တနင်္လာ၊ ဇွန်လ ၁၇ရက်၊ ၂၀၂၄

ရခိုင်ပြည်၊သံတွဲမြို့နယ် ရွှေလှေတိုက်နယ် ရွှေလှေတံတားအောက်ရှိ လင်းသီချောင်းအတွင်း စစ်ကောင်စီတပ်ဖွဲ့ဝင်အလောင်း ၅၀ နီးပါး မျောပါနေ


  • ရေးသူ: Web Master
  • | ရက်စွဲ: ၂၄ မေ ၂၀၂၄
  • | ကြည့်ရှုသူ: 10.3k

လူထက်နိုင် (ဒွါရာမြီ)

နိရဉ္စရာ၊ မေ ၂၄ ရက်/၂၀၂၄

ရခိုင်ပြည်၊သံတွဲမြို့နယ် ရွှေလှေတိုက်နယ်၊ ရွှေလှေတံတားအောက်ရှိ လင်းသီချောင်းအတွင်းတစ်လျှောက် စစ်ကောင်စီတပ်သားအလောင်း ၅၀ နီးပါး မျောပါနေကြောင်း ဒေသခံများထံ မှသိရသည်။

အဆိုပါ စစ်ကောင်စီတပ်သား အလောင်းများသည် မေလ ၁၉ ရက်နေ့မှစတင်ကာ လင်းသီချောင်း အတွင်းတစ်လျှောက် ယနေ့အထိ မျောပါနေပြီး အနံ့ဆိုးများထွက်နေကြောင်း ကိုယ်တိုင်မြင်တွေ့ခဲ့ရသူတစ်ဦးမှ နိရဉ္စရာသို့ အတည်ပြုသည်။

“ ရွှေလှေ တံတားအနီးတစ်ဝိုက်မှာက စစ်ကောင်စီအလောင်း ၂၀ လောက်ပဲရှိတယ်။ ချောင်းကမ်းနားမှာတင်နေတာတွေ၊ရေတက်ရေကျ လင်းသီချောင်းတစ်လျှောက် မျောနေတာတွေ များတယ်။ အခုက လူသွားလူလာတွေလည်း နည်းနေတာကြောင့်လူတွေသိပ်မတွေ့ကြတာ။ အေအေက ရွာထဲက အလောင်းတွေကိုပဲ ရှင်းပေးတာလေ။ ချောင်းထဲအထိတော့ ဘယ်လုပ်ပေးနိုင်မလဲ” ဟု ကိုယ်တိုင်မြင်တွေ့ခဲ့သူ တစ်ဦးမှပြောသည်။

စစ်ကောင်စီတပ်ဖွဲ့ဝင် အလောင်းများသည် လင်းသီကျေးရွာရှိ ပြည်သူများ တူးထားသော ဗုံးခိုကျင်းများ၊ရွှေလှေတံတား အနီးရှိဆက်သွယ်ရေးတာဝါတိုင် တောင်ကုန်း၊ရေအားလျှပ်စစ် စီမံကိန်း ဆယ်မိုင်လမ်းဆုံ၊ကျောင်းကုန်းကျေးရွာရှိ တောင်ကုန်းတချို့တွင် ပျံ့ကျဲလျက်ရှိကာ ပုတ်ပွပြီး အနံ့ဆိုးများထွက်နေကြောင်း ဒေသခံများထံမှသိရသည်။

“စစ်ကောင်စီက ဘယ်ကလာ အလောင်းလာကောက်နိုင်မလဲ။ ဘယ်သူ့ အလောင်းမှန်း မသိတော့ဘူးလေ။ ရုပ်မှန်းလို့ မရတော့ဘူး။ခလရ ၅၆၆ က အကျအဆုံးများတယ်။ အေအေက အခု ရေအားဖက်လိုက်ရှင်းနေတယ်။ စစ်ကောင်စီကလဲ လက်နက်ကြီးပစ်နေတာပဲ” ဟု ဒေသခံတစ်ဦး မှပြောသည်။

ရခိုင်ပြည်၊သံတွဲမြို့ ရွှေလှေတိုက်နယ် ကျေးရွာများရှိ အာရက္ခတပ်တော်(အေအေ)နှင့် စစ်ကောင်စီတပ် တိုက်ပွဲတွင် စစ်ကောင်စီမှ ၁၀၀ ကျော်ကျဆုံးခဲ့ကာ လင်းသီကျေးရွာတိုက်ပွဲ တစ်ခုတည်းတွင် စစ်ကောင်စီဘက်မှ ၅၀ ကျော်သေဆုံးခဲ့ကြောင်း သိရသည်။

ရွှေလှေတိုက်နယ်၊ လင်းသီ၊ ကျောင်းကုန်း၊ဒေါ်မြ စသည့် ကျေးရွာများတွင် မေလ ၁၅ရက်နံနက်မှ စတင်ကာ အာရက္ခတပ်တော်(အေအေ)နှင့် စစ်ကောင်စီတပ်တို့ကြား ထိတွေ့တိုက်ပွဲပြင်းထန်ခဲ့ပြီး အာရက္ခတပ်တော်မှ ရွှေလှေ-သံတွဲလမ်းအား နတ်တောင်မော်ကျေးရွာအနီးမှ ဖြတ်တောက် ပိတ်ဆို့လိုက် သောကြောင့်တိုက်ပွဲနယ်မြေအတွင်းရှိစစ်ကောင်စီတပ်သားများနှင့် နောက်တန်း တပ်ရင်းတို့ကြား အဆက်အသွယ် ပြတ်တောက်ခဲ့ကာ အကျအဆုံးများခဲ့ကြောင်းသိရ သည်။

အာရက္ခတပ်တော်(အေအေ)နှင့် အာဏာသိမ်းစစ်ကောင်စီ တိုက်ပွဲများတွင်စစ်ကောင်စီက လေကြောင်းမှ ဗုံးကြဲခြင်း၊ ရေတပ်က လက်နက်ကြီးများဖြင့်ပစ်ခတ်ခြင်း၊ မြေပြင်မှ ဟောင်ဝစ်ဇာအမြှောက်များဖြင့် လူနေကျေးရွာများအား ပစ်မှတ်ထား တိုက်ခိုက်ခဲ့ခြင်း ပြုလုပ်ခဲ့သောကြောင့်   ဒေသခံအရပ်သား ၂၅ ဦးထက်မနည်း သေဆုံးခဲ့ရပြီးဖြစ်သည်။

ထို့အတူ နေအိမ်များ ဆုံးရှုံးခြင်းနှင့် နွား၊ဆိတ် စသည့် အိမ်မွေးတိရိစ္ဆာန်များ ဆုံးရှံးခဲ့ကြောင်းသိရသည်။

ဆက်စပ် သတင်းများ

ဆက်စပ်သတင်း မရှိပါ!!