တနင်္ဂနွေ၊ စက်တင်ဘာလ ၈ရက်၊ ၂၀၂၄

ပုဏ္ဏားကျွန်းမြို့ရှိ စစ်ဘေးရှောင်များတွင် အရေးပေါ်အမိုးအကာများ လိုအပ်နေ


  • ရေးသူ: Web Master
  • | ရက်စွဲ: ၂၇ မေ ၂၀၂၄
  • | ကြည့်ရှုသူ: 831

စောရှင်မေ၊ နိရဉ္စရာ၊ မေ ၂၇/ ၂၀၂၄

ရခိုင်ပြည်၊ ပုဏ္ဏားကျွန်းမြို့၌ ယခုရက်ပိုင်းအတွင်းမိုးရွာသွန်းနေသည့်အတွက် စစ်ဘေးရှောင်စခန်းများတွင် အရေးပေါ်အမိုးအကာများအကူအညီလိုအပ်နေကြောင်း စစ်ဘေးရှောင်များက နိရဥ္စရာကိုပြောသည်။

"အခုက မိုးတွေရွာလာပြီ။ မနက်မိုးရွာရင် ထမင်းချက်စားရတာအဆင်မပြေဘူး။ ညအချိန် မိုးရွာလည်းမအိပ်ရဘူး။ နည်းနည်းခိုလှုံလို့ရတဲ့ အိမ်တွေမှာ ကပ်ခိုနေကြရတယ်။ မိုးရွာ၊ လေတိုက်တော့ တာပေါ်လင်တွေ အကုန်လန်ကုန်ပြီ။ ကူညီကယ်ဆယ်ရေးပေးတာတွေလည်း လုံးဝမရသေးပါဘူး။ စားသောက်ဖို့တောင်အဆင်မပြေတာ။ အမိုးအကာအတွက်ဝယ်နိုင်ဖို့ လုံးဝမတတ်နိုင်ကြပါဘူး " ဟု မြတ်လေးစစ်ဘေးရှောင်စခန်းတာဝန်ခံ ဦးအောင်မြင့်က နိရဉ္စရာကို ပြောသည်။

အဆိုပါစစ်ဘေးရှောင်စခန်းကို ပြီးခဲ့သည့် ၂၀၁၉ ခုနှစ်ကတည်ထားခဲ့ပြီး လက်ရှိတွင် စစ်တွေ၊ ကျောက်တော်၊ ပုဏ္ဏားကျွန်းနှင့် မောင်တောမြို့နယ်တို့မှ အိမ်ထောင်စု ၁၃၀ ကျော်နေထိုင်ကြကာ လူဦးရေ ၇၀၀ ကျော်ခန့်ရှိသည်ဟု ဦးအောင်မြင့်က ပြောသည်။

ယခုရက်ပိုင်းအတွင် မိုးရွာသွန်းမှုများရှိလာ၍ မိုးသက်လေပြင်းများကျရောက်သည့်အခါ တာပေါ်လင်များနှင့် ကောက်ရိုးမျှင်များဖြင့် အုပ်မိုး၍ကာထားသည့်အိမ်အမိုးများမှာ လေဖြင့်လွင့်ထွက်သွားသည်ဟုလည်း ပန်းနီလာစစ်ဘေးရှောင်စခန်းမှတာဝန်ခံ မမြသန်းအေးက ပြောသည်။

"မိုးရွာတော့ နေထိုင်လို့အဆင်မပြေဘူး။ အပေါ်ကမိုးရွာချရင် အောက်ကိုအကုန်စီးကျတော့ အကုန်လုံးက ရေအိုင်တင်နေတယ်။ ညဘက်ဆို မိုးရွာရင် လုံခြုံတဲ့နေရာကို ဝင်ခိုရတယ်။ ကလေးတွေ၊ သက်ကြီးရွယ်အိုတွေနဲ့ဆို ပိုဆိုးကြတာပေါ့။ အခက်အခဲတွေက စားသောက်ဖို့တောင် ကြပ်တည်းနေတဲ့အချိန်မှာ ကိုယ်ထူကိုယ်ထ အမိုးအကာတွေဝယ်ဖို့က မတတ်နိုင်ကြဘူး" ဟုပြောသည်။

ပန်းနီလာစစ်ဘေးရှောင်စခန်းတွင် မေလ တတိယအပတ်က တာပေါ်လင်စ ၆ ထောင်ပတ်လည် ထောက်ပံ့လှူဒါန်းမှုရှိခဲ့သော်လည်း အိမ်ထောင်စု ၅ စုသာ ရရှိခဲ့သည်ဟုလည်း သူမက ဆက်ပြောသည်။

"လာလှူတဲ့သူတွေကလည်း အကုန်လုံးအတွက် မလောက်လို့ဆိုပြီး လုံးဝအဆင်မပြေတဲ့ အိမ် ၅ ဆောင်အတွက်လှူခဲ့တယ်။ အမိုးအကာအတွက်ကတော့ အကုန်လုံးလိုအပ်နေကြတာပါ။ တတ်နိုင်သလောက် အမိုးအကာအတွက် ထောက်ပံ့ပေးဖို့တောင်းဆိုချင်ပါတယ် " ဟုပြောသည်။

အဆိုပါစစ်ဘေးရှောင်စခန်းကို ပုဏ္ဏားကျွန်းမြို့ပေါ်မှ ရွာဟောင်း၊ မြို့သစ်နှင့် စံပြရပ်ကွက်တို့မှ နေထိုင်ကြပြီး၊ ပြီးခဲ့သည့် ၂၀၂၃ ခုနှစ် နိုဝင်ဘာလတွင်တည်ထားခဲ့ကာ အိမ်ထောင်စု ၈၅ စုရှိကာ လူဦးရေ ၃၀၇ ဦးနေထိုင်ကြသည်။

ပုဏ္ဏားကျွန်းမြို့နယ်တွင် မြတ်လေး၊ ပန်းနီလာ၊ သရက်ချို၊ အောင်ဖြူပြင်၊ ကြံခင်းနှင့် ကဏန်းတောင်စသည့်ကျေးရွာများရှိ စာသင်ကျောင်း၊ ဘုန်းကြီးကျောင်း နှင့် လမ်းဘေးတို့တွင် ယာယီတဲထိုးကာ စစ်ဘေးရှောင်များ ခိုလှုံနေထိုင်လျက်ကြသည်။

ဆက်စပ် သတင်းများ