တနင်္လာ၊ ဇွန်လ ၁၇ရက်၊ ၂၀၂၄

မြောက်ဦး အထွေထွေအုပ်ချုပ်ရေးမှူးရုံးကို စစ်ကောင်စီ လေယာဥ်ဖြင့် ဗုံးလာကြဲ


  • ရေးသူ: Web Master
  • | ရက်စွဲ: ၂၄ မေ ၂၀၂၄
  • | ကြည့်ရှုသူ: 4.3k

မောင်စာဂ၊ ကြိုင်ဟိန်းလင်း/ နိရဉ္စရာ၊ မေ ၂၄/ ၂၀၂၄

အာရက္ခတပ်တော် (AA) သိမ်းပိုက်ထားသည် ရခိုင်ရှေးဟောင်းမြို့တော်ဟောင်း မြောက်ဦးရှိ အထွေထွေအုပ်ချုပ်ရေးမှူးရုံးကို ယနေ့ နံနက် ၁၀ နာရီခန့်က စစ်ကောင်စီဂျက်တိုက် လေယာဉ်က ဗုံးကြဲခဲ့ကြောင်း သိရသည်။

မြောက်ဦးမြို့၊ လေးမြို့စားရပ်ကွက်ရှိ မြောက်ဦးခရိုင် အထွေထွေအုပ်ချုပ်ရေးမှူးရုံးနှင့် တရားရုံးနောက်ဘက်ကို ဗုံးနှစ်လုံးကြဲချခဲ့သည်ဟု ဒေသခံတစ်ဦးက ပြောသည်။

"စစ်ကောင်စီ ဂျက်တိုက်လေယာဉ်က ဗုံးနှစ်လုံးချခဲ့တာပါ" ဟု ပြောသည်။

တိုက်ပွဲတစ်စုံတစ်ရာဖြစ်ပွားမှုမရှိဘဲ ထိုကဲ့သို့ ဗုံးကြဲချခဲ့မှုကြောင့် အရပ်သား ၂ ဦး ထိခိုက် ဒဏ်ရာရသွားသည်ဟု မျက်မြင်တစ်ဦးက ပြောသည်။

"တစ်ယောက်က လက်ပြတ်ထွက်သွားတယ်။ နောက်တစ်ယောက်လည်း ဒဏ်ရာနဲ့ ဆေးရုံကို ယူသွားတယ်"ဟု ပြောသည်။

ထိခိုက်ဒဏ်ရာရသူမှာ ၂ ဦးထက်မနည်းရှိနိုင်သည်ဟုဆိုသည်

နောက်ထပ်သတင်းရင်းမြစ်ကမူ လူထိခိုက်မှုမရှိဟုဆို၍ နိရဉ္စရာသတင်းဌာနက ဆက်လက် စုံစမ်းနေသည်။


ယခုဖြစ်စဥ်ကြောင့် ရုံးအဆောက်အအုံများနှင့် နေအိမ်အချို့ ပျက်စီးသွားခဲ့သည်ဟု သိရသည်။

 

စစ်ကောင်စီသည် မြောက်ဦးမြို့ကို လက်လွှတ်လိုက်ရပြီးနောက် မကြာခဏဆိုသလို တိုက်လေယာဉ်များဖြင့် ဗုံးလာကြဲချမှုများရှိနေသည်ဟု သိရသည်။  

ပြီးခဲ့သည့် မေလ ၁၅ ရက်ကလည်း ကျောက်တော်မြို့နယ်၊ ဝဲကြီးထောင့်တိုက်နယ်ဆေးရုံနှင့် လမ်းမတော်စာသင်ကျောင်းတို့ကို စစ်ကောင်စီက ဂျက်တိုက်လေယာဥ်ဖြင့် ဗုံးကြဲမှုကြောင့် ကျောင်းဆရာတစ်ဦးသေဆုံးပြီး လူ ၂၀ ဦးထက်မနည်း ဒဏ်ရာရရှိသွားခဲ့သည်။

ရခိုင်ပြည်တွင် အာရက္ခတပ်တော် (AA) အား စစ်ရေးအရ မယှဉ်ပြိုင်နိုင်သည့် စစ်ရှုံးစစ်ကောင်စီသည် ရခိုင်ပြည်သူများအား ပစ်မှတ်ထားတိုက်ခိုက်မှုများကို ဆက်တိုက်ပြုလုပ်နေသလို လူမျိုးရေးပဋိပက္ခဖြစ်အောင်လည်း ဖန်တီးလာနေသည်ဟု ရခိုင်နိုင်ငံရေးသမားများက ပြောဆိုကြသည်။

ဆက်စပ် သတင်းများ