Preview

စစ်တွေမြို့ကို နောက်ဆုံးခံတပ်မြို့အဖြစ် စစ်ကောင်စီကသတ်မှတ်ပြီး အပိုင်းနှစ်ပိုင်းဖြင့် စစ်ရေးအရ အကြီးအကျယ်ပြင်ဆင်နေ

မေ ၂၃/ ၂၀၂၄ | ကြည့်ရှုသူ :13715
ရခိုင် သတင်း

သဉ္ဇာနွယ်/ နိရဉ္စရာ၊ မေ ၂၃/၂၀၂၄

အာရက္ခတပ်တော် (AA)၏ ထိုးစစ်ကိုခုခံရန် ရခိုင်ပြည်မြို့တော်စစ်တွေကို နောက်ဆုံးခံတပ်မြို့တစ်ခု အဖြစ် စစ်ကောင်စီကသတ်မှတ်ပြီး စစ်ရေးအရအကြီးအကျယ်ပြင်ဆင်မှုများ ရှိနေသည်ဟု သတင်းရရှိသည်။

“  မကြာမီ မောင်တောကို စစ်ကောင်စီလက်လွှတ်ရတော့မယ်။ မောင်တောပြီးရင် အေအေရဲ့ ထိုးစစ်ကစစ်တွေကို လှည့်လာတော့မယ်။ ဒါကို သိတဲ့အတွက် စစ်ကောင်စီက စစ်တွေကို ခံစစ်နဲ့ ခုခံဖို့အကြီးအကျယ် ပြင်ဆင်နေတယ်။ နေ့ရောညပါ အင်အားတွေထပ်ဖြည့်တယ်။ လေယာဉ်နဲ့ရော၊ စစ်ရေယာဉ်တွေနဲ့ပါအင်အားဖြည့်နေတယ်”ဟု စစ်တွေ ဒေသခံတစ်ဦးကပြောကြားသည်။

စစ်တွေကို စစ်ရေးအရ အပိုင်းနှစ်ပိုင်းဖြင့် ခုခံရန်စစ်ကောင်စီက အကြီးအကျယ် ပြင်ဆင်နေကြောင်း ရခိုင်စစ်ရေး၊ နိုင်ငံရေးကို လေ့လာနေသူ သက်လတ်ပိုင်း၇ခိုင်အမျိုးသားတစ်ဦးက ပြောသည်။

“ ပထမတစ်ပိုင်းကဘယ်လိုပြင်ဆင်နေသလဲဆိုတော့ လက်နက်နဲ့ လူအင်အား၊ ရိက္ခာအင်အား ကို လေယာဉ်နဲ့ ဖြည့်တင်းတယ်။စစ်ရေယာဉ်တွေနဲ့ ဖြည့်တင်းနေတယ်။  အခုရက်ပိုင်း လေယာဉ်တွေ ဆင်းတာ အရမ်း များနေတယ်။  မေ  ၂၁ ရက် နေ့ ညနေ ၅နာရီလောက်ကဆိုရင်လည်း စစ်လေယာဉ်တွေ အများအပြားဆင်းတယ်။ စစ်လေယာဉ် အကြီးကြီးတွေ။ ပုံမှန် တစ်ရက်ကို စစ်လေယာဉ် သုံး-လေးစီး လိုမျိုး ဆင်းတယ်။ လူလည်းပါတယ်။ ပစ္စည်းလည်းပါတယ်။ အခု ရက်ပိုင်းအတွင်းမှာဆိုရင်စစ်အင်အားနဲ့ လက်နက်အင်အားကို အကြီးအကျယ် အင်အားဖြည့်ပြီး တိုးချဲ့နေတယ်" ဟုပြောသည်။

၎င်းပြင် စစ်ကောင်စီသည် မွတ်ဆလင်လက်နက်ကိုင်တစ်ထောင်ကျော်ခန့်ကို သင်တန်းများပေးပြီး လက်နက်တပ်ဆင်ပေးထားကာ အေအေကို ခုခံတိုက်ခိုက်ရန်ပြင်ဆင်ထားသည်ဟု သိ၇သည်။

ဒုတိယတစ်ပိုင်းအနေဖြင့် စစ်တွေပတ်ပတ်လည်တွင်မိုင်းထောင်ခြင်း၊ ကမ်းစပ်ရေပြင်များတွင် ရေမြုပ်မိုင်းများထောင်ခြင်း၊ စစ်တပ် တပ်ရင်းများအတွင်းဗုံးခိုအဆောက်အဦများ၊ ကတုတ်ကျင်းများ၊ ဘန်ကာများ၊ စစ်ဘက်ဆိုင်ရာ အဆောက်အဦများကို ဗုံးဒဏ်ခံနိုင်ရန်တည်ဆောက်ခြင်း၊  ပြန်လည်မွန်းမံ ပြင်ဆင်ခြင်းများကိုပြုလုပ်နေသည်ဟု ဆိုသည်။ 

" မိုင်းထောင်ထားကတော့ နေရာအနှံ့ပါဘဲ။ အခုနောက်ပိုင်း  ရန်ကုန်က က နေဗီသင်္ဘောတွေလည်း ဆက်တိုက်ဝင်တယ်။ သင်္ဘောပေါ်မှာ လက်နက်ခဲယမ်းနဲ့ ရိက္ခာတွေအပြင် ကျောက်စရစ်တွေ၊ ဘိလပ်မြေ အိတ်တွေ၊ သံထည်တွေ ပါပါတယ်။ စစ်တွေမြို့ထဲမှာထက်သူတို့တပ်ရင်းတွေအထဲမှာ အဆောက်အဦတွေကို သေချာပြင်နေတယ်။ အခိုင်အခန့်ဘန်ကာတွေဆောက်တယ်။ ကတုတ်ကျင်းတွေ အခိုင်အမာ ပြုလုပ်နေတယ်လို့သိ၇တယ်" ဟုပြောသည်။

လက်ရှိ ရခိုင်ပြည်နယ်၏ မြို့တော်စစ်တွေကို အေအေက စတင်တိုက်ခိုက်ခြင်း မရှိသေးသော်လည်း စစ်တွေခရိုင်လက်အောက်ရှိ ၇သေ့တောင်မြို့နယ်၊ပုဏ္ဏားကျွန်းမြို့နယ်နှင့် ပေါက်တောမြို့နယ် ၃ခုစလုံးကို သိမ်းပိုက်ထိန်းချုပ်ထားပြီး စစ်တွေကို စစ်ရေးအ၇ ခြိမ်းခြောက်ထားသည်ဟု ဆိုသည်။

ရခိုင်ဝါရင့် နိုင်ငံရေးသမား ဦးဖေသန်းက “ ဒီဖက်မှာတော့ စစ်တွေတော့ကျန်မှာပေါ့။ စစ်တွေကတော့ သူတို့ရဲ့နိုင်ငံရေးအရပေါ့နော်။ စစ်တွေက ရခိုင်ပြည်ရဲ့ မြို့တော်ဖြစ်တယ်။ တပ်ရင်း၊ တပ်ဖွဲ့တွေလည်း ရှိနေသေးတယ်။မြို့ထဲမှာ ပြည်သူတွေလည်း ရှိနေသေးတယ် ဆိုတဲ့ အခါကျတော့  ပြည်သူတွေ မနစ်နာအောင် ကြားမညှပ်အောင် အေအေဖက်က အများကြီး စဉ်းစားလိမ့်မယ်လို့ တော့ ယူဆရတယ်။ တိုက်တော့တိုက်ပါလိမ့်မယ်။ ဒါပေမယ့် အချိန်ကို လိုရင်လိုသလို ဆွဲပြီးတော့ တိုက်လိမ့်မယ်။အဲသလိုထင်တယ်” ဟု ပြောဆိုသည်။

စစ်တွေမြို့ကို  မိုးတွင်းမကျမီ အာရက္ခတပ်တော်က တိုက်ခိုက်မည်ဟု သတင်းထွက်ပေါ်နေမှုကြောင့်  မြို့ထဲတွင် ကျန်နေသူများအနေဖြင့် စိုးရိမ်နေကြရသည်ဟု စစ်တွေမြို့မှ လက်လုပ်လက်စား အမျိုးသမီး တစ်ဦးကနိရဉ္စရာ သတင်းဌာနကို ပြောသည်။

" စစ်တွေကိုက ပြေးစရာနေရာမရှိဘူး။ လေကြောင်းကလွဲပြီး ကျန်လမ်းတွေ အကုန် ပိတ်ထားတယ်။ အရင်ကဆို စက်လှေနဲ့ နယ်ဖက်တွေကို တိမ်းရှောင်လို့မရဘူး။ အခုက ကမ်းစပ်တွေမှာလည်း မိုင်းတွေ ထောင်ထားတယ်။ ရန်ကုန်သွားဖို့ကလည်း ပိုက်ဆံမတတ်နိုင်ဘူး။တိုက်ပွဲဖြစ်မှာကိုတော့ လူတိုင်း စိုးရိမ်စိတ်တွေ ရှိတာပေါ့နော်။ ဒါပေမယ့်ကျမတို့လို့ လက်လုပ်လက်စားတွေက ဘယ်တတ်နိုင်ပါ့မလဲ" ဟုပြောသည်။

စစ်တွေမြို့သည် ရေပတ်လည် ဝိုင်းရံထားသည့် မြို့တစ်မြို့ဖြစ်သဖြင့်အေအေတိုက်ခိုက်လာပါက ရေကြောင်းနှင့် လေကြောင်းကပါ ခုခံရန် စစ်ကောင်စီက ပြင်ဆင်ထားသည်ဟုသိရှိ၇ပါသည်။

မင်္ဂလာပါ လူကြီးမင်းတို့ခင်ဗျာ။ ကျနော်တို့မီဒီယာဆက်လက်ရပ်တည်ရှင်သန်ရေးအတွက် လူကြီးမင်းတို့ရဲ့ပူးပေါင်းဆောင်ရွက်မှုနဲ့ ကူညီမှုတွေကို အထူးလိုအပ်နေပါတယ်။
နိရဉ္ဇရာလှူရန်

ဆက်စပ် အကြောင်းအရာများ

တစ်နေ့တာ၏ အရေးကြီးဆုံး ပြည်တွင်းပြည်ပ သတင်းများနှင့် အဖြစ်အပျက်များကို လစဥ် လူကြီးမင်း၏ အီးမေလ်းထဲသို့ ရယူနိုင်ပါသည်

နောက်ဆုံးရသတင်းများ

တစ်နေ့တာ၏ အရေးကြီးဆုံး ပြည်တွင်းပြည်ပ သတင်းများနှင့် အဖြစ်အပျက်များကို လစဥ် လူကြီးမင်း၏ အီးမေလ်းထဲသို့ ရယူနိုင်ပါသည်
© 2024 Narinjara News. All rights reserved.