တနင်္ဂနွေ၊ ဇွန်လ ၁၆ရက်၊ ၂၀၂၄

သံတွဲမြို့တွင် လျှပ်စစ်မီး လုံးဝပြတ်တောက်နေသည်မှာ (၆)ရက်ခန့် ဆက်တိုက်ရှိလာပြီး ရန်ကုန်မြို့သို့ ထွက်ခွာသူ များပြားလာသဖြင့် လေယာဉ်လက်မှတ်ဈေးနှုန်းများ မြင့်တက်လာ


  • ရေးသူ: Web Master
  • | ရက်စွဲ: ၂၂ မေ ၂၀၂၄
  • | ကြည့်ရှုသူ: 4.1k

လူထက်နိုင် (ဒွါရာမြီ)

နိရဥ္စရာ ၊မေ ၂၂ /၂၀၂၄

ရခိုင်ပြည်၊ သံတွဲမြို့တွင် လျှပ်စစ်မီး လုံးဝပြတ်တောက်နေသည်မှာ (၆)ရက်ခန့် ဆက်တိုက်ရှိလာပြီး ယခုရက်ပိုင်းအတွင်း ရန်ကုန်မြို့သို့ ထွက်ခွာသူများပြားလာ၍ လေယာဉ်လက်မှတ်ဈေးနှုန်းများ မြင့် တက်လာနေကြောင်း ဒေသခံများထံမှ သိရသည်။

သံတွဲမြို့ရှိ ကမ္ဘာကျော် ငပလီကမ်းခြေနှင့် ကျေးရွာများတွင် မေလ ၁၇ ရက်နေ့ ညနေပိုင်းမှ စတင်ကာ မေလ ၂၂ရက်နေ့အထိ မီးပြတ်နေပြီး  ရွှေလှေ - သံတွဲလမ်းပေါ် ရှိ ကျေးရွာများတွင် အာရက္ခတပ်တော် နှင့်စစ်ကောင်စီ တိုက်ပွဲများကြောင့်  မီးလိုင်းများ ပြန်မပြင်နိုင်သေးကြောင်းနှင့် အချိန်ကာလ ကြာမြင့်မည်ဖြစ်ကြောင်းလည်း သိရသည်။

“ ရေစင်ကျေးရွာဖက်မှာ မီးလိုင်းပြတ်နေတာဆိုတော့ တိုက်ပွဲကဖြစ်နေတာလေ။ သွားပြီးပြင်လို့ မရဘူး။ သံတွဲလျှပ်စစ်မီးက ကြာမှာ။ အခု မီးစက်တွေနဲ့ မောင်းပြီး အလုပ်တွေလုပ်ရတယ်။ ဖုန်းတွေ၊ပါဝါဘန့်တွေကိုလည်း တစ်ခုတစ်ထောင်ပေးပြီး မီးစက်ရှိတဲ့နေရာတွေမှာ အားသွင်းနေရတယ်” ဟု သံတွဲ ဒေသခံတစ်ဦးကပြောသည်။

လက်ရှိသံတွဲမြို့နှင့် ကျေးရွာများတွင် လျှပ်စစ်မီးပြတ်တောက်နေသောကြောင့် မီးစက်များဖြင့် လုပ်ငန်းများဆောင်ရွက်နေရကာ လုပ်ငန်းရှင်များ၊ ပြည်သူများ အခက်အခဲဖြစ်ပေါ် လျက်ရှိကာ သံတွဲမြို့ရှိ အောက်ဆီဂျင်ရုံသည်လည်း လုပ်ငန်းမလည်ပတ်နိုင်ကြောင်း သိရသည်။

စစ်ပွဲအန္တရာယ်ဇုန်မှ အမြန်ရွှေ့ပြောင်းရမည့် မြို့နယ်များစာရင်းတွင် သံတွဲပါဝင်လာပြီးနောက် ယခုကာလအတွင်း သံတွဲ-ရန်ကုန် ပြေးဆွဲနေသည့် တစ်ခုတည်းသော လေကြောင်းလိုင်းဖြစ်သည့် KBZ (Air Mingalar) လေယာဉ်လက်မှတ် ဈေးနှုန်းများ ယနေ့မှစ၍ ၂ဆခွဲဝန်းကျင် ဈေးတက်သွားကြောင်း စစ်ဘေးရှောင်ရန်ပြင်ဆင်နေသူများနှင့် လေယာဉ်လက်မှတ် အရောင်းကောင်တာများမှ သိရသည်။

သံတွဲ-ရန်ကုန် လေယာဉ်လက်မှတ်ဈေးနှုန်းများမှာ ယမန်နေ့ကအထိ သံတွဲ-ရန်ကုန် လက်မှတ်တစ်စောင်လျှင် ကျပ် ၁၇၀,၀၀၀ သာရှိခဲ့ရာမှ ယနေ့ တွင် ၄၅၀,၀၀၀ ကျပ်အထိ မြင့်တက်သွားကြောင်း လေယာဉ်လက်မှတ်ရောင်းချသူများက ကြော်ငြာထားသည်။

လက်ရှိသံတွဲမြို့တွင် လူတိုင်းလေယာဉ်လက်မှတ်ဝယ်ယူ၍ မရသကဲ့သို့ စစ်တပ်နှင့်ရင်းနှီး သူများသာဝယ်ယူ၍အဆင်ပြေနေပြီး နေ့စဉ်ပြေးဆွဲမှု မရှိကြောင်းဒေသခံများထံမှ သိရသည်။

ပုံမှန်အားဖြင့် လျှပ်စစ်မီးပြတ်တောက်လျှင် လူမှုကွန်ရက်စာမျက်နှာမှတဆင့် အများပြည်သူသို့ အသိပေးတတ်သည့် သံတွဲမြို့လျှပ်စစ်ဓာတ်အား ဖြန့်ဖြူးရေးလုပ်ငန်းသည် ယခုအချိန် လျှပ်စစ်မီးပြတ်တောက်မှုနှင့်ပတ်သက်၍ ထုတ်ပြန်ခြင်းမရှိကြောင်း သိရသည်။

ဆက်စပ် သတင်းများ