သောကြာ၊ ဇူလိုင်လ ၅ရက်၊ ၂၀၂၄

စစ်ကောင်စီက မင်းပြားမြို့ကို ဗုံးကြဲတိုက်ခိုက်သဖြင့် ကျောင်းထိုင်ဆရာတော်တစ်ပါး နှင့် ဒေသခံ (၈)ဦး ဒဏ်ရာရ


  • ရေးသူ: Web Master
  • | ရက်စွဲ: ၂၂ မေ ၂၀၂၄
  • | ကြည့်ရှုသူ: 594

သဉ္ဇာနွယ်

နိရဉ္စရာ၊ မေ ၂၂/ ၂၀၂၄

ရခိုင်ပြည်၊ မင်းပြားမြို့အား စစ်ကောင်စီက ဗုံးကြဲတိုက်ခိုက်သဖြင့် ကျောင်းထိုင်ဆရာတော်တစ်ပါးနှင့် ဒေသခံ (၈)ဦး ဒဏ်ရာရရှိသွားကြောင်း သတင်းရရှိသည်။

ဒဏ်ရာရရှိသူများမှာ ခလောင်းရွာဟောင်းကျေးရွာမှ ကျောင်းထိုင်ဆရာတော်  သျှင်ညာဏစက္က သက်တော် (၈၃) နှစ်နှင့် ခလောင်းရွာဟောင်း  ဘုန်းကြီးကျောင်းတွင် စစ်ဘေးရှောင်နေကြသည့် ကျွန်းညို ကျေးရွာမှ  ဒေါ်သိန်းသိန်း အသက် (၆၅)၊‌ ဒေါ်ငြိမ်းငြိမ်း အသက် (၃၅)၊ဦးကျော်လင်းဦး အသက် (၃၈)နှစ် ဒေါ်မထွီး အသက် (၅၃)နှစ်၊ က်ုငြိမ်းချမ်း အသက် (၂၃)နှစ် ၊ကို လပြည့် (၂၃)၊ မင်းပြားဥက္ကာပျံရပ်ကွက် မှ ဦးဇော်မင်းလတ် အသက် (၄၁)နှစ်ဖြစ်ပြီး ၊ မင်းပြားအဝေး ပြေးကားကွင်းရပ်ကွက်မှ  ဦးတင်ထွန်း အသက်  (၅၃) နှစ် ဖြစ်သည်။ 

မင်းပြားမြို့နယ်ကို စစ်ကောင်စီက ယနေ့ မေ ၂၂ ရက်နေ့ နေ့လယ် ၁၂ နာရီခွဲခန့်က ဗုံးလာကြဲသဖြင့် ခလောင်းရွာဟောင်းရှိ ဘုန်းတော်ကြီးကျောင်း နှင့် အဝေးပြေးကားဂိတ်တွင် ကျရောက်ခဲ့ကာ  သံဃာတော် နှင့် စစ်ဘေးရှောင်နေသူများ ဒဏ်ရာရရှိသွားသည်ဟု မင်းပြားဒေသခံအမျိုးသား တစ်ဦးက နိရဉ္စရာ သတင်းဌာန ကိုပြောသညိ။

" ဒီနေ့လည်း မင်းပြားကို ဗုံးထပ်ကြဲတယ်။ မကြာမကြာ လာကြဲတယ်။ ခလောင်းရွာဟောင်း ဘုန်းကြီးကျောင်းမှာ ကျလို့ အသက်ကြီးနေပြီဖြစ်တဲ့ ကျောင်းထိုင်ဆရာတော်နဲ့ ဘုန်းကြီးကျောင်းမှာ ခိုလှုံ နေကြတဲ့ စစ်ဘေးရှောင်တွေ ထိခိုက်ဒဏ်ရာရသွားတယ်။ ဆရာတော်ဘုရားက ဒဏ်ရာပြင်းတယ်။ နောက်တစ်ယောက်က အဝေးပြေးကားဂိတ်မှာနေတဲ့သူပါ။ အဲ့ဒီမှာလည်း ဗုံးတစ်လုံးကြဲခဲ့တယ် " ဟုပြောသည်။

မင်းပြားမြို့ကို စစ်ကောင်စီက မကြာခဏ ဗုံးလာကြဲသည့် အတွက် မြို့ကိုသိမ်းပိုက်ထားသော်လည်း မလုံခြုံနိုင်သေးပဲ အသက်အန္တရာယ် စိုးရိမ်‌နေရဆဲ ဖြစ်သည်ဟု မင်းပြား‌မြို့မှ စစ်ရှောင် အမျိုးသမီးတစ်ဦးက နိရဉွစရာ သတင်းဌာန ကိုပြောသည်။

" မင်းပြားမြို့နယ်နဲ့ မြို့က အခုထိ မလုံခြုံသေးပါဘူး။ ဗုံးက မကြာမကြာ လာကြဲတော့ သေဆုံးသူတွေ ဒဏ်ရာရသူတွေလည်း များလာပြီ။ အိမ်တွေလည်း မီးလောင်တယ်။ အိမ်ကိုလည်း မပြန်ရဲဘူး။ စစ်ရှောင်နေတော့လည်း စစ်ရှောင်နေတဲ့ ကျေးရွာတွေကို ဗုံးလာကြဲတယ် " ဟုပြောသည်။

ရခိုင်တွင် နှစ်ရက်အတွင်း စစ်ကောင်စီ၏ တိုက်ခိုက်မှုကြောင့်  သေဆုံးသူ ၆ ဦးနှင့် ဒဏ်ရာရသူ ၂၄ ဦးအထိရှိနေပြီဖြစ်ကြောင်း သိရသည်။ 

ဆက်စပ် သတင်းများ