တနင်္လာ၊ ဇွန်လ ၁၇ရက်၊ ၂၀၂၄

စစ်တွေရွှေစေတီကျောင်းမှ စစ်တွေမှတ်ပုံတင်ကိုင်ဆောင်သူများ မဟုတ်သည့် စစ်ဘေးရှောင်အမျိုးသား ၄၀ ဦးကို စစ်ကောင်စီဖမ်းဆီး


  • ရေးသူ: Web Master
  • | ရက်စွဲ: ၂၅ မေ ၂၀၂၄
  • | ကြည့်ရှုသူ: 5.6k

မောင်စာဂ/ နိရဉ္စရာ၊ မေ ၂၅/ ၂၀၂၄

ရခိုင်ပြည်နယ်၊ စစ်တွေမြို့ရှိ ရွှေစေတီဘုန်းတော်ကြီးကျောင်းမှ စစ်တွေမှတ်ပုံတင် ကိုင်ဆောင်သူများ မဟုတ်သည့် စစ်ဘေးရှောင်အမျိုးသား အယောက် ၄၀ ကို စစ်ကောင်စီတပ်က ဝင်ရောက်ဖမ်းဆီးသွားကြောင်း သိရသည်။

မေလ ၂၄ ရက်၊ ညဥ့် ၁ နာရီခွဲတွင် စစ်ကောင်စီတပ်ဖွဲ့ဝင်များ၏ လာရောက်ဖမ်းဆီးခြင်းကို ခံလိုက်ရခြင်းဖြစ်သည်ဟု ရွှေစေတီဘုန်းတော်ကြီးကျောင်းနှင့်နီးစပ်သူတစ်ဦးက နိရဥ္စရာကို ပြောသည်။

"မြောက်ဦး၊ ပေါက်တော၊ ရသေ့တောင် အဲဒီမှတ်ပုံတင်ရှိသူတွေကို ရွေးပြီးခေါ်သွားတာ။ အယောက် ၄၀"ဟု ပြောသည်။

အဆိုပါဘုန်းတော်ကြီးကျောင်းတွင် အနယ်နယ်အရပ်ရပ်မှ စစ်ဘေးရှောင်များနှင့် လုပ်ကိုင်စားသောက်ရကျပ်တည်း၍ ဝင်ရောက်နေထိုင်ကြသူ စုစုပေါင်း ဦးရေ ၄၀၀ ခန့်ရှိပြီး ယင်းအထဲမှ ဖမ်းဆီးသွားခြင်းဖြစ်သည်။

ယခုဖမ်းဆီးခံရသူများထဲတွင် အသက် ၁၈ နှစ်မှ ၄၀ နှစ်ကြား ပါဝင်သည်ဟု ဆိုသည်။

အဆိုပါကျောင်းနှင့်နီးစပ်သူနောက်တစ်ဦးကမူ ယခုဖမ်းဆီးခံရသူများသည် စစ်ဘေးရှောင်ရင်း ပန်းရံအလုပ်ဝင်လုပ်နေကြသူများဖြစ်ပြီး ဧည့်စာရင်းအကြောင်းပြ ဖမ်းဆီးခံလိုက်ရခြင်း ဖြစ်သည်ဟု ပြောသည်။

စစ်တွေတွင် ယခုနောက်ပိုင်း စစ်တွေမှတ်ပုံတင် စတန(နိုင်)ကိုင်ဆောင်သူမဟုတ်သူများကို စစ်ကောင်စီက ဖမ်းဆီးမှုကြမ်းလာနေသည်ဟု သိရသည်။

ပြီးခဲ့သည့်ရက်ပိုင်းကလည်း ရွှေစေတီဘုန်းတော်ကြီးကျောင်းအပါအဝင် စစ်တွေရှိ အခြားဘုန်းတော်ကြီးကျောင်း ၁၀ ကျော်တွင် နေထိုင်ကြသည့် စစ်ဘေးရှောင်များ၊ ကျောင်းနေ ကိုယ်ရင်အချို့နှင့် သံဃာတော်အချို့ကို စစ်ကောင်စီတပ်က ဖမ်းဆီးသွားခဲ့သည်ဟု ဒေသခံများက ပြောသည်။

ယင်းအနက် တစ်ဦးလျှင် ကျပ် ၂ သိန်းပေးနိုင်သူများမှာ ပြန်လည်လွတ်မြောက်လာကြပြီး မပေးနိုင်သူများမှာ လက်ရှိအချိန်ထိ ဖမ်းဆီးချုပ်နှောင်ခံနေရဆဲဟု သိရသည်။

ရခိုင်ပြည်တွင် တိုက်ပွဲစဖြစ်သည့် ၂၀၂၃ ခုနှစ်၊ နိုဝင်ဘာ ၁၃ ရက်မှ ၂၀၂၄ ခုနှစ်၊ မတ်လ ၂၁ ရက်အထိ လေးလကျော်အတွင်း အရပ်သား ၄၇၁ ဦးကို စစ်ကောင်စီက ဖမ်းဆီးထားပြီး ၎င်းတို့ထဲတွင် အမျိုးသား ၄၂၄ ဦး၊ အမျိုးသမီး ၄၇ ဦးနှင့် မွတ်ဆလင်များလည်း ပါဝင်ကြောင်း အာရက္ခတပ်တော်(AA)၏ လူသားချင်းစာနာထောက်ထားရေးနှင့် ဖွံ့ဖြိုးရေးဆိုင်ရာ ပူးပေါင်းဆောင်ရွက်ရေးရုံး (HDCO)က ထုတ်ပြန်ထားသည်။

ဆက်စပ် သတင်းများ