တနင်္ဂနွေ၊ ဇွန်လ ၁၆ရက်၊ ၂၀၂၄

ပြန်စရာအိမ်မရှိ၍ မပြန်ရသူများ၊ လေကြောင်းအန္တရာယ်ကြောက်၍ အိမ်မပြန်ရသူများ၊ စစ်ရှောင်စခန်းရယ်လို့လည်းမရှိ၊ ကူညီကယ်ဆယ်ရေးတွေလည်း ဘာမှမရှိသည့်အတွက် ရခိုင်စစ်ဘေးရှောင်များ လာမည့်မိုးရာသီတွင် နေထိုင်ရေး ဆိုးဝါးစွာ ခက်ခဲနိုင်


  • ရေးသူ: Web Master
  • | ရက်စွဲ: ၂၂ မေ ၂၀၂၄
  • | ကြည့်ရှုသူ: 693

အေးမြတ်ခိုင်

နိရဉ္စရာ၊ မေလ ၂၂/၂၀၂၄

ရခိုင်ပြည်မှ စစ်ရှောင်ပြည်သူများသည် မိုးရာသီမတိုင်မီ နေအိမ်များ ပြန်လည်မပြုပြင်နိုင်ပါက နေထိုင်ရေးဆိုးဝါးစွာခက်ခဲနိုင်ကြောင်း ရခိုင်တွင် ကူညီကယ်ဆယ်ရေးလုပ်ကိုင်နေသူများက ပြောသည်။

ဘင်္ဂလားပင်လယ်အော်ကမ်းခြေတွင် တည်ရှိသည့် ရခိုင်ကမ်းရိုးတန်းဒေသသည် မိုးရာသီရောက်တိုင်းမုန်တိုင်းဒဏ်ကို ဆိုးဝါးစွာခံစားရလေ့ရှိသည်။ 

၂၀၂၃ ခုနှစ်၊ နိုင်ဝင်ဘာလ ၁၃ က စတင်ခဲ့သည့် ရခိုင်တိုက်ပွဲများအတွင်း လူနေအိမ်များ၊ စျေးများ ၊ ဘာသာရေးအဆောက်အအုံပေါင်းများစွာ ပျက်စီးဆုံးရှုံးခဲ့ရသည့်အတွက် မိုးရာသီ၌ စစ်ဘေးရှောင်များ များစွာအခက်အခဲကြုံတွေ့ရနိုင်သည်ဟု ရခိုင်မှ စစ်ဘေးရှောင်အရေး ကူညီဆောင်ရွက်ပေးနေသူတစ်ဦးကပြောသည်။

"ပေါက်တောတို့၊ ရမ်းဗြဲ ၊ အခုလက်ရှိဆို ဘူးသီးတောင်ပေါ့လေ။ ဒီမြို့တွေဆိုရင် လေကြောင်းပစ်ခတ်ခံရတာ၊ လက်နက်ကြီး ပစ်ခတ်ခံရတာတွေကြောင့် တစ်မြို့လုံးနီးပါး မီးလောင်ပျက်စီးကုန်တယ်။ တခြားမြို့တွေက ဒေသခံတွေဟာလည်း အေအေက မြို့ကို သိမ်းပိုက်ပြီးတာတောင် ပြန်စရာအိမ်မရှိလို့ မပြန်ရဘူး။လေကြောင်းအန္တရာယ်ကိုကြောက်လို့ အခုထိ အိမ်မပြန်ရသေးတဲ့ ပြည်သူတွေအများကြီးပဲ။ စစ်ရှောင်စခန်းရယ်လို့လည်းမရှိ၊ ကူညီကယ်ဆယ်ရေးတွေလည်း ဘာမှမရှိဘဲ သူတို့ မိုးရာသီမှာ ဘယ်လိုနေ၊ ဘယ်လိုစားကြမလဲ။ တကယ်ကို ရင်လေးစရာပါ"ဟု ပြောသည်။

စစ်ဘေးရှောင်စခန်းများတွင်လည်း မိုးရာသီရောက်လာတော့မည်ဖြစ်သော်လည်း နေအိမ်အဆောင်များပြုပြင်နိုင်ခြင်းမရှိသေးသည့်အတွက် မိုးတွင်းနေထိုင်ရေးကို စိုးရိမ်နေကြရသည်ဟု တောင်မင်းကုလားစစ်ဘေးရှောင်စခန်းမှ ဒေါ်မအေးခင်က ပြောသည်။

"ကျောက်တော်နယ်က စခန်းတော်တော်များများဟာ တိုက်ပွဲမစခင်မှာ ရုပ်သိမ်းခံရပြီး စစ်ရှောင်တွေကို စစ်ကောင်စီက နေရပ်ပြန်ပို့ခဲ့တယ်။ ကျန်ခဲ့တာက စခန်းနှစ်ခုပဲ။ အခု စခန်းတွေဟာလည်း တိုက်ပွဲကာလမှာ ဒရုန်းဗုံးအချခံရလို့ အရင်ကတည်းက ပျက်စီးနေတဲ့ကြားက ပျက်သွားသေးတယ်။ အခုထိလည်း ဘာအကူအညီမှမရှိဘဲ ကျမတို့အားနဲ့ ပြန်ပြင်နိုင်ဖို့လည်း အင်အားမရှိပါဘူး။ ဖြစ်သလိုနေကြရတော့မှာပါပဲ"ဟုပြောသည်။

စစ်ကောင်စီ၏လက်နက်ကြီးကျည်ပစ်ခတ်မှု၊ လေကြောင်းတိုက်ခိုက်မှုနှင့် ကာလကြာရှည် လူမနေထိုင်မှုတို့ကြောင့် နေရပ်ပြန် ပြည်သူများ၏ အိုးအိမ်များ ပြိုကျပျက်စီးနေသည့်အတွက် နေအိမ်များပြန်လည်တည်ဆောက်ရန် လိုအပ်နေသည်ဟု စစ်ဘေးရှောင်များက ပြောသည်။

လက်ရှိမှာ အေအေသိမ်းပိုက်ထားသည့် ကျောက်တော်၊ မြောက်ဦး၊ ပေါက်တော၊ ရမ်းဗြဲ၊ မင်းပြား စသည့်မြို့နယ်များမှ စစ်ဘေးရှောင်များသည်လည်း နေရပ်ကို မပြန်နိုင်သေးသူ အများအပြားရှိနေဆဲဖြစ်ကြောင်းသိရသည်။

ပေါက်တောမြို့မှ စစ်ဘေးရှောင် ဦးမောင်သိန်းက "အိမ်လည်းမကျန်၊ ကျောင်းလည်းမကျန်တော့ ဘယ်လိုပြန်ကြမလဲ။ ဒီလိုပဲ တောတောင်တွေမှာနေလိုက်၊ လမ်းဘေးမှာတဲထိုးနေလိုက်နဲ့ တော်တော်ကို ဒုက္ခများပါတယ်"ဟု ပြောသည်။

ယင်းအပြင် အပူရှိန်မြင့်မားမှုနှင့် ရေမသန့်ရှင်းခြင်းကြောင့် ရောဂါများဖြစ်ပေါ်နေသည့်အပြင် ဆေးဝါးများလည်းလိုအပ်နေသည်ဟု စစ်ဘေးရှောင်များက ပြောသည်။

ရခိုင်တွင် စစ်ကောင်စီက လမ်းပန်းဆက်သွယ်ရေးများ ဖြတ်တောက်ကာ  လူမှုကူညီရေးအဖွဲ့အစည်းများနှင့်နိုင်ငံတကာအကူအညီပေးရေး INGO/ NGOအဖွဲ့အစည်းများ၏ ကူညီထောက်ပံ့မှုများကို ပိတ်ပင်မှုများကြောင့် စစ်ဘေးရှောင်များကို ကူညီထောက်ပံ့မှု မရှိသလောက်နည်းပါးနေသည်ဟု ဆိုသည်။

၂၀၂၃ နိုင်ဝင်ဘာလမှာ စတင်သော ရခိုင်တကျော့ပြန်တိုက်ပွဲများကြောင့် အိုးအိမ်စွန့်ခွါထွက်ပြေးနေရသည့်စစ်ဘေးရှောင် ဦးရေ ၃ သိန်းကျော်အထိရှိလာသည်ဟု UNOCHA က ထုတ်ပြန်ထားသည်။

(ဓာတ်ပုံ- Wai Hun Aung)

ဆက်စပ် သတင်းများ