တနင်္ဂနွေ၊ ဇွန်လ ၁၆ရက်၊ ၂၀၂၄

ရခိုင်ပြည်နယ် အခြေအနေနှင့်ပတ်သက်ပြီး အမေရိကန်ပြည်ထောင်စုက လွန်စွာစိုးရိမ်ကြောင်း သတင်းထုတ်ပြန်


  • ရေးသူ: Web Master
  • | ရက်စွဲ: ၂၂ မေ ၂၀၂၄
  • | ကြည့်ရှုသူ: 1.3k

ဂျွန်နသန်၊ နိရဉ္စရာ၊ မေလ ၂၂/၂၀၂၄

 

မြို့များ မီးရှို့ခံရခြင်းနှင့် ဒေသနေပြည်သူများ အိမ်ယာစွန့်ခွာရခြင်းများအပါအဝင် အရှိန်မြင့်လာသည့် အကြမ်းဖက်မှုများနှင့် လူမှုအသိုက်အဝန်းများအကြား တင်းမာမှုများအကြောင်း သတင်းများကြောင့် အမေရိကန်ပြည်ထောင်စုက လွန်စွာ စိုးရိမ်မိပါသည်ဟု သတင်းထုတ်ပြန်သည်။

 

အမေရိကန် နိုင်ငံခြားရေး ဝန်ကြီးဌာန က မေလ ၂၁ ရက်က ထုတ်ပြန်သည့် ထုတ်ပြန်ချက်အထဲတွင်   မြန်မာနိုင်ငံ ရခိုင်ပြည်နယ် အတွင်းမှ အခြေအနေနှင့်ပတ်သက်ပြီးဖော်ပြထားခြင်း ဖြစ်သည်။

 

ထိုဖြစ်စဉ်များမှာ ရိုဟင်ဂျာများကို အတင်းအကြပ်စစ်မှုထမ်းဆောင်စေခြင်းနှင့် လုပ်ကြံသတင်း၊ သတင်းမှားနှင့် အမုန်းစကားများ ပြန့်နှံ့နေခြင်းများကဲ့သို့ စိတ်မအေးဖွယ်ရာသတင်းများ၏ နောက်ဆက်တွဲ အဖြစ် ဆင့်ကဲပေါ်ပေါက်လာသည်ဟု ဆိုသည်.  

 

ရခိုင်ပြည်နယ်နှင့် နိုင်ငံအတွင်းရှိ အခြားနေရာများတွင် လူ့အသိုက်အဝန်းများအကြား တင်းမာမှုများကို လှုံ့ဆော်ပေးလေ့ရှိသည့် စစ်တပ်၏ အတိတ်ကလုပ်ရပ်များအပြင် ရိုဟင်ဂျာများကို ပစ်မှတ်ထားပြီး ၄င်းတို့ ယခင်ကျူးလွန်ခဲ့သည့် လူမျိုးတုန်းသတ်ဖြတ်မှုနှင့် လူသားမျိုးနွယ်အပေါ်ကျူးလွန်သည့် အခြားသောရာဇဝတ်မှုများက ပြည်သူများအတွက် စိုးရိမ်ဖွယ် အန္တရာယ်ဖြစ်ကြောင်း မီးမောင်းထိုးပြနေပါသည်။

 

လတ်တလောတွင် အရှိန်မြင့်လာသည့် အကြမ်းဖက်မှုများနှင့် လူမှုအသိုက်အဝန်းများအကြား တင်းမာမှုများက ကြမ်းကြုတ်ရက်စက်သောလုပ်ရပ်များ ယခုထက် ကျယ်ပြန့်စွာ ဖြစ်ပွားလာနိုင်ခြေ ရှိမှုကိုလည်း ပိုမိုမြင့်မားလာစေပါသည်။

 

 အရပ်သားပြည်သူများကို အကာအကွယ်ပေးရန်နှင့် လူသားချင်းစာနာမှုဆိုင်ရာအကူအညီများ အဟန့်အတားမရှိပေးအပ်ခွင့်ပြုရန် မြန်မာစစ်တပ်နှင့် တာဝန်ရှိသောလက်နက်ကိုင် အဖွဲ့အစည်းများ အားလုံးကို မိမိတို့ တောင်းဆိုပါသည်။

 

အရှိန်မြင့်လာသည့် ယခုအကြမ်းဖက်မှုများကို ရှုတ်ချကြရန်၊ လူ့အခွင့်အရေးချိုးဖောက်သူများကို တာဝန်ယူမှု တာဝန်ခံမှုရှိစေရေး ဆောင်ရွက်ကြရန်နှင့် အနာဂတ်တွင် ကြမ်းကြုတ်ရက်စက်မှုများ မဖြစ်ပွားစေရေးအတွက် အကြမ်းဖက်မှုများမှ ရှောင်ပြေးသူများကို အကာအကွယ်ပေးအပ်ကြရန် နိုင်ငံတကာမိတ်ဖက်များကိုလည်း မိမိတို့ အားပေးတိုက်တွန်းပါသည်ဟု ဖော်ပြထားသည်.။  

 

အသက်ဆုံးရှုံးရသူများနှင့်ကျန်ရစ်သူများအတွက် တရားမျှတမှုရှိစေရေး တိုးမြှင့်ဆောင်ရွက်ရန်သာမက ကြမ်းကြုတ်ရက်စက်မှုများအတွက် တာဝန်ရှိသူများကို တာဝန်ယူမှု တာဝန်ခံမှုရှိစေရန် အမေရိကန် ပြည်ထောင်စုက ဆက်လက် သံန္နိဋ္ဌာန်ချထားပြီး နှိပ်စက်ကလူပြုမှုများ ကျူးလွန်သည့် စစ်တပ်နှင့် အခြားတာဝန်ရှိသည့် လက်နက်ကိုင်အဖွဲ့အစည်းများကိုလည်း မိမိတို့ ဒဏ်ခတ်အရေးယူသွားပါမည် ဟု သတင်းထုတ်ပြန်ချက်တွင်ဖော်ပြထားသည်။

ဆက်စပ် သတင်းများ