တနင်္လာ၊ ဇွန်လ ၁၇ရက်၊ ၂၀၂၄

အားကောင်းသောမုန်တိုင်းငယ်တစ်ခု စစ်တွေမြို့၏ အနောက်တောင်ဘက် ရေမိုင် ၂၃၀ မိုင်ခန့်အကွာပင်လယ်ပြင်ကို ဗဟိုပြုဖြစ်ပေါ်နေပြီး ဆိုင်ကလုန်မိုင်တိုင်းအဖြစ် ပြောင်းလဲကာ ဘင်္ဂလားဒေ့ရှ် နှင့် အိန္ဒိယကမ်းခြေကို ဖြတ်ကျော်ဝင်ရောက်မည်။


  • ရေးသူ: Web Master
  • | ရက်စွဲ: ၂၅ မေ ၂၀၂၄
  • | ကြည့်ရှုသူ: 6k

နှင်းနွယ်နီ

နိရဥ္စရာ၊ မေ ၂၅/၂၀၂၄

မိုးလေဝသနှင့်ဇလဗေဒညွှန်ကြားမှုဦးစီးဌာန​၏ ယနေ့ မေ ၂၅ ရက်နံနက် ၉ နာရီခွဲအချိန် ထုတ်ပြန်ချက်အရဘင်္ဂလားပင်လယ်အော် အရှေ့အလယ်ပိုင်းတွင် ဖြစ်ပေါ်နေသော မုန်တိုင်းငယ်(Depression) သည် မြောက်-အရှေ့မြောက်ဘက်သို့ ရွေ့လျားခဲ့ပြီး၊ အားကောင်းသော မုန်တိုင်းငယ်(Deep Depression)အဖြစ်သို့ ရောက်ရှိခဲ့ကာ ရခိုင်ပြည်နယ် စစ်တွေမြို့၏ အနောက်တောင် ဘက် ရေမိုင် ၂၃၀ မိုင်ခန့်အကွာ ပင်လယ်ပြင်ကို ဗဟိုပြုနေသည်ဟု သိရှိရသည်။

အဆိုပါ အားကောင်းသော မုန်တိုင်းငယ်(Deep Depression)သည် မြန်မာနိုင်ငံ၊ ကိုကိုးကျွန်းမြို့၏အနောက်မြောက်ဘက် ရေမိုင် ၃၀၅ မိုင် ခန့်၊ ဟိုင်းကြီးကျွန်းမြို့၏ အနောက်-အနောက်မြောက်ဘက် ရေမိုင်၂၈၅ မိုင်ခန့်၊ သံတွဲမြို့၏ အနောက်-အနောက်တောင်ဘက် ရေမိုင် ၂၇၀ မိုင်ခန့်၊ စစ်တွေမြို့၏အနောက်တောင် ဘက် ရေမိုင် ၂၃၀ မိုင်ခန့်၊ ဘင်္ဂလားဒေ့ရှ်နိုင်ငံ၊ ခီပူပါရာမြို့၏ တောင်ဘက် ရေမိုင် ၂၅၀မိုင်ခန့်၊ အိန္ဒိယနိုင်ငံ၊ အနောက်ဘင်္ဂလားပြည်နယ်၊ ဆာဂါကျွန်း၏ တောင်-အရှေ့တောင်ဘက် ရေမိုင် ၂၅၀မိုင် ခန့်နှင့် ကန်နင်းမြို့၏ တောင်-အရှေ့တောင်ဘက် ရေမိုင် ၂၇၅ မိုင်ခန့်အကွာ ပင်လယ်ပြင်ကို ဗဟိုပြုနေပါသည်ဟု ထုတ်ပြန်ချက်တွင် ဖော်ပြထားသည်။

အားကောင်းသောမုန်တိုင်းငယ်၏ လက်ရှိအခြေအနေမှာ မြန်မာနိုင်ငံဘက်သို့ ဦးတည်ရွေ့လျားမည့်အခြေအနေမရှိသဖြင့် အဝါရောင်အဆင့် သတ်မှတ်ထားသည်ဟု ဆိုသည်။ အားကောင်းသောမုန်တိုင်းငယ်သည် မြောက်ဘက်သို့ ရွေ့လျားနိုင်ပြီး၊ နောက်(၁၂)နာရီအတွင်း ဘင်္ဂလားပင်လယ်အော်အရှေ့အလယ်ပိုင်းနှင့် ယင်းနှင့် ဆက်စပ်လျက်ရှိသော ဘင်္ဂလားပင်လယ်အော်မြောက်ပိုင်းတို့တွင် ပိုမိုအားကောင်း လာနိုင်ကာ ဆိုင်ကလုန်းမုန်တိုင်း(Cyclonic Storm)အဖြစ်သို့ ရောက်ရှိနိုင်သည်ဟု ထုတ်ပြန်ထားသည်။

ထို့နောက် မြောက်ဘက်သို့ ဆက်လက်ရွေ့လျားနိုင်ပြီး မေလ ၂၆ ရက် နံနက်ပိုင်းတွင် ဘင်္ဂလားပင်လယ်အော်အနောက်မြောက်ပိုင်းနှင့် ယင်းနှင့်ဆက်စပ် လျက်ရှိသော ဘင်္ဂလားပင်လယ်အော်အရှေ့မြောက်ပိုင်းတို့တွင် အားကောင်းသော ဆိုင်ကလုန်းမုန်တိုင်း(Severe Cyclonic Storm) အဖြစ်သို့ ရောက်ရှိကာ  မေလ ၂၆ ရက်ညပိုင်းတွင် ဘင်္ဂလားဒေ့ရှ်နိုင်ငံ၊ ခီပူပါရာမြို့နှင့် ယင်းနှင့် ဆက်စပ်လျက်ရှိသောအိန္ဒိယနိုင်ငံ၊ အနောက်ဘင်္ဂလားပြည်နယ်ကမ်းခြေ၊ ဆာဂါကျွန်း တို့အကြားမှ ဖြတ်ကျော်နိုင်သည်ဟု ခန့်မှန်းထားသည်။

အားကောင်းသောမုန်တိုင်းငယ်၏အရှိန်ကြောင့် ရခိုင်ပြည်နယ်နှင့် တခြား တိုင်းဒေသကြီးနှင့် ပြည်နယ်များတွင် နေရာစိပ်စိပ်မှ နေရာအနှံ့အပြား မိုးထစ်ချုန်းရွာခြင်း၊ ဒေသအလိုက်နှင့် နေရာကွက်၍ မိုးကြီးခြင်းများနှင့်အတူ လေပြင်းတိုက်ခတ်ခြင်းများဖြစ်ပေါ်နိုင်သည်ဟု သိရသည်။

မြစ်ဝကျွန်းပေါ်၊ ရခိုင်ကမ်းရိုးတန်း တစ်လျှောက်နှင့် ကမ်းလွန်ပင်လယ်ပြင်တို့တွင် မကြာခဏ မိုးသက်လေပြင်းများ ကျရောက်ပြီး လှိုင်းအလွန်ကြီးမည်ဖြစ်ကာ မိုးသက်လေပြင်းကျစဉ် ရေပြင်/ မြေပြင်လေသည်မေလ ၂၅ ရက်နှင့် ၂၆ ရက်အတွင်း တစ်နာရီလျှင် မိုင် ၅၀ မှ မိုင် ၆၀ အထိ တိုက်ခတ်နိုင်ပြီး၊ လှိုင်းအမြင့်မှာ၁၃ ပေမှ ၁၈ ပေခန့် ရှိနိုင်သည်ဟု မိုးလေဝသနှင့် ဇလဗေဒညွှန်ကြားမှုဦးစီးဌာနက ယနေ့ နံနက် ၁၀ နာရီအချိန်တွင် အသိပေးထုတ်ပြန်ထားသည်။

ဆက်စပ် သတင်းများ

ဆက်စပ်သတင်း မရှိပါ!!