တနင်္လာ၊ ဇွန်လ ၁၇ရက်၊ ၂၀၂၄

စစ်ရေးတင်းမာနေသည့် မောင်တောတွင် AA ဝင်ရောက်လာပါက ဒရုန်းဖြင့် ခုခံတိုက်ခိုက်ရန် စစ်ကောင်စီ ပြင်ဆင်စမ်းသပ်နေ


  • ရေးသူ: Web Master
  • | ရက်စွဲ: ၂၆ မေ ၂၀၂၄
  • | ကြည့်ရှုသူ: 4.4k

နောင်မင်းသူ၊ နိရဉ္စရာ၊ မေ ၂၆ ရက်/၂၀၂၄

စစ်ရေးတင်းမာနေသည့် ရခိုင်အ​နောက်ဘက်နယ်စပ် မောင်တောမြို့တွင်းသို့ အာရက္ခတပ်တော် (AA) တပ်ဖွဲများ ဝင်ရောက်လာပါက ဒရုန်းများဖြင့် ဗုံးချတိုက်ခိုက်ရန်  စစ်ကောင်စီမှ ကြိုတင်ပြင်ဆင် စမ်းသပ်မှုများ ပြုလုပ်နေကြောင်း မျက်မြင်ဒေသခံ မွတ်ဆလင်များထံမှသိရသည်။

" မေလ ၂၅ ရက် နေ့ မနက်က စမ်းသပ်တာပါ။ မောင်တောမြို့အတွင်းကို အေအေ တပ်သားတွေ ဝင်လာလို့ရှိယင် ဒရုန်းနဲ့ တိုက်ခိုက်နိုင်ဖို့ ပြင်ဆင်ပုံရပါတယ်။ စစ်ကောင်စီက မနေ့ မနက်မှာ ပြင်ဆင် စမ်းသပ်မူတွေ လုပ်ပြီး လက်‌‌တွေ့ဗုံးချ စမ်းသပ်နေကြတာကို တွေ့ရပါတယ်"ဟု မျက်မြင်မွတ်ဆလင် တစ်ဦးက ပြောဆိုသည်။

မောင်တောမြို့ အနီးပတ်ဝန်းကျင်ကို အာရက္ခတပ်တော်က ဝိုင်းဝန်းပိတ်ဆို့ထားပြီး စစ်ကောင်စီ တပ်ကလည်း သူတို့ လက်နက်တပ်ဆင်ပေးထားသည့် မွတ်ဆလင်လင်အင်အား ၁၀၀၀ ကျော်ခန့်နှင် စစ်အင်အားကို လူနေရပ်ကွပ်များတွင် ဖြန့်ခွဲကာ ခံစစ်ဖြင့် ခုခံရန် ပြင်ဆင်နေသည်ဟု သိရသည်။

၎င်းပြင် စစ်ကောင်စီသည် မောင်တောမြို့အား တပ်မ (၂၂)မှ စစ်သားများဖြင့် ထပ်မံ အင်အား ဖြည့်တင်းထားပြီး လက်နက်ကြီးများကိုလည်း အဓိကအားဖြင့် ကညင်ချောင်းစီးပွားရေးဇုန်နှင့် မောရ၀တီဗျူဟာတို့တွင် ဖြည့်တင်းထားကာ ဒရုန်းစမ်းသပ်မှုများကိုလည်း ပြုလုပ်သည်ဟု ဒေသခံများက ပြောကြားသည်။

ရွှေဇားကျေးရွာမှ မျက်မြင်မွတ်ဆလင်တစ်ဦးက " မနေ့က မနက် ၅ နာရီလောက်မှာ စစ်တပ်က ကား ၂ စီးနဲ့ ရွှေဇားတံတားစစ်ဆေးဂိတ်ကို ရောက်လာကြတယ်။ လမ်းတွေကိုပိတ်လိုက်တယ်။ လူသွားလူလာ မပြုလုပ်စေဘူး။ မနက် ၆ နာရီကျော်လောက်မှာ သူတို့မှာပါလာတဲ့ ဒရုန်းတွေကို ရွှေဇားကျေးရွာ အုပ်စုက ကျေးရွာတွေကို လွင့်တင်ကြပြီး ကြိုတင်စမ်းသပ်‌ မောင်းနှင်းကြတယ်။ ရွှေဇားကပ္ပကောင်း ကျေးရွာနဲ့ ဟိန္ဒူကျေးရွာကြားကို ဒရုန်နဲ့ဗုံးတစ်လုံးချပြီးလက် တွေစမ်းသပ်တယ်။ ရေကန်အနီးမှာ ကျပေါက်တယ်။ ထိခိုက်မှုတော့ ဘာမှမရှိဘူး"ဟု ပြောဆိုသည်။

အာရက္ခတပ်တော်သည် မောင်တောမြို့အား တိုက်ခိုက်နိုင်ခြေရှိနေပြီး စစ်ကောင်စီကလည်း လူနေထူထပ်သည့် ရပ်ကွက်များအတွင်း တပ်ဖွဲ့လိုက် ဖြန့်ခွဲ နေရာယူထားသဖြင့် တိုက်ပွဲ ဖြစ်ပွားလာပါက အရပ်သားများ ထိခိုက်မည်ကိုလည်း ဒေသခံပြည်သူများက စိုးရိမ်နေကြသည်။

စစ်ကောင်စီသည် မောင်တောမြို့နယ် မြောက်ပိုင်းမှ အရေးပါသည့် ကြိမ်ချောင်း၊ ကျီးကန်းပြင် ဌာနချုပ်နှင့် လှဖိုးခေါင် နခခ(၁၀)နယ်ခြားစောင့်စခန်းများအပါအဝင် ဒါဇင်နှင့်ချီသော စစ်စခန်းများကို လက်လွှတ်ဆုံးရှုံးခဲ့ရပြီးနောက် မောင်တောမြို့ကို သိမ်းပိုက်မခံရရန် နည်းမျိုးစုံဖြင့် ကြိုစား ပြင်ဆင်နေသည်ဟု သိရသည်။

မြို့တွင်းသို့ ဝင်ရောက်နိုင်သည့် အရေးပါသည့် တံတား ၄ စင်းကိုလည်း အေအေမှ အသုံးပြုပြီး မြို့တွင်းထဲသို့ ဝင်ရောက်မလာနိုင်ရန် စစ်ကောင်စီမှ မိုင်းခွဲဖျက်ဆီးခဲ့သည်။ သို့အတွက် မေလ ၉ ရက်နံနက်မှ စပြီး ယနေ့ အထိ မောင်တောမြို့အဝင်/အထွက် လမ်းများမှာ ပိတ်ဆို့ခံထားရသည်ဟု ဆိုသည်။ 

မောင်တောသို့ ရေကြောင်းဖြင့် စစ်အင်အားဖြည့်တင်းလာရာ၌ စစ်ကောင်စီ၏ ဒရုန်းတပ်ဖွဲ့ပါ လိုက်ပါလာပြီး မောင်တောမြို့ မြို့မအားကစားကွင်း၌ စခန်းချထားကြောင်း၊ အာရက္ခတပ်တော် အေအေ တပ်ဖွဲများ မြို့တွင်းသို့ ဝင်ရောင်လာနိုင်သည့် လမ်းကြောင်များအားလည်း  ဒရုန်းများ လွင့်တင်ကာ ကြိုတင်အစမ်းဗုံးချခြင်းများကို ပြုလုပ်လျှက်ရှိကြောင်း သိရသည်။(ပုံစာ- ရွှေဇားသို့ သွားရာလမ်း)

ဆက်စပ် သတင်းများ