နိရဉ္စရာ၊ မေလ ၂၃/ ၂၀၂၄
ရက္ခိုင်မြေပေါ်တွင် ပထမဆုံးအကြိမ် အာရက္ခတပ်တော် (AA)၏ အရာရှိလေ့ကျင့်ရေး သင်တန်း၊အမှတ်စဉ် (၃)၊ သင်တန်းဆင်းပွဲကို မေလ ၂၀ ရက်နေ့က ပြုလုပ်ရာ သင်တန်းသူ/သား (၃၂၆) ယောက် အောင်မြင်စွာသင်တန်းဆင်းနိုင်ခဲ့သည်ဟု အေအေက သတင်းထုတ်ပြန်သည်။
အနာဂတ်အာရက္ခတပ်တော်ကိုဦးစီးဦးဆောင်ပြုနိုင်မည့် လက်ရုံးရည်၊ နှလုံးရည်ပြည့်၀သော စစ်သည်တော်ကောင်းများနှင့် စစ်ဘက်ဆိုင်ရာခေါင်းဆောင်များ ပေါ်ထွန်းလာရေး၊ အာရက္ခဒေသနှင့် အာရက္ခပြည်သူလူထုကို ကာကွယ်စောင့်ရှောက်နိုင်ရေးစသည့် စစ်ရေး၊ နိုင်ငံရေးရည်မှန်းချက်များဖြင့် ယခုသင်တန်းကို ပြုလုပ်ခဲ့သည်ဟု ထုတ်ပြန်ချက်တွင် ဖော်ပြထားသည်။ယခု အရာရှိ လေ့ကျင့်ရေး သင်တန်းမှာ (၁) နှစ် နှင့် (ရ) လနီးပါးကြာမြင့်ခဲ့သည်ဟု သိ၇သည်။
သင်တန်းဆင်းပွဲနှင့်ပတ်သက်ပြီး အောက်ပါအတိုင်း AAထုတ်ပြန်ထားပါသည်။
အာရက္ခတပ်တော်(AA) ၏အရာရှိလေ့ကျင့်ရေးသင်တန်း၊ အမှတ်စဉ် (၃)၊ သင်တန်းဆင်းပွဲအခမ်းအနားအား အောင်မြင်စွာကျင်းပပြီးစီး
၂၀၂၄ ခုနှစ်၊ မေလ(၂၃) ရက် အနာဂတ်အာရက္ခတပ်တော်ကိုဦးစီးဦးဆောင်ပြုနိုင်သော၊ လက်ရုံးရည်၊ နှလုံးရည်ပြည့်၀သောစစ်သည်တော်ကောင်းများနှင့် စစ်ဘက်ဆိုင်ရာခေါင်းဆောင်များ ပေါ်ထွန်းလာရေး၊အာရက္ခဒေသနှင့် အာရက္ခပြည်သူလူထုအား ကာကွယ်စောင့်ရှောက်နိုင်ရေး စသည့် စစ်ရေး၊နိုင်ငံရေးရည်မှန်းချက်များဖြင့် အာရက္ခတပ်တော် (AA) ၊စစ်ရုံးချုပ်မှ ဦးဆောင်ကျင်းပသည့် အရည်အချင်းပြည့်မီသော အရာရှိလေ့ကျင့်ရေးသင်တန်း၊အမှတ်စဉ် (၃) သင်တန်းဆင်းပွဲ အခမ်းအနားအား တိုက်ပွဲကာလ၊ စစ်ရေး၊ နိုင်ငံရေးစိန်ခေါ်မှု၊ အခက်အခဲနှင့် မိုခါမုန်တိုင်းကြားမှ အာရက္ခမြေပြင်ထက်တွင် ၂၀၂၄ခုနှစ်၊ မေလ (၂၀) ရက် နေ့၌ အောင်မြင်စွာ ကျင်းပပြီးစီးနိုင်ခဲ့ပါသည်။
အာရက္ခတပ်တော်၊အရာရှိလေ့ကျင့်ရေးသင်တန်း၊ အမှတ်စဉ် (၃) အား ၂၀၂၂ ခုနှစ်၊ နိုဝင်ဘာလ (၁)ရက်နေ့မှစ၍ သင်တန်းသူ/ သား (၃၂၆) ယောက်ဖြင့် ရက္ခိုင်ပြည်တွင်စတင်ဖွင့်လှစ်ခဲ့သည်။
ဤအရာရှိ များကို ၂၀၂၃ ခုနှစ်၊ ဇွန်လ(၁၉) ရက်နေ့တွင် "အရာရှိလောင်း"အဖြစ် အသိအမှတ်ပြုပေးသောအခမ်းအနားကို ပြုလုပ်ခဲ့ပြီး (၁၁) လခန့် အကြာတွင်မှသင်တန်းဆင်းနိုင်ခဲ့ခြင်းဖြစ်သည်။ အာရက္ခမြေတွင် ပထမဆုံးအကြိမ်ပြုလုပ်သောဤသင်တန်းကာလသည် (၁) နှစ် နှင့် (ရ) လနီးပါးကြာမြင့်ခဲ့သည်။ အာရက္ခတပ်တော်၏အရာရှိလေ့ကျင့်ရေးသင်တန်းကျောင်းအား (၉) နှစ်မြောက်၊ ရက္ခိုင့်တပ်တော်နေ့ဖြစ်သည့်၂၀၁၈ ခုနှစ်၊ ဧပြီလ (၁၀) ရက်နေ့တွင် တပ်တော်နေ့အခမ်းအနားနှင့်အတူ အရာရှိလောင်းလေ့ကျင့်ရေးသင်တန်း အမှတ်စဉ် (၁) အား ကချင်ပြည်တွင် သင်တန်းသူ/ သား (၁၃၈) ဦးဖြင့်စတင်ဖွင့်လှစ်ခဲ့နိုင်ခဲ့သည်။
ထို့အတူ အမှတ်စဉ် (၂) ကိုလည်း ကချင်ပြည်တွင်ဖွင့်လှစ်နိုင်ခဲ့သည်။
အာရက္ခတပ်တော်၊ အရာရှိသင်တန်း၊ အမှတ်စဉ်(၄) နှင့် အခြေခံစစ်ပညာသင်တန်းများကိုလည်း လာမည့်ကာလများတွင် ဖွင့်လှစ်သွားရန်လျာတားထားပြီး ဖွင့်လှစ်မည့်အချိန်အား အာရက္ခပြည်သူ/သားများအား ထပ်မံအသိပေးသွားမည်ဖြစ်ပါသည်။
အာရက္ခဒေသအတွင်း မှီတင်းနေထိုင်ကြသောလူငယ်၊ လူရွယ်များသည် အမျိုးသားရေးအသိစိတ်ဓာတ်၊ မွေးရာပါအသိစိတ်ဓာတ်တို့ဖြင့်သမိုင်းပေးတာဝန်ကို လူတိုင်းထမ်းဆောင်ကြရမည်။ အာရက္ခတပ်တော်တွင်စစ်မှုထမ်းရွက်ပြီး အာရက္ခဒေသအတွက် တာဝန်ယူလိုကြသည့် လူငယ်၊ လူရွယ်များအနေဖြင့်နီးစပ်ရာစစ်ဒေသများမှတစ်ဆင့် စုံစမ်းပြီး အာရက္ခဒေသတည်ဆောက်ရေး၊ ကာကွယ်ရေးနှင့်တည်တံ့ရေး လုပ်ငန်းများတွင် ပါဝင်နိုင်ပါကြောင်း သတင်းထုတ်ပြန်အပ်ပါသည်။
သတင်းနှင့်ပြန်ကြားရေး အာရက္ခတပ်တော် ဓါတ်ပုံ -အာရက္ခမြေပေါ်တွင် ပထမဆုံးအကြိမ် ကျင်းပပြုလုပ်ပြီးစီးသည့် အာရက္ခတပ်တော် (AA)၏အရာရှိလေ့ကျင့်ရေးသင်တန်း၊ အမှတ်စဉ် (၃) မှ သင်တန်းဆင်း သင်တန်းသူ/သားများ၏သတင်းဓါတ်ပုံမြင်ကွင်းများ