တနင်္လာ၊ ဇွန်လ ၁၇ရက်၊ ၂၀၂၄

AA ထိန်းချုပ်နယ်မြေများတွင် စစ်ဘေးရှောင် အရေအတွက်မှာ (၅) သိန်းကျော်အထိ ရှိလာ


  • ရေးသူ: Web Master
  • | ရက်စွဲ: ၂၄ မေ ၂၀၂၄
  • | ကြည့်ရှုသူ: 555

(စစ်ဘေးရှောင်များအတွက် ဆန်၊ ဆီ၊ ဆား၊ ဆေးဝါးအပါအဝင် အမိုးအကာ အိမ်သာများ အပါအဝင်  ကလေးနှင့်အမျိုးသမီး လစဉ်သုံးပစ္စည်းများ၊ အရေးတကြီးလိုအပ်နေ)

နိရဉ္စရာ၊ မေ ၂၄/၂၀၂၄

အာရက္ခတပ်တော် (AA) ထိန်းချုပ်နယ်မြေများတွင် စစ်ဘေးရှောင် အရေအတွက်မှာ (၅) သိန်းကျော် အထိ ရောက်ရှိလာနေပြီး ၎င်းတို့အတွက်  ဆန်၊ ဆီ၊ ဆား၊ ဆေးဝါးများနှင့် အမိုးအကာ အိမ်သာများ အပါအဝင် ကလေးနှင့်အမျိုးသမီး လစဉ်သုံးပစ္စည်းများ အရေးတကြီးလိုအပ်နေကြောင်း AAယနေ့ သတင်းထုတ်ပြန်သည်။ 

ထုတ်ပြန်ချက်အထဲတွင်  ရက္ခိုင်အမျိုးသားအဖွဲ့ချုပ်/အာရက္ခတပ်တော်သည် အာရက္ခပြည်သူ၊ ပြည်သားများနှင့် အတူတကွ လက်တွဲပြီး အမျိုးသားလွတ်မြောက်ရေးတိုက်ပွဲများကို တစိုက်မတ်မတ် မရပ်မနားဆင်နွှဲလျက်ရှိပါကြောင်း၊ ဤကဲ့သို့သော တိုက်ပွဲများအတွင်း တိုက်ပွဲနှင့်နီးကပ်နေသော မြို့၊ ရွာများမှ ဒေသခံ ပြည်သူလူထုများသည် ၎င်းတို့၏ အသက်အန္တရာယ် ဘေးကင်းလုံခြုံစေရေးနှင့် တိုက်ပွဲများအတွင်း ကြားညပ်မသွားစေရေးတို့အတွက် အာရက္ခတပ်တော်မှ အလုံးစုံ ထိန်းချုပ်ထားသောနေရာများသို့ စစ်ဘေးရှောင်လာခဲ့ကြကြောင်း ဖော်ပြသည်။

ရက္ခိုင်အမျိုးသား အဖွဲ့ချုပ်/ အာရက္ခတပ်တော်သည် စစ်ဘေးရှောင် အဖြစ် ရောက်လာကြသော ပြည်သူတိုင်းကို အာရက္ခဒေသနေ ပြည်သူများအဖြစ် တန်ဖိုးထားလျက် လူမျိုးမရွေး၊ ဘာသာမရွေး မခွဲခြားဘဲ အကောင်းဆုံး ကူညီကာကွယ် စောင့်ရှောက် ပေးလျက်ရှိနေသည်ဟုလည်း ဖော်ပြသည်။

လက်ရှိအချိန်တွင် မိမိတို့၏ ထိန်းချုပ်နယ်မြေများအတွင်းသို့ ရောက်ရှိလာကြသော စစ်ဘေးရှောင် အရေအတွက်မှာ (၅) သိန်းကျော်အထိ ရောက်ရှိလာခဲ့ပြီဖြစ်ပါကြောင်း၊ ထိုအထဲတွင် ဘူးသီးတောင်နှင့် မောင်တောမြို့နယ်တို့တွင် စုစုပေါင်း (၂) သိန်းခန့်ရှိပြီး၊ ထိုအထဲမှ (၈၀) ရာခိုင်နှုန်းမှာ မူဆလင်ဖြစ်ပြီး၊ ရခိုင် နှင့် တခြားသော လူနည်းစု များမှာ (၂၀) ရာခိုင်နှုန်းခန့်ရှိသည်ဟု ဆက်လက် ဖော်ပြထားသည်။ 

အဆိုပါစစ်ဘေးရှောင်များအား မိမိတို့တွင်ရှိသော ဆန်၊ ဆီ၊ ဆား၊ ဆေးဝါး အပါအဝင် အခြေခံ အစားအစာများဖြင့် ကောင်းမွန်စွာ ကျွေးမွေးစောင့်ရှောက်ထားသော်လည်း နောက်လာမည့် ကာလများတွင် နေ့စဉ်သုံး အခြေခံအစားအစာများအပြင် ကလေးနှင့်အမျိုးသမီး လစဉ်သုံးပစ္စည်းများ၊ မကြာမီ ရောက်လာမည့် မိုးတွင်းကာလအတွက် အမိုးအကာ၊ အိမ်သာများမှာ အရေးတကြီး လိုအပ်သောပစ္စည်းများ ဖြစ်လာမည်ဖြစ်သည်ဟု ဖော်ပြသည်။

ထို့ကြောင့် အဆိုပါ အကူအညီများနှင့် လိုအပ်ချက်များအတွက် နိုင်ငံတကာအဖွဲ့ အစည်းများ၊ စေတနာရှင် အဖွဲ့အစည်းများ၊ NGO အဖွဲ့အစည်းများနှင့် စေတနာအလှူရှင်များမှ ကူညီပေးကြပါရန် အားကိုးစွာဖြင့် တိုက်တွန်းနှိုးဆော်အပ်ပါသည် ဖော်ပြထားသည်။ 

ဆက်လက်ပြီး  စစ်ရေး၊ နိုင်ငံရေး၊ ဘာသာရေး၊ အကြမ်းဖက်မှုများနှင့် ရှုပ်ထွေးလျက်ရှိသော အာရက္ခဒေသ၏ လက်ရှိ အခြေအနေကို လူအမျိုးမျိုးတို့သည် ရှုထောင့်အမျိုးမျိုးမှ ၎င်းတို့၏ အကျိုးစီးပွားအတွက် အဖြစ်အပျက်မှန်များကို မျက်ကွယ်ပြု လျစ်လျူရှုကာ လိုရာဆွဲ ပြောဆိုရေးသားနေမှုများကို ခပ်စိပ်စိပ် တွေ့မြင်လာနေရကြောင်း၊   မည်သူက မည်သို့ ပြောဆိုရေးသားနေစေကာမူ မိမိတို့သည် မိမိတို့၏ရပ်တည်ချက်နှင့် တာဝန် ဝတ္တရားများအတိုင်း ပြည်သူ့ ဝန်ဆောင်မှုအပိုင်းတွင် ကျေပွန်စွာ ထမ်းဆောင်လျက်ရှိပါသည်ဟု ထပ်လောင်းဖော်ပြထားသည်။

နိုင်ငံတကာအဖွဲ့အစည်းများ၊ သတင်းဌာနများအနေဖြင့်လည်း သတင်းတု၊ သတင်းမှားများအပေါ် အခြေခံ၍ မိမိတို့ အဖွဲ့အစည်းအပေါ် တစ်ဖက်သတ် အပြစ်တင်ပြောဆိုရေးသားနေကြမည့်အစား ပကတိ မြေပြင်အမှန်တရားကို သိရှိနားလည်အောင် ဦးစွာပြုလုပ်သင့်သည်ဟု အကြံပြုထားသည်။

အခြားတစ်ဖက်တွင် ပြည်သူလူထုများအတွက် မြေပြင်၌ အမှန်တကယ် အကာအကွယ်ပေး ဆောင်ရွက်နေသော ULA/AA နှင့် ပူးပေါင်း လုပ်ဆောင်ခြင်းကသာ အားလုံးအတွက် ပို၍ အကျိုးရှိနိုင်ပါလိမ့်မည်ဟု ဖော်ပြသည်။

ဤကဲ့သို့သော ပူးပေါင်းလုပ်ဆောင်မှုမျိုးကသာ ဒေသအတွင်း အတူနေလူမျိုးများ အချင်းချင်း အကြား၌ သဟဇာတဖြစ်ရေးနှင့် ငြိမ်းချမ်းစွာ အတူယှဉ်တွဲနေထိုင်ရေး၊ တရားမျှတမှုရရှိရေးတို့ အတွက် ကြိုးပမ်းဆောင်ရွက်နေသည်များကို အထောက်အကူပြုစေမည် ဖြစ်ပါသည်ဟုလည်း ဆိုသည်။ 

အာရက္ခဒေသအတွင်း ဖက်ဆစ် စစ်ကောင်စီ၏ ဗျူဟာ၊ တပ်မ၊ တပ်ရင်းဌာနချုပ်များအတွင်းမှ စစ်ကောင်စီတပ်ဖွဲ့ဝင်များသည် စခန်းများကိုစွန့်လွှတ်ကာ လက်နက်များဖြင့် ကိုယ်လွတ် ရုန်းထွက်ပြေးနေကြဆဲ ဖြစ်သောကြောင့် စစ်ဘေးရှောင်ပြည်သူများအနေဖြင့် ၎င်းတို့၏အန္တရာယ်ကို သတိထားကြရန်နှင့် စစ်ကောင်စီသည် စစ်ဘက်၊ အရပ်ဘက် ပစ်မှတ်မခွဲခြားဘဲ ပြည်သူလူထုများ၊ လူသူထူထပ်သောနေရာများနှင့် စစ်ဘေးရှောင်များကို လေကြောင်း၊ လက်နက်ကြီးများဖြင့် ပစ်ခတ်တိုက်ခိုက်တတ်သော အကျင့်ရှိသောကြောင့် စစ်ရေးသတိအပြည့်ဖြင့် နေထိုင်ကြရန် အလေးအနက် ထပ်မံတိုက်တွန်းလိုက်ပါသည်ဟု ထုတ်ပြန်ချက်တွင် ဖော်ပြထားသည်။


ဆက်စပ် သတင်းများ