တနင်္လာ၊ ဇွန်လ ၁၇ရက်၊ ၂၀၂၄

စစ်တွေတွင် စစ်ဘေးရှောင်သူ အမျိုးသမီး ၂ ဦးအပါအဝင် ၄ ဦးကို စစ်ကောင်စီဖမ်းဆီး


  • ရေးသူ: Web Master
  • | ရက်စွဲ: ၂၅ မေ ၂၀၂၄
  • | ကြည့်ရှုသူ: 1.4k

မောင်စာဂ၊ နိရဥ္စရာ၊ မေ ၂၅/ ၂၀၂၄

ရခိုင်ပြည်နယ်၊ စစ်တွေမြို့မှ စစ်ဘေးရှောင်ရန် တိတ်တဆိတ်ထွက်ခွာလာသည့် ဒေသခံ အမျိုးသမီး ၂ ဦးအပါအဝင် ၄ ဦးသည် စစ်ကောင်စီထံ ဖမ်းဆီးခံလိုက်ရသည်ဟု သိရသည်။

ဖမ်းဆီးခံလိုက်ရသူများမှာ စစ်တွေမြို့နယ်၊ ပိုက်ဆိပ်ကျေးရွာမှ လှေသမား ဦးမောင်မြဝင်း (၄၅)နှစ်၊ စစ်တွေမြို့နယ်၊ ကြွီတဲကျေးရွာမှ ဦးမောင်သန်းလှ (၃၃)နှစ်နှင့် ဒေါ်စိုးစိုး (၃၆)နှစ်၊ စစ်တွေမြို့နယ်၊ ကျောက်တန်းကြီးကျေးရွာမှ ဒေါ်မမခင် (၄၃)နှစ်တို့ဖြစ်ကြသည်။

သူတို့သည် မေလ ၂၄ ရက်၊ ည ၁၁ နာရီခန့်တွင် စစ်တွေမြို့မှတဆင့် စစ်ဘေးရှောင်ရန်  ထွက်ခွာလာကြစဥ် စစ်တွေမြို့နယ်၊ ပါဒလိပ်ရွာတွင် ထိုင်နေကြသည့် စစ်ကောင်စီ တပ်ဖွဲ့ဝင်များက ပါဒလိပ်ဆိပ်ကမ်းအနီးတွင် သေနတ်ပစ်ဖောက်ကာ ဖမ်းဆီးသွားခြင်း ဖြစ်သည်ဟု သူတို့နှင့်နီးစပ်သူတစ်ဦးက ပြောသည်။

"သူတို့က စစ်တွေကနေ ပါဒလိပ်ကို ကားတစ်တန်၊ ဆိုင်ကယ်တစ်တန်နဲ့လာတာပါ။ ပါဒလိပ်ကနေ ပါဒလိပ်ဆိပ်ကမ်းကို ခြေနဲ့လမ်းလျှောက်သွားချိန်မှာ အဖမ်းခံလိုက်ရတာပါ"ဟု ပြောသည်။

သူတို့ကို မည်သည့်နေရာသို့ခေါ်ဆောင်သွားသည်ကိုမသိရဘဲ ယနေ့ မေလ ၂၅ ရက်အထိ ပြန်လည်လွတ်မြောက်လာခြင်းမရှိသေးဟု သိရသည်။

AA ဝင်ရောက်သိမ်းမည်ကိုကြောက်လန့်၍ စစ်တွေမြို့ကို အကြီးမားဆုံးခံတပ်မြို့အဖြစ် စစ်ကောင်စီက ပြင်ဆင်ထားပြီး လေကြောင်းလမ်းမှအပ မြို့ဝင်မြို့ထွက် လမ်းကြောင်းများအားလုံးကိုလည်း စစ်ကောင်စီက ပိတ်ဆို့ထားသည်ဟု ​ဒေသခံများက ပြောသည်။

မြို့အဝင်အထွက်ဂိတ်များရှိ ကုန်းလမ်းများတွင် မြေမြှုပ်မိုင်းများနှင့် ရေလမ်းများတွင် ရေမြှုပ်မိုင်းများကို ထောင်ထားသည်ဟုလည်း သိရသည်။

လက်ရှိတွင် စစ်တွေမြို့၌ AA နှင့် စစ်ကောင်စီတပ်တို့ နှစ်ဘက်တိုက်ပွဲဖြစ်ပွားမည်ကိုစိုးရိမ်၍ နေရပ်စွန့်ခွာနေသူအများအပြားရှိနေပြီး အချို့မှာ စစ်ကောင်စီထောင်ထားသည့် မိုင်းများ ပေါက်ကွဲ၍ သေဆုံးဒဏ်ရာရမှုများလည်းရှိနေသည်ဟု သိရသည်။

ဆက်စပ် သတင်းများ