တနင်္ဂနွေ၊ ဇွန်လ ၁၆ရက်၊ ၂၀၂၄

မောင်တောမြို့ ၄ မိုင် တိုက်ပွဲပြင်းထန်


  • ရေးသူ: Web Master
  • | ရက်စွဲ: ၂၂ မေ ၂၀၂၄
  • | ကြည့်ရှုသူ: 1.7k

နောင်မင်းသူ၊ နိရဉ္စရာ၊ မေ ၂၂ရက်/၂၀၂၄

အာရက္ခတပ်တော် (AA) တိုက်ခိုက်နေသည့် ရခိုင်ပြည်၊ မောင်တောမြို့ လေးမိုင် နခခ (၂) တိုက်ပွဲမှာ   ယနေ့ မေလ ၂၂ ရက် မနက် ၉ နာရီ ကျော်မှ စပြီး ပြင်းထန်နေသည်ဟု ဒေသခံများက ပြောသည်။

ဒေသခံတစ်ဦးက  "နခခ(၅)က မနက် ၉ နာကျော်ကစပြီး ၄ မိုင် ဖက်ကို လက်နက်ကြီး အဆက်မပြတ် ပစ်နေတာ။ လက်နက်ငယ်အသံတွေလည်းကြားရတယ်။ ဒရုန်းနဲ့ ဗုံးချသံတွေလည်း ကြားရတယ်။ အသံစုံနေတယ်။ နခခ(၂) မှာ တိုက်ပွဲဖြစ်နေကြပါတယ် "ဟု ပြောကြားသည်။

မောင်တောမြို့၄ မိုင်အခြေစိုက် နယ်ခြားစောင့်တပ်ဖွဲခွဲ နခခ (၂) အား အာရက္ခတပ်တော် မှ မေ ၂၁ နံနက်မှ အေအေက စတင် ထိုးစစ်ဆင်တိုက်ခိုက်နေရာ ယနေ့ နံနက်တွင် တိုက်ပွဲမှာ ပိုမို ပြင်းထန်လာသည်ဟု ဒေသခံများက ပြောသည်။ 

ဒေသခံတစ်ဦးက လေးမိုင် နခခ (၂) အေအေလက်ထဲ ကျသွားပြီဟု ပြောဆိုသော်လည်း နိရဉ္စရာသတင်းဌာန အနေဖြင့် သီးခြားအတည်ပြုချက် ရယူနိုင်ခြင်း မရှိသေးပါ။

အာရက္ခတပ်တော် ( AA) သည် မောင်တောမြို့နယ်‌ မြောက်ပိုင်း ရှိ စစ်ကောင်စီ နယ်ခြားစောင့် စခန်းများ ဖြစ်ကြသည့်  ဒုံးညို၊ ဗန္ဓုလ၊‌‌ ကြောင်နဘေ၊တမန်းသား၊ ခမောင်းဆိပ်ဗျူဟာ၊ တမန်းသားဗျူဟာ၊ အောင်သပြေနယ် မြေ(၁)၊ တောင်ပြိုနယ်‌‌မြေ(၂)၊ နံ့သာတောင်နယ်မြေ(၃)၊ လိပ်ရနယ်မြေ (၄)၊ ငါးခူရ နယ်မြေ(၅)၊ ပြင်ဖြူနယ်မြေ(၆)၊ နခခ(၁) ကျီးကန်းပြင်ဌာနချုပ်၊ နခခ (၇)ကြိမ်ချောင်း၊ နခခ (၁၀)လှဖိုးခေါင်စခန်းအများအားလုံးကို အာရက္ခတပ်တော်(AA) မှ အပြီးသတ် သိမ်းပိုက်ထားပြီး ဖြစ်သည်။

လက်ရှိကျန်ရှိနေတဲ့မောင်တောဒေသရှိ စစ်ကောင်စီတပ်ရင်းတပ်ဖွဲများအား အာရက္ခတပ်‌တော်မှ ထိုးစစ်အရှိန်မြင့်တိုက်ခိုက်သွားမည်ဖြစ်တာ‌ကြောင်း ဒေသခံ ပြည်သူများအား ဘေးလွှတ်ရာသို့ တိမ်းရှောင် နေကြရန် အာရက္ခတပ်တော်ဖက်မှ သတင်းထုတ်ပြန်ထားသည်။

လက်ရှိမောင်တောမြို့နယ် ၌ စစ်ကောင်စီတပ်ရင်းတပ်ဖွဲများ ဖြစ်တဲ့ ၄ မိုင် နခခ (၂)၊မြို့သူကြီ နခခ(၅)၊မောရဝတီ နခခ(၄)၊ မြင်းလွှတ် နခခ(၉)၊ နှင့် နယ်မြေ(၇)အလယ်သံကျော် နှင့် ကျောက်ပန်းဒူ စခန်းတပ်ရင်း များအား သိမ်းပိုက်နိုင်ရေး အာရက္ခတပ်တော်မှ ကြိုးစားနေသည်ဟု သိရှိရသည်။

ဆက်စပ် သတင်းများ