တနင်္လာ၊ ဇွန်လ ၁၇ရက်၊ ၂၀၂၄

တောင်ကုတ်မြို့တွင် အနယ်အရပ်ရပ်မှ လူနာအများအပြား ရန်ကုန်သွားရောက် ဆေးကုသခွင့်ရရန် စောင့်ဆိုင်းနေရ


  • ရေးသူ: Web Master
  • | ရက်စွဲ: ၂၄ မေ ၂၀၂၄
  • | ကြည့်ရှုသူ: 829

ကံ့ကော်နီနီ ၊ နိရဥ္စရာ၊ မေ ၂၄ / ၂၀၂၄

ရခိုင်ပြည်၊ တောင်ကုတ်မြို့တွင် အနယ်အရပ်ရပ်မှ လူနာ ၄၀၀ ခန့် သည် ရန်ကုန်သို့ သွားရောက်ပြီး ဆေးကုသခွင့်ရရန် အတွက် စစ်ကောင်စီဆီမှ ထောက်ခံချက်ရရန် စောင့်ဆိုင်းနေရသည်ဟု  သတင်းရရှိသည်။

ရန်ကုန်သို့ဆေးကုသရန်သွားရောက်လိုသည့် လူနာတစ်ဦးသည်  မြို့နယ် ဆရာဝန်ဆေးထောက်ခံစာ၊ ခရိုင် စီမံဌာနမှ ထောက်ခံချက်များပါမှ ခရီးသွားခွင့်ရပြီး ကားလမ်းတစ်လျှောက်ရှိ စစ်ကောင်စီ စစ်ဆေးရေးဂိတ်များကလည်း အဆိုပါ ထောက်ခံစာများပါမှ ဖြတ်သန်းခွင့်ပြုသည်ဟု သိရသည်။

လက်ရှိ လူနာများမှာ အဆိုပါထောက်ခံချက်ကို ရရန် ကြာမြင့်စွာစောင့်ဆိုင်းနေရ၍ အခက်အခဲများနှင့် ကြုံတွေ့နေရကြောင်း တောင်ကုတ်မြို့ခံများက ပြောသည်။

တောင်ကုတ်မြို့ခံ လူငယ်တစ်ဦးက " အခုတောင်ကုတ်ဆေးရုံကြီးနဲ့ မြို့တွင်းနေအိမ်တွေမှာ အနယ်နယ် အရပ်ရပ်က လူနာတွေ ရန်ကုန်ကို သွားခွင့်မရလို့ ပိတ်မိနေကြတယ်။ သူတို့က ရန်ကုန်ကို ဆေးကုဖို့ သွားရမယ့် လူတွေ။ ဆရာဝန်ထောက်ခံစာတွေ၊ စီမံဌာနက ထောက်ခံချက်တွေနဲ့မှ စစ်ဆေးရေးဂိတ်က ဖြတ်ခွင့်ပြုတယ်။ အဓိကစီမံဌာနက ခွင့်ပြုချက်  မပေးဘဲ အချိန်ဆွဲနေတာမျိုးကြောင့် သူတို့ရန်ကုန်ကို မသွားနိုင်ဘဲ ပိတ်မိနေကြတာ" ဟု ပြောသည်။

လက်ရှိတောင်ကုတ်ပြည့်သူဆေးရုံနှင့် တောင်ကုတ်မြို့ခံနေအိမ်များတွင် ဆေးကုသခွင့် ထောက်ခံချက် စောင့်ဆိုင်းနေရသည့် လူနာပေါင်းအနည်းဆုံး ၄၀၀ ဝန်းကျင်ရှိနေကြောင်း နိရဥ္စရာ သတင်းဌာနကစုံစမ်းသိရှိရသည်။

" ကျွန်တော်တို့သိထားရသလောက်ကတော့ အခုဆေးရုံမှာရယ်။ လူနာတွေရဲ့ အသိမိတ်ဆွေအိမ်၊ ဆွေမျိုးအိမ်တွေမှာ လူနာလေးရာလောက်ထိ ခွင့်ပြုချက်  စောင့်နေရပြီး  မသွားနိုင်သေးဘဲ ဖြစ်နေကြတယ်" ဟု အဆိုပါတောင်ကုတ်မြို့ခံလူငယ်ကပြောသည်။

အဆိုပါလူနာရာနှင့်ချီထဲတွင် တချို့သာ ခရိုင်စီမံဌာန ထောက်ခံချက်ရရှိပြီး ရန်ကုန်သို့ သွားရောက် ဆေးကုသခွင့်ရရှိထားသေးကြောင်း တောင်ကုတ်မြို့ခံများကပြောသည်။

" တချို့ရောဂါအသည်းအသန်တွေကျတော့ တစ်ယောက်စနှစ်ယောက်စ ခွင့်ပြုချက်ရပြီး ရန်ကုန်ကို ပို့နိုင်တာမျိုးရှိတယ်လို့သိရတယ်။အများစုကတော့ မသွားရဘဲမြို့ထဲမှာပဲရှိနေကြသေးတယ်" ဟု သူက​ပြောသည်။

ယမန်နေ့ မေလ ၂၃ ရက်တွင်မူ တောင်ကုတ်ပြည်သူ့ဆေးရုံကြီးမှ လူနာတစ်ဦး ရန်ကုန်သို့ ဆေးကုခွင့်ရရှိခဲ့ကြောင်း ဆေးရုံအသိုင်းအဝိုင်းနှင့်နီးစပ်သည့် အမျိုးသမီးတစ်ဦးက ပြောသည်။

" ဆရာဝန်ထောက်ခံချက်ယူရတယ်။ ပြီးတော့စီမံဌာနကိုတင်ရတယ်။အဲဒီကခွင့်ပြုချက်ရမှ ရန်ကုန် သွားလို့ရပါတယ်။ ဒီနေ့တော့ ဆေးရုံကြီးက လူနာတယောက်သွားခွင့်ရတယ်" ဟု သူမကပြောသည်။

တောင်ကုတ်နှင့် သံတွဲကြားတွင် အာရက္ခတပ်တော်နှင့်စစ်ကောင်စီတို့ ဧပြီလ နောက်ဆုံးပတ်မှစတင်၍ တိုက်ပွဲ ပြင်းထန်ဖြစ်ပွားနေပြီး တောင်ကုတ်-သံတွဲကားလမ်းကို စစ်ကောင်စီကမြို့အဝင်အထွက် စစ်ဆေးရေးဂိတ်များဖြင့် ပိတ်ဆို့ထားသည်။

လက်ရှိတောင်ကုတ်မြို့မှ လူနာများသည် ပန်းတောင်း-တောင်ကုတ် လမ်းပိုင်းမှ တဆင့် ရန်ကုန် အပါအဝင် ပြည်မဘက်သို့ ဆေးကုန်ရန် သွားလာခွင့်ရရှိနေသော်လည်း  ကျန်းမာရေးဌာနနှင့် ခရိုင်စီမံဌာန၏ ထောက်ခံချက်များ ပါမှစစ်ဆေးရေး ဂိတ်အဆင့်ဆင့်ကို ဖြတ်သန်းသွားလာခွင့် ပြုသည်ဟု သိရသည်။

ဆက်စပ် သတင်းများ