင် ၅ ဦး သေဆုံးပြီး ၁၀ ဦး ဒဏ်ရာရရှိသွားကြောင်း သတင်းရရှိသည်။

သေဆုံးသူများမှာ  ပလက်ဝ အထက်ဘလိုင်ကျေးရွာမှ ခူမီးလူမျိုး ဦးမောင်သိန်းနိုင် (၃၂)နှစ်၊ ဦးအောင်ထွန်း (၆၇)နှစ်နှင့် အထက်တရွန်အိုင်ကျေးရွာမှ ရခိုင်လူမျိုးများ ဖြစ်ကြသည့် မစန္ဒာ (၁၇)နှစ်၊ ဒေါ်လှခိုင်ဦး အသက်(၄၇)ဦးနှင်  ဦးအောင်ကျော်ညွှန့်  (၃၃) နှစ်ဖြစ်သည်။

ဒဏ်ရာရရှိသူများမှာ  အထက်တရွန်အိုင် ကျေးရွာ မှ မောင်ဒီဖြိုး အသက် (၁၂)နှစ်၊ မောင်မြတ်သူ အသက် (၁၂)နှစ်၊ မောင်အောင်မြတ်ဦး၊ ‌ဒေါ်မြနု၊ ဒီမိုးထွန်း၊ ဒေါ်သိန်းရွှေဦး၊ စက်ပြင်ရွာမှ ဦးထွန်းလင်း၊ ပြင်ဒိုင်းရွာမှ အောင်ဟေ့ထွန်း၊ အထက်ဘလိုင်ရွာမှ ဦးကျော်လှနှင့် မြောက်ဦး နကန်ရွာမှ ဦးကျော်စိုးတို့ဖြစ်သည်။

တိုက်ပွဲဖြစ်ပွားခြင်းမရှိသည့် ပလက်ဝမြို့နယ်၊ တရွန်အိုင်ကျေးရွာကို ယမန်နေ့ မေလ ၂၁ ရက်နေ့  ညနေ ၄ နာရီခန့်က စစ်ကောင်စီမှ ဂျက်ဖိုက်တာဖြင့် သုံးကြိမ်တိုင်တိုင် ဗုံးလာကြဲခဲ့သည်ဟု  ပလက်ဝဒေသခံ အမျိုးသား တစ်ဦးက နိရဉ္စရာ သတင်းဌာန ကိုပြောသည်။



“ မနေ့က ညနေ ၄ နာရီကျော်လောက်မှာ စစ်ကောင်စီဖက်က ဂျက်ဖိုက်တာတစ်စီးနဲ့ ဗုံးလာကြဲခဲ့တာပါ။ မြို့က အေးချမ်းနေပြီဆိုတော့ ဒီလို ပြန်လာပစ်မယ်လို့ မထင်ထားတော့ လူတွေက ပုံမှန်အတိုင်း သွားလာနေကြတဲ့ အချိန်မှာ အခုလို ဗုံးထိမှန်ပြီး လူတွေသေဆုံး ဒဏ်ရာရသွားကြတာပါ။ သေဆုံး ဒဏ်ရာရသူတွေ အထဲမှာ  ဆယ်ကျော်သက် အရွယ် ကလေးတွေရော။ အသက်ကြီးပိုင်းတွေ ရော ပါပါတယ်” ဟုပြောသည်။

ယင်းအပြင် ဗုံးလက်နက်ကျရောက် ပေါက်ကွဲ၍ တရွန်အိုင်ကျေးရွာမှ  လူနေအိမ်တစ်ဆောင်နှင့် ဆိုင်ခန်းတစ်ခန်း ပျက်စီးသွားပြီး ဒဏ်ရာရရှိသူများ အထဲတွင်လည်း ပြင်းထန်သူများ ပါဝင်ကြောင်း ၄င်းက ပြောသည်။

“ ဒဏ်ရာရတဲ့သူတွေက ပြင်းထန်ပါတယ်။ ဗုံးကျည်စတွေက အသက်အန္တရာယ်ရှိနိုင်တဲ့ နေရာတွေကို ထိသွားတာတွေ၊ သွေးထွက်လွန်တာတွေရှိနေပါတယ်” ဟု ပြောသည်။

ယမန်နေ့ မေ ၂၁ ရက်နေ့ တစ်ရက်တည်း တွင် စစ်ကောင်စီ၏ ရေတပ်နှင့် လေတပ်မှ လက်နက်ကြီးကျည် ပစ်ခတ်မှုကြောင့် ကျည်စထိမှန်၍  ချင်းပြည်နယ်နှင့် ရခိုင်ပြည်နယ်တွင်  အရပ်သား ၆ ဦး‌ သေဆုံးပြီး ၁၆ ဦးဒဏ်ရာ ရရှိခဲ့သည်ဟု သိရသည်။

ဆက်စပ် သတင်းများ